သမုဒ္ဒရာရေအောက် အင်တာနက်လိုင်းပြတ်လို့ အီဂျစ်နှင့် အာရပ်နိုင်ငံများ ဆက်သွယ်ရေးအခက်အခဲဖြစ်

အီတလီနိုင်ငံကနေ မြောက်အာဖရိကကို ဆက်သွယ်ထားတဲ့ အင်တာနက်လိုင်း ၃ လိုင်းဟာ တနှစ်အတွင်း ဒုတိယအကြိမ် အဖြစ် အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေ ဖြစ်ခဲ့ရလို့ အီဂျစ်နိုင်ငံနဲ့ တခြား အာရပ် နိုင်ငံတွေမှာ ဆက်သွယ်ရေး ပြဿနာတွေနဲ့ ကြုံနေရပါတယ်။ တချို့ကတော့ အဖျက်သမားတွေ လုပ်ရပ်ကြောင့်လို့ သံသယ ဝင်နေကြတာတွေ ရှိပေမယ့်လည်း ဒီလို ပြောနိုင်ဖို့အတွက်ကတော့ စောလွန်းနေသေးတယ်လို့လည်း ဆိုနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Edward Yeranain ကိုင်ရိုမြို့က သတင်းပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

လစ်ဗျားနိုင်ငံကနေ ဆော်ဒီအာရေဗီးယား၊ ပါရှန်း ပင်လယ်ကွေ့အထိ အီဂျစ်နိုင်ငံ အပါအဝင် အာရပ် နိုင်ငံတွေမှာ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ အကြီးအကျယ် ကြုံနေရတာပါ။ အီတလီ တောင်ပိုင်းကနေ မြောက်အာဖရိကကို ဆက်သွယ်ထားတဲ့ အဓိက အင်တာနက်လိုင်း ၃ လိုင်းဟာ ဘာအကြောင်းကြောင့်မှန်း မသိရပဲ ပြတ်တောက်ခဲ့ရာက အခုလို ကြုံနေရတာပါ။ တနှစ်လောက်အကြာ ဒုတိယ အကြိမ်ကြုံရတဲ့ ဒီအဖြစ်ကြောင့် အီဂျစ် နိုင်ငံမှာတော့ အင်တာနက် သုံးစွဲမှုရဲ့ ၈၀ ရာခိုင်နှုန်း ပြတ်တောက်ခဲ့ရတယ်လို့ အီဂျစ် ဆက်သွယ်ရေးဌာန တာဝန်ရှိသူတွေက ကြေငြာပါတယ်။ နိုင်ငံတကာနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေဟာလည်း ထိခိုက်မှုရှိခဲ့တာ ဖြစ်ပြီးတော့ မြောက်အမေရိက နိုင်ငံတွေနဲ့ ဆက်သွယ်မှုက ဥရောပနဲ့ ဆက်သွယ်ရတာထက် ပိုလို့ခက်ခဲနေပါတယ်။


အစောပိုင်း ထွက်လာတဲ့ သတင်းတွေ အရကတော့ အင်တာနက် ဆက်သွယ်မှု လုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ အဓိက ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ Semaway နဲ့ Flag Corporation တို့ရဲ့ အင်တာနက်လိုင်း ၃ လိုင်းဟာ အီတလီတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Palermo အလွန်မှာ ထိခိုက် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အီဂျစ်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာ လုပ်ငန်းက စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ Mohammed Omran ပြောပြတာကတော့ -


“အီတလီ တောင်ပိုင်းက ပါလာမိုမှာရှိတဲ့ အင်တာနက်လိုင်း ၃ လိုင်း ပြတ်တောက်ခဲ့တာပါ။ Semaway ၃၊ Semaway ၄ နဲ့ Flag လိုင်းတွေဟာ တချိန်တည်း နီးနီး တနေရတည်း နီးနီးမှာ ဖြတ်တောက်ခံခဲ့ရတာပါ။”


ပြီးခဲ့တဲ့နှစ် အခုလို အင်တာနက် ပြတ်တောက်မှုတွေနဲ့ ကြုံရတုန်းကဆိုရင် အီဂျစ်၊ ပါရှန်းပင်လယ်ကွေ့တို့ကနေ အိန္ဒိယနိုင်ငံ အထိ စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဝရုန်းသုန်းကား အဖြစ်နဲ့ ကြုံခဲ့ရတာပါ။ ရက်ပေါင်း အတော်ကြာ ပြင်ဆင်မှုတွေ လုပ်ရလို့လည်း ဘဏ်တွေ ပိတ်ထားရ၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ခေတ်ဟောင်း နည်းပညာတွေကို အသုံးပြုခဲ့ကြရတာတွေနဲ့ ကြုံခဲ့ရတာပါ။ အခုလို အင်တာနက်လိုင်းတွေ ပြတ်တောက်မှုနဲ့ ပတ်သက်လို့တော့ မစ္စတာ Omran အနေနဲ့က ဒါဟာ အဖျက်အမှောင့် လုပ်ရပ်ဟုတ်မဟုတ် ဆိုတာပြောဖို့ တုန့်ဆိုင်းနေပေမယ့် မတော်တဆမှု တခုအဖြစ်နဲ့ ယုံကြည်ဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။


“ဒါဟာ တမင်လုပ်တာလား ဒါမှမဟုတ်ရင်လည်း သင်္ဘော တစီးထဲကြောင့်ပဲဖြစ်ဖြစ် တခြားသင်္ဘောတွေကြောင့်ပဲဖြစ်ဖြစ် ပြတ်တောက်ခဲ့ရတာလား ဆိုတာကတော့ နည်းနည်းပြောဖို့ စောပါသေးတယ်။ ဒါပေမယ့်လည်း လူတယောက်အနေနဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ဗျာ၊ တိုက်ကြီး တတိုက်ကနေ တခြားတိုက်တွေကို ဆက်သွယ်ထားတဲ့၊ နိုင်ငံတွေကြား ဆက်သွယ်ထားတဲ့ အဓိက လိုင်းကြီး ၃ လိုင်းကို တချိန်တည်းမှာ ပြတ်တောက်အောင်လုပ်ခဲ့တာ၊ ဒီလိုအဖြစ်မျိုးဖြစ်တာ တနှစ်လောက်သာ ရှိသေးတဲ့အချိန် ထပ် ဖြစ်တာဟာဖြင့် ကျနော့်အနေနဲ့ ယုံကြည်ဖို့ခက်လှပါတယ်။”


အီဂျစ်နိုင်ငံက တာဝန်ရှိသူတွေကတော့ တချို့အင်တာနက် သုံးစွဲမှုတွေအတွက် ဆူးအက်တူးမြောင်းကနေ ပင်လယ်နီ ဘက်ကို ပြောင်းပြီး ဆက်သွယ်ဖို့လည်း ပြောနေပါတယ်။ လတ်တလော အခြေအနေမှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေသလို ပြင်ဆင်မှု လုပ်ငန်းတွေလည်း လုပ်ဆောင်နေပါတယ်။ အီဂျစ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် တွေကတော့ အင်တာနက်သုံးစွဲဖို့ အခက်အခဲကြောင့် ကြုံလာရဖွယ်ရှိတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ဒီကနေ့မှာလည်း ဆက်လက်ကျိုးပမ်းနေကြရဆဲပါ။ အင်တာနက်လိုင်းအသစ်တွေကို ပြင်သစ်နိုင်ငံ မာဆေးလ်မြို့နဲ့ အီဂျစ်နိုင်ငံ အလက်ဇန်ဒယီးယား တို့ကြား ဆက်သွယ်ဖို့ အစီအစဉ်သစ်တွေကိုတော့ လွန်ခဲ့တဲ့ ၉ လ ကတည်းက လုပ်ဆောင် နေခဲ့တာပါ။ အခုလို အဖြစ်အပျက်တွေက ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ထားပြီး ဆက်သွယ်မှုလမ်းကြောင်းသစ် ဖြစ်တဲ့ ဒီအစီအစဉ်ဟာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်ခင်ဗျာ။