နိုင်ငံရေးအကျဉ်းသား လူငယ်တဦး အင်းစိန်ထောင်တွင်း သေဆုံး

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား လူငယ်တဦး အင်းစိန်ထောင်တွင်းမှာ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့တယ်လို့ နိုင်ငံ‌ရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆိုးရွားတဲ့ တချိန်တည်းမှာ ပြင်ပနေ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသခွင့်တွေလည်း ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အထူး စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

မနေ့က အင်းစိန်ထောင်တွင်း သေဆုံးသွားတဲ့ လူငယ်ကတော့ အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့် ဖြစ်ပါတယ်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူ့ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မ၊ တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ထားတာပါ။ သူဟာ လိုအပ်တဲ့ ဆေးဝါးကုသခွင့် အချိန်မီ မရတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတာလို့ နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိ အကျဉ်းထောင်တွေထဲမှာ အင်မတန် ဆိုးဝါးတဲ့ အခြေအနေပေါ့နော်။ မနေ့က ဆုံးသွားတာ ကိုမင်းဟိန်းခန့်ပါ။ နှလုံးကြောင့် ဆုံးတယ်။ သူ မဆုံးခင်မှာလည်း နှလုံးရောဂါ ဖြစ်နေတာကို ထောင်ဆရာဝန်ကလည်း သိတယ်။ ဒါပေမဲ့ ထောင်က သူ့ကို ဆေးကုသခွင့် မပေးဘူး။ နှလုံးရောဂါက ဆေးကုသခွင့် မရတဲ့အခါမှာ ဘယ်လိုမှ ထောင်ထဲမှာ အသက်ရှင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အပြင်ဆေးရုံ ဆေးကုသခွင့် ပြောတယ်။ ဒါလည်း မရဘူး။ ဆေးဝါးတွေ သွင်းဖို့ ဆိုတာမှာလည်း မိသားစုနဲ့ အဆက်အသွယ် မရတဲ့အခါမှာ ဒီ ဆေးဝါးကိစ္စတွေက အဆင်မပြေနိုင်ဘူး။ ဒါက အကျဉ်းထောင်ထဲ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် ဆိုးဝါးနေတယ်ဆိုတာ ကိုမင်းဟိန်းခန့်က သက်သေ ပြလိုက်တာပဲ။"

သေဆုံးသူ ကိုမင်းဟိန်းခန့်ရဲ့ အလောင်း လာရောက် ထုတ်ယူဖို့ အကျဉ်းထောင်က မိသားစုကို အကြောင်းကြားခဲ့ပြီး အားချင်းသဂြိုလ်ဖို့လည်း ညွှန်ကြားခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးတဲ့ အကြောင်းအရာကိုလည်း အစာအိမ်ကြောင့် ဖြစ်တယ်လို့ ထောင်ဆေးစာမှာ ပါတယ်လို့ သူက ပြောပါတယ်။ ကိုမင်းဟိန်းခန့်ဟာ မသေဆုံးခင် လပိုင်းအလိုမှာ ကျန်းမာရေးကြောင့် ထောင်ဆေးရုံ တက်ခဲ့ရတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ကိုမင်းဟိန်းခန့် သေဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို ဗွီအိုအေဘက်က အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်တွင်းမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသခွင့် မရတဲ့အပြင် အပြင်ကနေ ဆေးထောင်ဝင်စာ ပေးခွင့် မရအောင်လည်း ပိတ်ပင်ခံထားရတာကြောင့် ခုလို အသက်ဆုံးရှုံးရတဲ့ အကျဉ်းသားတွေရှိသလို၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ လူငယ်ရေးရာအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရက်တစ်လူငယ်ကောင်စီ ဥက္ကဌရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီလို အခြေအနေတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက လစ်လျူမရှုဘဲ ကူညီပေးကြဖို့လည်း သူက တောင်းဆို တိုက်တွန်းပါတယ်။

"ဒီလိုကိစ္စတွေ ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေလည်း ဆက်ရှိနေတယ်။ ဒါကြောင့်မို့ အကျဉ်းသားတွေနဲ့ ပတ်သတ်တဲ့ အခွင့်အရေးတွေ ရအောင် ကမ္ဘာကြက်ခြေနီအဖွဲ့လိုမျိုး၊ ICRC လို အဖွဲ့တွေကနေတဆင့် အကျဉ်းထောင်တွေကို စစ်ပေးပါ။ အရင်လို ပြန်ပြီးတော့ အကျဉ်းသားတွေနဲ့ ပတ်သတ်တဲ့ ဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ ရှိမရှိကို ICRC ကနေပြီးတော့ ကြပ်မတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။"

နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သိပ်မကြာခင်က အကျဉ်းထောင်ထဲမှာ သွားဖုံးယောင်ပြီး သွားနာ ဝေဒနာကြောင့် အစားမစား ဖြစ်နေချိန်မှာ ပြင်ပသွားဆရာဝန်နဲ့ ပြဖို့ လိုအပ်တာကြောင့် ခွင့်တောင်းတာကို စစ်ကောင်စီ အကျဉ်းဦးစီးဌာနက ပယ်ချခဲ့တာကြောင့် ဆေးကုသခွင့် မရတဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့် အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်ကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

နိုင်ငံရေးအကျဉ်းသား လူငယ်တဦး အင်းစိန်ထောင်တွင်း သေဆုံး