တိုက်ပွဲတွေကြောင့် ရခိုင်ဒုက္ခသည်ရာချီတိမ်းရှောင်

တိုက်ပွဲတွေဖြစ်ပွားသည်နေရာ

ရခိုင်လက်နက်ကိုင်တပ် AA တပ်ဖွဲ့တွေနဲ့ မြန်မာ စစ်တပ်ကြား သင်္ကြန်ကာလ ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အခုအချိန်ထိ ဆက်ဖြစ်ပွားနေတယ်လို့ ရခိုင်တပ်ဘက်က ပြောဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည် ၁ ထောင်နီးပါးလောက်ကိုလည်း ယာယီ ခိုလှုံရေး စခန်းဖွင့် ကယ်ဆယ်ထားရပါတယ်။ တိုက်ပွဲတွေ ငြိမ်းအေးရေး အတွက် နိုင်ငံရေး အရ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးလိုအပ်တယ်လို့လည်း ရခိုင် လက်နက်ကိုင် တပ်ဘက်က ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ပြီးခဲ့တဲ့ ရက်တွေက စလို့ ထိပ်တိုက် တိုက်ပွဲတွေ မရှိပေမယ့် ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား၊ ပုဏ္ဏားကျွန်းမြို့နယ် အနီးက တောင်တန်းတွေပေါ်မှာတော့ နှစ်ဘက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ကြိုကြား ပစ်ခတ်နေတယ်လို့ ရခိုင် လက်နက်ကိုင်တပ် AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က ပြောပါတယ်။

“ဒီနေ့လက်ရှိအခြေအနေကတော့ တိုက်ပွဲကတော့ နည်းနညးငြိမ်နေတယ်။ ဒါပေမယ့်လို့ မြန်မာ့တပ်မတော်ဘက်ကနေ အရင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ကြိုကြား ကြိုကြား ပစ်နေတာတွေရှိတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားက အဲဒီ လောရမတောင်လှမ်းတလျှောက်ရယ် ၊ နောက်ပြီးလို့ရှိရင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက နတ်သရွေး ရွာတဝိုက်ပေါ့ အဲဒီတောင်တန်းတွေမှာဖြစ်နေတာ။ ဆိုတော့ တိုက်ပွဲဖြစ်ခါစတော့ လွန်ခဲ့တဲ့ ၁၆ ရက်နေ့ကတည်းကနေဖြစ်နေတာပေါ့လေ။”

ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေကတော့ ဧပြီလ ၁၆ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နှစ်ဘက် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့ တပ်မတော်ဘက်က ယာယီ တပ်ရင်းမှူး တဦးနဲ့ စစ်သည်တချို့ ကျဆုံးတယ်လို့လည်း မြန်မာ့ တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေအတွင်း ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေကြောင့် စစ်ရှောင် ဒုက္ခသည် ၁ ထောင်နီးပါးကိုလည်း စောင့်ရှောက်ထားရပါတယ်။ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင် ကတော့ စစ်ရှောင်တွေ အခြေအနေကို အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်လာရတာ အားလုံးပေါင်း ၃ နေရာပေါ့လေ။ စုစုပေါင်း အိမ်ထောင်စုက ၉၂ စု ၊ လူဦးရေ ၄၂၈ ယောက်ပါ။ သူတို့စားလို့သောက်လို့ရအောင် အကုန်လုံးဆန်အိတ်တွေရော ၊ ခေါက်ဆွဲခြောက်တွေရော၊ ကျနော်တို့ နို့မှုန့်တွေရော အကုန်စီစဉ်ပေးတာပေါ့လေ။ ဒီနေ့လည်း အစိုးရအဖွဲ့ကနေ ဝန်ကြီး ၂ ယောက် သူတို့ တအိမ်ထောင်ကို ဆန် ၊ ဆီ အဲလိုမျိုးကျနော်တို့ အကုန်လုံးသုံးဖို့အတွက်လည်း တအိမ်ထောင်ကို ၁၂ ပြည်နှုန်းနဲ့ ၊ အိမ်ထောင်စုတစုကို တအိတ်နှုန်းနဲ့ ထောက်ပံ့တာပေါ့လေ။ ဆီ ၁ ပိဿာနှုန်းနဲ့”

ဘူးသီးတောင်မြို့နယ်မှာလည်း စစ်ရှောင် ဒုက္ခသည်တွေကို စောင့်ရှောက်ထားရပါတယ်။ အုပ်ချုပ်ရေးမှူး ဦးတင်လတ်က အခုလို ပြောပါတယ်။

“ဘယ်လောက်လောက်ရှိသလဲဆိုတော့ အိမ်ထောင်စုက ၁၁၂၊ လူဦးရေက ၄၈၉ ။ လုံလောက်တယ်ဆိုတာက အခု ၁၅ ရက်စာကတော့ လုံလောက်နေပြီ လှူထားတဲ့ဟာတွေနဲ့ ။ ရွာအလိုက်လည်းလှူတယ်။ ကျနော်တို့အစိုးရအဖွဲ့လည်းထောက်ပံ့တယ်။ ဘူးသီးတောင်နဲ့ မောင်းတောနဲ့ ထွေအုပ်ကလည်းသွားထောက်ပံ့ထားတယ်။ သဘာကတော့ သူတို့ သေနတ်သံတွေကြားပြီးတော့ ကြောက်ပြီးတော့ ခဏလာကြတာပေါ့နော်။”

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ်ထဲကို အခြေချလာတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ဟာ ဖွဲ့စည်းခဲ့တာ ၇ နှစ် အတွင်း ရောက်ရှိလာပြီ ဖြစ်ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်မှာလည်း ပါဝင်ဆွေးနွေးခဲ့တာ ရှိပေမယ့် နောက်ပိုင်း အပစ်အခတ် ရပ်စဲရေးမှာတော့ အရင် မြန်မာ အစိုးရဘက်က AA ကို တိုင်းရင်းသား လက်နက်ကိုင် အဖြစ် အသိအမှတ် မပြုပါဘူး။ သောင်းကျန်သူ အဖွဲ့ အဖြစ် သုံးနှုန်းထားတာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာလည်း ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ AA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု အဖြစ် လက်သင့်ခံမလား လက်သင့် မခံဘူးလား ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းဆောင်ရွက်မလဲ ဆိုတဲ့ တိကျတဲ့ မူဝါဒ မတွေ့ရသေးပါဘူး။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA ဘက်ကတော့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အရ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။