တိုင်းရင်းသား လက်နက်ကိုင်အရေး

အင်အားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဗမာစစ်တပ်လက်အောက်ခံ မလုပ်လိုကြောင်း ဧပြီလနှောင်းပိုင်းက ဆုံးဖြတ်လိုက်ကြပါတယ်။ အင်အား တသောင်းနီးပါးရှိတဲ့ KIA (Kachin Independence Army) ကချင်လွတ်လပ်ရေးတပ် က လိုလားချက်မရမခြင်း ဗမာစစ်အစိုးရ ကမ်းလှမ်းတာကို ပယ်ချတယ်လို့ ကြေညာပြီး စစ်အင်အားဖြည့်တင်းနေပါတယ်။ အင်အား သုံးသောင်းကျော်ရှိတဲ့ ဝတပ်ဖွဲ့ကလည်း ဗမာစစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး လက်အောက်ခံနယ်ခြားစောင့်တပ် မလုပ်လိုကြောင်း ငြင်းဆန်ထားပါတယ်။ အပေးအယူလုပ်ဖို့ ဝအဖွဲ့က တင်ပြတာကိုလည်း ဗမာစစ်အစိုးရက လက်မခံပါဘူး။ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုထဲမှာ အင်အားရှိတဲ့အုပ်စုတွေဟာ ဗမာစစ်အစိုးရ ကမ်းလှမ်းတာကို လက်မခံကြပါဘူး။

ဗမာစစ်အစိုးရကလည်း သူတို့ ကမ်းလှမ်းတာကို လက်မခံရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူပုန်အဖြစ်ကြေညာပြီး တိုက်ခိုက်မယ့်ပုံစံမျိုးနဲ့ ခြိမ်းခြောက်ထားပါတယ်။ အပစ်ရပ်ဒေသတွေမှာ အစိုးရတပ် အင်အားတိုးချဲ့နေပါတယ်။ အပစ်အခတ် ရပ်စဲမှုပျက်ပြားသွားရင် တရုတ်-မြန်မာ နဲ့ ထိုင်း-မြန်မာနယ်ခြား ကုန်သွယ်ရေးကို အများကြီး ထိခိုက်နိုင်ပါတယ်။

ဗမာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် မလုပ်ချင်တဲ့ မွန်ပြည်သစ်ပါတီကို ပြည်သူစစ်အဖြစ် အသွင်ပြောင်းဖို့ ထပ်မံကမ်းလှမ်းတာကိုလည်း ဧပြီလနှောင်းပိုင်းက ပယ်ချလိုက်ပါတယ်။ လက်နက်ကိုင် (၁၀၀၀) လောက်နဲ့ အဖွဲ့ဝင် (၃၀၀၀) ကျော်ရှိတဲ့ မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်မှာ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ မဆလခေတ် မွန်ပြည်နယ်မှာ အစိုးရတပ်ရင်း (၁၀) ခုသာ ရှိခဲ့ပေမယ့် အပစ်အခတ် ရပ်စဲထားတဲ့ကာလမှာ အစိုးရတပ်ရင်း (၃၀) လောက် ရှိလာတယ်လို့ သိရပါတယ်။ ဗမာစစ်တပ်က ထိုးစစ်ဆင်လာရင် ပြောက်ကြားစစ်ဆင်ရေးနဲ့ တုံ့ပြန်မယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။ စေ့စပ်ဆွေးနွေးပွဲ ပျက်ပြားသွားကတည်းက စစ်ပြင်ဆင်မှုတွေ လုပ်နေကြောင်း သိရပါတယ်။

ပင်မ KNU က ခွဲထွက်သွားခဲ့ပြီး အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကေအန်ယူငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဌေးမောင် က စစ်လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ကြားတဲ့ (၇) မျက်နှာ ပေးစားကိုကြည့်ရင် ဗမာစစ်တပ်ရဲ့ တဖက်သတ် ချုပ်ကိုင်ရေး အစီအစဉ်တွေကို အသေးစိတ် သိနိုင်ပါတယ်။ အစိုးရတပ် လက်အောက်ခံမလုပ်နိုင်ရင် ကေအင်ယူ ငြိမ်းချမ်းရေးကောင်စီကို မတရားအသင်း ကြေညာမှာဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးတပ်ကို တိုးချဲ့ခွင့် မရှိကြောင်း၊ အခြား တိုင်းရင်းသားအုပ်စုတွေနဲ့ ဆက်သွယ်ခွင့်မရှိကြောင်း၊ ပင်မ ကေအန်ယူနဲ့လည်း ဆက်သွယ်ခွင့် မရှိကြောင်း၊ ထိုင်းနဲ့ အဆက်အသွယ် လုပ်ခွင့်မရှိကြောင်း စတဲ့ အချက် (၅) ချက်ကို အစိုးရက သတ်မှတ်တာကို ကြည့်ရင် ကရင်ငြိမ်းချမ်းရေးအဖွဲ့ကို လက်အောက်ခံတပ်ရင်းတခုလို သဘောထားတာ သိသာပါတယ်။

ဗိုလ်ချုပ်ဌေးမောင် ခေါင်းဆောင်တဲ့ အေအန်ယူတပ်မဟာ (၇) စာ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တဲ့ ကေအန်ယူ ငြိမ်းချမ်းရေးအဖွဲ့ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကလည်း ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (Democratic Karen Buddhist Army - DKBA) ကေအန်ယူ က ခွဲထွက်ပြီး အစိုးရတပ်တွေနဲ့ ပူးပေါင်းသွားပါတယ်။ ဒီ DKBA တပ်ဖွဲ့မှာ အင်အား (၅၀၀၀) လောက်ရှိနိုင်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းဖို့ သဘောတူပေမယ့် အငြင်းပွားမှုတွေ ရှိနေကြောင်း သိရပါတယ်။ အစိုးရတပ်နဲ့ DKBA လက်တွဲနေတာ ကြာလှပါပြီ။

KNU ငြိမ်းချမ်းရေးအဖွဲ့အတွက် အိမ်တွေဆောက်၊ လမ်းတွေဖောက် ပေးထားပေမယ့် ကရင်ပြည်သူလူထုအတွက် ဘာမှ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဗိုလ်ချုပ်ဌေးမောင် က ပြောဆိုပါတယ်။ အစိုးရတပ်နဲ့ လက်တွဲနေတဲ့ ကရင်ပြည်သူ့စစ်ကို မြှောက်ပေးပြီး ကရင်အချင်းချင်း သတ်ဖြတ်ခိုင်းတာဟာ အစိုးရလမ်းစဉ်လို ဖြစ်နေတာကြောင့် ကေအန်ယူ ငြိမ်းချမ်းရေးတပ်ဖွဲ့ တည်ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ကို အဆက်အသွယ်ဖြတ်ခိုင်းတာကို မရိုးသားတဲ့လုပ်ရပ်အဖြစ် ဖော်ပြထားပါတယ်။

ဗမာစစ်အစိုးရ အားနည်းနေချိန်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာကြောင့် အနှစ် (၂၀) ကျော် ငြိမ်းချမ်းရေး ရရှိခဲ့ပါတယ်။ သူ့နယ်ကိုယ့်နယ်ပိုင်းခြားပြီး နားလည်းမှု ရယူနိုင်ရင် လက်နက်ကိုင် ပဋိပက္ခကို ရပ်ဆိုင်းနိုင်ကြောင်း ပြသလိုက်တာပါ။ ဒါပေမဲ့ အနှစ် (၂၀) အပစ်အခတ်ရပ်စဲချိန်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တာ ထင်ရှားနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဗမာစစ်အစိုးရက တဖတ်သတ် အမိန့်ပေးပြီး စည်းရုံးသိမ်းသွင်းနေတာကို စစ်အင်အားရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လက်မခံနိုင်တာ တွေ့ရပါတယ်။

ဗမာစစ်အစိုးရကသာ အိမ်နီးချင်းနိုင်ငံတွေကို အားကိုတာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း နှစ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုမှာ တရုတ် နဲ့ ထိုင်း ပါဝင်ပတ်သက်ခဲ့တာ မဆလ ခေတ်ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည်မှာ မနေနိုင်တော့လို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံတဲ့ ဓလေ့ဟာ ဗမာမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။ ဗမာစစ်အစိုးရက နိုင်ထက်စီးနင်းလုပ်လို့ ပြည်တွင်းစစ်ပြန် ဖြစ်ပြီဆိုရင် အနှစ် (၂၀) ကာလမှာ တည်ဆောက်ခဲ့တာတွေ ပျက်စီးသွားနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခရဲ့ ရလဒ်ကတော့ ပါဝင်ပတ်သက်သူတွေ အားလုံး အကျိုးစီးပွား ပျက်စီးဆုံးရှုံးတာတွေပဲ ဖြစ်ပါတယ်။