Dr. Steinberg ရဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ရွေးကောက်ပွဲကျင်းပဖို့ ထပ်မံ ပြောကြားသွားပါတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲလား၊ ပြဿနာဖြေရှင်းရေးအတွက် အဖြေထက်မေးခွန်းတွေ ပိုများလာတဲ့ ရွေးကောက်ပွဲလား ဆိုတာကို သိရှိနိုင်ဖို့ အမေရိကန်ပြည်ထောင်စု ဂျော့ချ်တောင် တက္ကသိုလ် (Georgetown University) မှ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့သဝဏ်လွှာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က မကြာခင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးမယ်၊ လူထုအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ သူ့အဆိုအရ ၂၀၁၀ အတွင်း မှာ ရွေးကောက်ပွဲ တကယ်လုပ်ဖြစ်လာလိမ့်မယ် ပါမောက္ခ Steinberg ထင်ပါသလား။

Dr. Steinberg ။ ။ အစိုးရက အမြဲတမ်းတာဝန်ယူပြောနေလေတော့ တကယ်လုပ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ၂၀၁၀ မှာ လုပ်ဖြစ်ပါလိမ့်မယ်။ နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတစုံတရာ မပေါ်ပေါက်ခဲ့ရင်ပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီရွေးကောက်ပွဲမှာ အတိုက်အခံတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ရှိလာနိုင်မလဲလို့ ထင်ပါသလဲ။

Dr. Steinberg ။ ။ အတိုက်အခံဆိုတဲ့ဟာ ဒါမှမဟုတ် တခုသောအတိုက်အခံအတွက်တော့ နေရာရှိပါလိမ့်မယ်။ အန်အယ်လ်ဒီ ပါဝင်မလား။ အန်အယ်လ်ဒီ ကို ပါဝင်ခွင့်ပြုမလား။ အန်အယ်လ်ဒီ ကွဲသွားမလား။ တစုတစည်းတဲ့ ရှိနေ မလား။ ခေါင်းဆောင်မှု အပြောင်းအလဲ ရှိမလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ နောက်ဆုံး လွှတ်တော်ဖွဲ့စည်းလာရင်တော့ အတိုက်အခံအသံ ကြားလာရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခုအချိန်အထိ ရွေးကောက်ပွဲအတွက် အတိုက်အခံဘက်က ပြင်ဆင်တာ ဘာများတွေ့ရပါလဲ။ ဝင်ပြိုင် ဖို့လည်း မကြားရသေး၊ ပြင်ဆင်တာလည်း ဘာမှမတွေ့ရသေးပါဘူး။

Dr. Steinberg ။ ။ ခင်များက အတိုက်အခံဆိုတာကို အန်အယ်လ်ဒီ တခုတည်း ယူဆထားဟန်ရှိပါတယ်။ ကျနော်ကတော့ တခြားသောအတိုက်အခံတွေလည်း ရှိနိုင်တယ်လို့ ထင်ပါတယ်။ သူတို့ ဘယ်လောက်အင်အားရှိတယ်၊ ထောက်ခံမှုရတယ် ဆိုတာကလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ဟာ အဓိကကျတဲ့ စစ်တပ်ထိန်းချုပ်မှုကိုတော့ စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအသစ်အရ ပြုလုပ်တဲ့ ရွေးကောက်ပွဲကတော့ စစ်တပ်ထိန်းချုပ်မှုရှိတဲ့ စနစ်ပဲ ပေါ်ထွက်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီမှ မဟုတ်ဘူးဆိုရင် ဆရာကြီးက ဘယ်သူတွေကို အတိုက်အခံလို့ ခေါ်ချင်ပါသလဲ။

Dr. Steinberg ။ ။ သူတို့နာမည်တွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ အစိုးရသစ်ထဲမှာ အရပ်သားတွေရဲ့ အခန်းကဏ္ဍ ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့ သူတွေရှိမှာပါ။ နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ သားသမီးတချို့ စုပေါင်းပြီးတော့ နိုင်ငံရေးပါတီထောင်ကြတာလည်း မီဒီယာတွေမှာ ကြားနေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပြောချင်တဲ့ အတိုက်အခံဆိုတာ ဒီမိုကရေစီဆိုပြီး စစ်တပ်အာဏာ ချုပ်ကိုင်ထားတာကို အတိုက်အခံ ပြုတဲ့ပါတီ၊ ပြည်သူလူထုကို အကျိုးမပြုတဲ့ အကျိုးယုတ်စေတဲ့ လုပ်ရပ်တွေကို အတိုက်အခံ ပြုနိုင်မယ့်၊ ကန့်ကွက်နိုင်မယ့် ပါတီတွေကို ပြောတာပါ။

Dr. Steinberg ။ ။ အတိုက်အခံပြုတယ်ဆိုတာ ဘာကို အတိုက်အခံပြုတာလဲ၊ ဘာကိုဆန့်ကျင်တာလဲ ဆိုတာကို အရင် ပြောရပါလိမ့်မယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို အတိုက်အခံပြုတဲ့ ပါတီဆိုရင်တော့ အဲဒီအတိုက်အခံမျိုး ရှိနိုင်မယ်လို့ ကျနော် မထင်ဘူး။ ဒါပေမဲ့ ပြည်တွင်းကိစ္စတခုခုကို ပြုပြင်ချင်တဲ့ အတိုက်အခံမျိုးဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ စတာတွေကို မေးခွန်းထုတ်တဲ့ အတိုက်အခံတွေကို စစ်တပ်က ခွင့်ပြုလိမ့်မယ်လို့ မထင်ဘူး။ နောက်ပြီး ဒီ အတိုက်အခံတွေက လွှတ်တော်ထဲမှာ မေးခွန်း ထုတ်ရင်တောင် အဲဒါတွေကို မီဒီယာတွေမှာ ဖော်ပြပါမလားဆိုတာကလည်း ရှိသေးတယ်။


ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို စိန်ခေါ်သူ၊ မေးခွန်းထုတ်သူ ဘယ်သူမှ ရှိမယ်မထင်ပါဘူး။ အန်အယ်လ်ဒီကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို အတိုက်အခံ မလုပ်ပါဘူး။ ကျနော် နားလည်းသလောက် မြန်မာနိုင်ငံက အတိုက်အခံတွေဟာ စစ်တပ်က ချုပ်ကိုင်ချယ်လှယ်တာတွေကိုဘဲ အဓိကထားပြီး မေးခွန်းထုတ်နေကြတယ်လို့ ထင်ပါတယ်။ လူ့အခွင့်အရေး လွတ်လပ်စွာ ဆန္ဒသဘောထားဖော်ထုတ်ခွင့်တို့ကိုဘဲ တောင်းဆိုနေကြတယ်လို့ ယူဆပါတယ်။ ဒါတွေကိုရော ဆရာကြီးပြောတဲ့ အတိုက်အခံဆိုတာတွေ လုပ်နိုင်မလား။ လုပ်ခွင့် ရှိပါသလား။

Dr. Steinberg ။ ။ ခင်များပြောတာ မှန်ပါတယ်။ ဘယ်သူမှ ဘယ်အဖွဲ့အစည်းမှ အမျိုးသားညီညွတ်ရေးကို စိန်ခေါ်နေတာ မရှိပါဘူး။ လူ့အခွင့်အရေး အခြေခံသဘောတရားတွေကို ဆွေးနွေးရင်လည်း ပြဿနာ တတ်နိုင်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ တစုံတရာသော အခွင့်အရေးကိစ္စတွေကိုတော့ ပြောနိုင်မယ်လို့ ထင်တယ်။ ဒါက ပြောသူ ထောက်ပြသူ ဘယ်လိုပြောသလဲ၊ သူတို့ပြောဆိုတာကို စစ်အစိုးရက ဘယ်လို အတွေးပေါက်သလဲ၊ ဘယ်လိုမြင်သလဲ ဆိုတာတွေပေါ်မှာလည်း မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကို ပြုပြင်နိုင်ဖို့ကတော့ သိပ်ခက်ခဲပြီး သိပ်ကြန့်ကြာစေမယ့် အခြေအနေဘဲ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ဖွယ် မရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်တိုင်ပြောထားပါတယ် ရေတွင်းစ တူးပြီးစမှာ ရွှံ့ရေတွေ ရေနှောက်တွေ ဖြစ်နေမယ်။ ဒါကြောင့် စစ်တပ်က ဆက်ပြီးထိန်းချုပ်မယ်လို့ ပြောထားပြီးသာပါ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုအခန်းကဏ္ဍ၊ ဘယ်လိုအတိုင်းအတာအထိ ပါဝင်နိုင်မယ်ထင်ပါသလဲ။ ပါဝင်နိုင်မယ် အခြေအနေရော ရှိပါသလား။

Dr. Steinberg ။ ။ အာဆီယံ သို့မဟုတ် ကုလသမဂ္ဂ အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ပြီးတော့ စောင့်ကြည့်တာမျိုး ကျနော်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေ သိပ်မရှိဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍလည်း ရှိနိုင်မယ်လို့ မထင်ဘူး။ သူတို့ကတော့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဆိုတာကို ပြောနေကြတယ်။ ဘာကို ဆိုလိုကြတာလဲ။ သူတို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သူတို့မပြောကြပါဘူး။ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကတော့ လူတိုင်းကို စိတ်ပျက်သွားစေမှာလို့ ကျနော်အနေနဲ့ ယူဆနေမိတယ်။ အာဆီယံ နဲ့ ကုလသမဂ္ဂကတော့ ရွေးကောက်ပွဲဟာ အစီအစဉ်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားမယ်၊ ဒီသဘောထားမျိုး မရှိကြပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမေရိကန်အစိုးရရဲ့ သဘောထားကိုလည်း ပြောကြရအောင်။ ပိတ်စို့အရေးယူမှုနဲ့ စေ့စပ်ညှိနှိုင်းရေး ယှဉ်တွဲကျင့်သုံးရေးဆိုတဲ့ မူဝါဒသစ် ဘယ်လောက်အထိ ခရီးပေါက်နေတယ်လို့ ထင်ပါသလဲ။ ဘယ်မှမရောက်ပဲ လမ်းများပျောက်သွားပြီးလား။

Dr. Steinberg ။ ။ အမေရိကန်မူဝါဒသစ်ဟာ အခုလက်ရှိ အမေရိကန်နိုင်ငံရေး အခြေအနေအောက်မှာ အကောင်းဆုံးမျှော်လင့်နိုင်တဲ့ မူဝါဒ ဖြစ်ပါတယ်။ ကျနော်ကတော့ တွေ့ဆုံဆွေးနွေးမှု dialogue ကို ယုံကြည်ပါတယ်။ အမြဲတမ်း ယုံကြည်ခဲ့သူပါ။ Sanction လို့ခေါ်တဲ့ အရေးယူပိတ်စို့တာကို မယုံကြည်ပါဘူး။ အလုပ်မဖြစ်နိုင်ဘူးလို့ အစကတယ်က ပြောခဲ့သူပါ။ ဒါပေမဲ့ အခုလက်ရှိ မူဝါဒလည်း အလုပ်ဖြစ်ပါမလားဆိုတာ ရှိနေပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံအပေါ် စိတ်မရှည်နိုင်ကြတော့ပါဘူး။ အပြောင်းအလဲတခုခု သိပ်ကို ဖြစ်ချင်နေကြပါပြီ။ ကျနော်ကတော့ သိပ်မမျှော်လင့်ပါဘူး။ ပြည်တွင်းမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတရပ် ပေါ်ထွက်လာဖို့ ဖိအား၊ တွန်းအားတွေ ပေးနိုင်သမျှ ပြင်းပြင်းထန်ထန် ပေးကြရပါမယ်။ အာဆီယံ၊ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေလည်း အလားတူလုပ်ဆောင်ကြဖို့ မျှော်လင့်ကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အစိုးရကို ဆက်ဆံဖို့ ကမ်းလှမ်းရာမှာ အဓိက တောင်းဆိုချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကျဉ်းသမားတွေကို လွတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ဟာ စစ်အစိုးရအနေနဲ့ လိုက်လျောဖို့ အခက်အခဲဆုံးကိစ္စများ ဖြစ်နေတယ်လို့ ထင်ပါသလား။

Dr. Steinberg ။ ။ ဒီ အချက်ကို ကျနော် အဆင်သဖြစ် ဆက်သွယ်ပေးနေခဲ့တာပါ။ ဒီလို လွတ်ပေးတာကို ကျနော်တို့ တွေ့မြင်ချင်ကြတာလည်း အသေအချာပါဘဲ။ စစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကျနော်ထင်တယ်။ တခြားနိုင်ငံရေး အကျဉ်းသားတွေတော့ မပြောတတ်ဘူး။ လွတ်နိုင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ပါ။ လွတ်ချင်တဲ့ ဆန္ဒရှိမရှိက အဓိကပြဿနာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အန်အယ်လ်ဒီပါတီ အနေနဲ့ သူတို့ခေါင်းဆောင်မလွတ်ဘဲနဲ့ ရွေးကောက်ပွဲဝင်ဖို့ဆိုတာ ဖြစ်နိုင်ပါသလား။

Dr. Steinberg ။ ။ ဒါဟာဖြစ် ဘေးကျပ်နံကျပ်အခြေအနေပါ။ အင်မတန် အရေးကြီးတဲ့ အကျပ်အတည်းပါ။ အတိုက်အခံ အနေနဲ့က ရွေးကောက်ပွဲဝင်ရင်လည်း ထိထိရောက်ရောက် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ မဝင်ဘဲ နေပြန်ရင် လည်း ဘာမှလုပ်နိုင်စရာမရှိဘူး။ အခု ၂၀၁၀ ကို လက်ခံလိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ဆိုတဲ့ သဘော၊ ဒါကို ဘာမှ သုံးလို့မရတော့ပါဘူး။ ဒါကြောင့် အန်အယ်လ်ဒီ ရဲ့ အဖြစ်ကို ကျနော်အနေနဲ့ ကရုဏာသက်မိပါတယ်။ ရွေးစရာလမ်း မရှိပါဘူး။ ဘယ်လမ်းရွေးရွေး အခြေမလှနိုင်တဲ့ အဖြစ်နဲ့ အန်အယ်လ်ဒီ ကြုံနေရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိကကတော့ ဒီနေရာမှာ စစ်အစိုးရအနေနဲ့ အင်အားကြီးမားပြီး စည်းလုံးညီညွတ်တဲ့ အန်အယ်လ်ဒီ ကို မလိုချင်ဘူးလို့ ထင်ပါတယ်။ မဟုတ်ဘူးလား။

Dr. Steinberg ။ ။ သိပ်သေချာတာပေါ့။ သူတို့က အန်အယ်လ်ဒီ တင်မဟုတ်ဘူး အင်အားကြီးပြီး စည်းလုံးညီညွတ်တဲ့ ဘယ်လို အတိုက်အခံမျိုးကိုမှ မလိုချင်ပါဘူး။ သူတို့က အတိုက်အခံဆိုလို့ မဆိုသလောက် လက်ညိုးထိုးပြစရာ အတိုက်အခံ လောက်ပဲ လိုချင်တာပါ။ တကယ့် ဒီမိုကရေစီနိုင်ငံတွေမှာတောင် အာဏာရ ပါတီကြီးတွေဟာ အင်အားကြီးတဲ့ အတိုက်အခံ တွေကို အစိတ်စိတ် အမွှားမွှား ကွဲစေချင်ကြတာပါ။ ဒါမှ သူတို့ အာဏာချုပ်ကိုင်နိုင်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီလို အခြေအနေမျိုးမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုရော နည်းနည်းပါးပါး ပျော့ပျောင်းအောင် လုပ်ပေးနိုင်မလား။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စကို ခေတ္တဘေးဖယ် ထားမယ်ဆိုတာမျိုးကို လုပ်နိုင် မယ် ထင်ပါသလား။

Dr. Steinberg ။ ။ နိုင်ငံရေးအားဖြင့်တော့ ဘယ် အမေရိကန်အစိုးရကမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုချက်ကို လျှော့ပေးမယ်လို့ မထင်ဘူး။ အမေရိကန် ကွန်ဂရက်သမိုင်းကို ၁၉၈၈ နောက်ပိုင်းပြန်ကြည့်ရင် Dalai Lama နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကလွဲလို့ ပြည်ပရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုံးဖြတ်ချက်က အများဆုံးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမေရိကန်အစိုးရတိုင်းအတွက် ဒါဟာ မလုပ်မနေရ လုပ်ရမယ့် အချက် ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ သာ မပါဝင်ခဲ့ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို all inclusive အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲလို့ မခေါ်နိုင်ဘူးပေါ့။ ဒီလို ဖြစ်ရက်နဲ့ ကုလသမဂ္ဂ နဲ့ အာဆီယံတို့က ဘာကြောင့် ဒါကို လက်သင့်ခံဖို့ လုပ်နေကြသလဲ၊ ထောက်ခံတင်ပြနေကြသလဲ၊ endorse လုပ်နေကြသလဲ။

Dr. Steinberg ။ ။ Endorse ထောက်ခံတင်ပြတာက ပြင်းထန်ပါတယ်။ အဲဒီမှာ တိုးတက်မှုရှိတယ်လို့ပဲ သူတို့ ပြောကြမှာပါ။ ဖွဲ့စည်းပုံထဲမှာ ဘယ်လိုအခွင့်အရေးတွေ ရေးထားတယ်၊ အမျိုးသားစည်းလုံးညီညွတ်ရေး ဘယ်လို ဖော်ပြထားတယ် ဆိုတာတွေ ပြောကြမှာပါ။ ပြီးတော့ ဒီဥပဒေအတိုင်း အကောင်းအထည်ဖော်ပါဆိုတာမျိုး လုပ်ကြပါလိမ့်မယ်။ ဒါ သူတို့ အပြောပါ။ တကယ် လုပ်လာကြမလားဆိုတာတော့ မပြောတတ်ပါဘူး။ ကျနော်က သူတို့ကို ကိုယ်စားမပြုပါဘူး။ ခန့်မှန်း ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အမေရိကန်အစိုးရကရော အာဆီယံတို့ ကုလသမဂ္ဂတို့ လေသံအတိုင်း ဖြစ်လာနိုင်မလား။

Dr. Steinberg ။ ။ ကျနော်တော့ မထင်ဘူးဗျ။ ပိုပြီးဒဲ့ဒိုးကြတဲ့ ချည်းကပ်မှုမျိုး လုပ်ပါလိမ့်မယ်။ ဒီနေရာမှာ စဉ်းစားစရာ တခုက စစ်အစိုးရကပြောမယ် အန်အယ်လ်ဒီ ကို ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မလွှတ်နိုင်ဘူး။ အဲဒီလိုဆိုရင် အန်အယ်လ်ဒီ ဘာလုပ်မလဲ။ စစ်အစိုးရက ဒါဟာ အန်အယ်လ်ဒီ ပြဿနာပါ၊ ငါတို့ ပြဿနာ မဟုတ်ဘူးဆိုတာတွေကို လုပ်မယ်။ အဲဒီတော့ အန်အယ်လ်ဒီ ဘာလုပ်နိုင်မလဲ။ တကယ့် ဘေးကျပ်နံကျပ် အခြေအနေပါ။ အန်အယ်လ်ဒီ အတွက်သာမက မြန်မာနိုင်ငံအတွက် အမျိုးသားရေး အကျပ်အတည်းဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ အကျပ်အတည်း ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီးကို နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံရေး ပြဿနာတွေ ပြေလည်သွားနိုင်မလား။ နိုင်ငံရေးပြဿနာတွေအတွက် အဖြေတွေ ပေါ်ထွက်လာနိုင်မလား။ အဖြေမပေါ် ထွက်ဘဲ မေးခွန်းတွေသာ ပိုမိုထွက်လာနိုင်မယ့် ရွေးကောက်ပွဲလား။ ဘယ်လိုထင်ပါသလဲ။

Dr. Steinberg ။ ။ ကြိုတင်ပြီး ခန့်မှန်းဖို့ အတော်စောပါသေးတယ်။ တိုးတက်မှုက မဆိုသလောက်ဘဲ ဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်။ မျိုးဆက်သစ်ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှ အပြောင်းအလဲဆိုတာ ဖြစ်လာမှာပါ။ ဒီလို ဖြစ်လာမယ်လို့ သိပ် အကောင်းမြင်နေလို့ မဖြစ်ပါဘူး။ တခုသေခြာတာကတော့ ဒီလိုအခြေအနေမျိုး အချိန်ကြာမြင့်စွာ တည်ရှိနေတာကို မြန်မာ ပြည်သူတွေ လက်မခံနိုင်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်း တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကတောင် လက်ခံနိုင်ကြမယ်လို့ မထင်မိပါဘူး။ လူတိုင်းက အပြောင်းအလဲကို တောင့်တနေကြတာပါ။ လက်ရှိအခြေအနေဟာ သိပ်ကို အန္တရာယ်ကြီးမားတဲ့ အခြေအနေပါ။