အမေရိကန်ပြည်ထောင်စု ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ငွေကြေး အကျပ်အတည်းနဲ့ အကြီးအကျယ် စီးပွားရေး ကျဆင်းမှုတွေ ကြားမှ ထိခိုက် နစ်နာမှုတွေ အများအပြား ကြုံနေရပေမယ့် ဒီအကျပ်အတည်းကနေ သင်ခန်းစာယူပြီး ရေရှည်မှာ ခြိုးခြံ ချွေတာမယ်ဆိုရင် အကြိုးရှိနိုင်လိမ့်မယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး (Timorthy Geithner) တီမိုသီ ဂိုက်သ်နာ က ပြောဆိုပါတယ်။ အမေရိကန် ပြည်သူတွေအကြား ရှိတာ ထက်ပို ဝယ်ပြီး အကြွေးနွံနစ်နေတဲ့ အလေ့စရိုက်ကို ပြင်ဆင်ပြီး ကိုယ့်မှာရှိတဲ့ အတိုင်းအထွာနဲ့ လောက်ငှအောင် မဖြစ်မနေ နေနိုင်လာကြမယ်ဆိုရင် ရေရှည်မှာ အကျိုးရှိနိုင်မယ်လို့ ပြောဆိုတာဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်ကနေ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
စီးပွားရေး အကျပ်အတည်းနဲ့ ကျဆင်းတဲ့ ကိန်းဂဏန်းတွေ ဆိုးဆိုးဝါးဝါး လပေါင်းများစွာ ကြုံခဲ့ရပြီးတော့ ပြီးခဲ့တဲ့ သတင်းပတ်ကတော့ အမေရိကန် အိမ်ယာဈေးကွက်နဲ့ အခြား စီးပွားရေး လုပ်ငန်းတွေကြားမှာ ပြန်ပြီး ခေါင်းထောင်နိုင်ခြေ မျှော်လင့်ချက် နည်းနည်းကို တွေ့လာနေရပါတယ်။
စီးပွားရေး ကော်ပိုရေရှင်းကြီးတွေရဲ့ ဝင်ငွေတွေ ပြန်ရလာတဲ့ သတင်းကောင်းတွေ၊ သမ္မတအိုဘားမား ရဲ့ အမေရိကန် ငွေကြေး အဖွဲ့အစည်းတွေကို ပြင်ဆင်ရေးနဲ့ ကယ်ဆယ်ရေး စီမံချက်တွေအပေါ် လူတွေက အကောင်းဘက်က မျှော်လင့် ချက်တွေ ရှိလာတဲ့အတွက် ဈေးကွက်မှာ သတင်းကောင်းနဲ့ မျှော်လင့်ချက်တွေ ပြန်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် အတွင်း အမေရိကန်ပြည်ထောင်စု တလွှား စတော့ ဈေးကွက်တွေလည်း သိသိသာသာ ပြန်ပြီး တက်လာခဲ့ပါ တယ်။
ဒီလို ပြန်ပြီး တက်လာတာက အကောင်းဘက် တိုးတက်တဲ့ လက္ခဏာ တရပ်အဖြစ် ဘဏ္ဍာရေး ဝန်ကြီး တီမိုသီ ဂိုက်သ်နာ က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း ချက်ခြင်း စီးပွားရေးပြန်ပြီး နာလန်ထလာမယ်လို့တော့ မျှော်လင့်လို့ မရဘူးလို့ ပြောပါ တယ်။
“ဒီသတင်းတွေက အားတက်စရာ လက္ခဏာ တရပ်ပါပဲ။ ဒါပေမဲ့ လူုတွေကို ကျနော် နားလည်စေချင်တာက ဒီ အရှုပ်အထွေး အကျပ်အတည်းတွေက ပြန်ပြီး နိုးထနိုင်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ် ဆိုတာပါပဲ။ ကျနော်တို့ အချိန်ယူပြီး လုပ်ရပါလိမ့် မယ်။ အခု တိုးတက်လာတယ် ဆိုတာက ပုံမှန်အနေအထားတိုင်း သွားနိုင်မယ့် အလားအလာတောင် မရှိသေးပါဘူး။”
ဘဏ္ဍာရေး ဝန်ကြီး တီမိုသီ ဂိုက်သ်နာဟာ ABC ရုပ်မြင်သံကြားဌာနကို ပြောဆိုခဲ့တာပါ။ NBC ရုပ်သံ Meet the Press အစီအစဉ်မှာတော့ ဘဏ္ဍာရေး ဝန်ကြီးက အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ လက်ရှိ စီးပွာရေး အကျပ်အတည်းတွေဟာ ကုသိုလ်ကံဆိုးစွာ၊ မလိုအပ်ဘဲ ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်ပါလို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒီ အကျပ်အတည်းကနေ အကောင်းဘက်ကို ယူနိုင်တဲ့ အချက်တွေလည်း ရှိပါတယ်လို့ ပြောပါတယ်။
“ကိုယ်လိုအပ်တာထက် ပိုပြီး သုံးတဲ့၊ အကြွေးတွေ များနေတာကို လျော့ချနိုင်အောင် ပြန်ညှ့ိယူတဲ့အချိန် ကာလတခုတော့ လိုအပ်တယ်လို့ ကျနောထင်ပါတယ်။ လူတွေကို ကိုယ့်ရတဲ့ ဝင်ငွေ အတိုင်းအတာနဲ့ လောက်ငှအောင်နေထိုင်အောင် ကြိုးစားကြပါဆိုပြီး ထက်ပြီး သတိပေးတာမျိုးကို ဘယ်တော့မှ ဖြစ်စေချင်မှာတော့ မဟုတ်ပါဘူး။ ဒီ အကျပ်အတည်းက လွန်မြောက်လာတဲ့အခါ လူတွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ပိုပြီး အာရုံစိုက်လာကြမယ်။ ဒီအချက်က တိုင်းပြည်ကို ပိုပြီးတော့ အားကောင်းလာအောင်လည်း အထောက်အကူ ပြုပါလိမ့်မယ်။”
အမေရိကန်ပြည်သူတွေဟာ ငွေစုဘို့ထက် သုံးဖို့ကိုပဲ ပိုပြီး အားသန်နေတယ်ဆိုပြီး စီးပွားရေးပညာရှင်တွေ နှစ်ပေါင်းများစွာ ကတည်းက သတိပေးနေခဲ့ကြတာပါ။
ရစ်ပတ်ဗလင်ကန် ပါတီဝင်တွေကတော့ သမ္မတ အိုဘားမားရဲ့ အစိုးရ ဘဏ္ဍာရေး အသုံးစရိတ် အလွန်အကျွံ များနေတယ် လို့ ထောက်ပြ ဝေဖန်ပြီး ဒါမျိုးတွေ မဖြစ်သင့်ဘူးလို့ ပြောနေပါတယ်။ သမ္မတ အိုဘားမားက သူ့ရဲ့ ၄ နှစ် သက်တမ်းအတွင်း မှာ အစိုးရ အသုံးစရိတ် လိုငွေပြနေတာကို တဝက်လျော့ချမယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့လည်း သူရဲ့ ဘဏ္ဍာရေး အဆို ပြုချက် မူကြမ်းအရတောင် အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားကြွေးမြီကို နှစ်ဆ ပိုများလာနိုင်တယ်လို့ ထောက်ပြပါ တယ်။
ဘဏ္ဍာရေး ဝန်ကြီး တီမိုသီ ဂိုက်သ်နာ ကတော့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ် အစစ်က အစိုးရဘက်က စီးပွားရေး အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းတာမှာ လိုအပ်သလောက် မလုပ်နိုင်ဘဲ နည်းနည်းပဲ လုပ်နိုင်တဲ့အနေအထားမျိုးလို့ ပြောဆိုပါတယ်။ ဒီနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ငွေကြေး ပြသာနာတွေကို လွတ်လပ်တဲ့ ဈေးကွက်တခုတည်း ရင်ဆိုင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။