ဗုံးခွဲခံ   ပါကစ္စတန်ဟိုတယ် အပျက်အစီးကြား အသက်မသေ ကျန်ရစ်သူများကို ရှာဖွေနေဆဲ

ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့(Peshawar) က ဟိုတယ်ကို မနေ့ ညနေက အသေခံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး ၁၅ယောက် သေဆုံးခဲ့ရပြီးနောက်၊ အခု အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ပါကစ္စတန် အနောက်မြောက်ဘက် ဒေသရဲ့ အချက်အခြာကျတဲ့ ပက်ရှဝါမြို့က ပါလ် ကွန်တီနန်တယ်(Pearl Continental ) ဟိုတယ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဟိုတယ် အပြင်ဘက်မှာလည်း ထရပ်ကား ဗုံး ထောင် ပေါက်ကွဲခဲ့လို့ နောက်ထပ် လူ ၇၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဟိုတယ် လုံခြုံရေး ကင်မရာတွေရဲ့ မှတ်တမ်းကို ဒီနေ့ ထုတ်လွှင့်ခဲ့တာမှာ ကားတစီး ဟိုတယ်လုံခြုံရေး ဂိတ်နားကို မောင်းလာပြီး စစ်သေနတ်တွေနဲ့ ပစ်ခတ်နေပုံ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ ထရပ်ကား တစီး လုံခြုံရေး အတားအဆီးတွေကို ကျော်ဖြတ်ပြီး မောင်းဝင်လာတဲ့ ပုံတွေကို တွေ့ရပါတယ်။ ဟိုတယ် တခြမ်းလုံး ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်း ၂ဦးဖြစ်တဲ့ UNHCRက ဆားဗီးယား နိုင်ငံသား ဝန်ထမ်းနဲ့ UNICEF က ဖိလစ်ပိုင် နိုင်ငံသား ဝန်ထမ်းတို့ သေဆုံး ခဲ့တယ်ဆိုတာကို ကုလသမဂ္ဂ က အတည်ပြုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီ၊ ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီ နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။