လေဆိပ် စီးနင်းမှုကြောင့် ထိုင်း ခရီးသွားလုပ်ငန်း ထိခိုက်

ထိုင်းနိုင်ငံမှာ အစိုးရ ပြုတ်ကျရေး ဆန္ဒပြသူတွေက ဘန်ကောက်ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ ဖြစ်တဲ့ သုဝဏဘူမိနဲ့ ဒွန်မောင်းလေဆိပ်တွေကို စီးနင်း သိမ်းပိုက် ထားတာကြောင့် လေယာဉ်သွားလာရေးတွေ ရပ်ဆိုင်းနေရပြီး တနေ့ကို အမေရိကန် ၁၄သန်း ဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ထိုင်းလေကြောင်းဌာနက ပြောဆို လိုက်ပါတယ်။

ထိုင်းနိုင်ငံကို နိုင်ငံခြား ဝင်ငွေပေးနေတဲ့ အဓိကကျတဲ့ လုပ်ငန်းတွေထဲမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်သောင်း ငါးထောင်ကျော်ရဲ့ ၆.၅%နှုန်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ရတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ နှစ်စဉ်နှစ်စဉ် ကမ္ဘာ့လှည့်ခရီးသည် ရောက်ရှိနှုန်းဟာ ၇ရာခိုင်နှုန်းနဲ့ ၈ရာခိုင်နှုန်းကြား တိုးပွားလာနေပါတယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်မှာ ခရီးသည်ပေါင်း ၁၄.၈သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၆ခုနှစ်ကထက်ဆာရင် ၁၀သန်းကျော် တိုးလာတာပါ။ ကမ္ဘာပေါ်မှာ အစည်းကားဆုံးလေဆိပ်တွေထဲမှာ သုဝဏဘူမိလေဆိပ်ဟာ နံပါတ် ၁၈မှာရှိပါတယ်။

ဒါပေမယ့်လည်း နိုင်ငံရေး မတည်ငြိမ်တာကြောင့် ကမ္ဘာ့လှည်ခရီးသွားလာရေးနဲ့ ဆက်စက်နေတဲ့ လေကြောင်း လုပ်ငန်းတွေတင် မကဘဲ ဟောတယ် နဲ့ ခရီးသွားလုပ်ငန်းတွေ၊ တက်ဆီလုပ်ငန်းတွေစတဲ့ စီးပွားရေးတွေကိုပါ ထိခိုက်ရပါတယ်။ တက်ဆီကားမောင်းပြီးစီးပွားရှာနေတဲ့ ထိုင်းနိုင်ငံသားတဦးက အခုလို ပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေ ကျဆင်းနေပါတယ်။ ဘာမှ ကောင်းမလာနိုင်ဘဲ နေရေးထိုင်ရေးအတွက် ငွေရှာရတာ အင်မတန် ခက်ခဲပါတယ်။

လက်ဘေးစားသောက်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ မစ္စက် ဖန်ဆရီကလည်း သူ့လုပ်ငန်း အဆင်မပြေတာကို အခုလို ရှင်းပြပါတယ်။

သိပ်ရောင်းရဘူး၊ ကုန်ကျစရိတ်တွေကလည်း တရိတ်ရိတ် တက်နေတယ်။ ကျမတော့ ခေါင်းထဲမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို မစဉ်စားဘူး။ အစိုးရထောက်ခံသူရော၊ ဆန့်ကျင်သူတွေကိုပါ အဆင်ပြေစေချင်ပါတယ်။ သူတို့တွေမှာလည်း ကလေးတွေရှိတယ်။ ကျမတို့မှာလည်း ကလေးတွေရှိတယ်။ အားလုံးက လူသားတွေပါ။

တချို့ပြည်သူတွေကတော့ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို မတားဆီးနိုင်ပဲဖြစ်နေတဲ့ လက်ရှိအစိုးရကို ပြစ်တင်ပြောဆိုပါတယ်။

အိမ်ရှင်မ တဦးဖြစ်တဲ့ မစ္စက် ဂျီရာဝဒီက

ကျမ လက်ရှိအခြေအနေကို နဲနဲမှ မကြိုက်ပါဘူး။ အားလုံး ကမောက်ကမတွေ ဖြစ်နေပြီး ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါပြီ။ အစိုးရက အစိုးရကို ဆန့်ကျင်နေတဲ့ PADကို ဘာလိုမှ တားလို့မရဘူးဖြစ်နေတယ်။ ဒီအတိုင်း ဘယ်လို ဆုံးဖြတ်ချက်ကို မှ မချနိုင်ရင်တော့ အခုအတိုင်း ဖြစ်နေဦးမှာပါ။

နောက်ဆုံး သိရတာကတော့ ဝန်ကြီးချုပ် ဆွန်ချိုင်းကတော့ သူဟာ တရားဝင် ရွေးကောက် တင်မြောက်ခံခဲ့ ရတာကြောင့် ရာထူးက ဆင်းမပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဘန်ကောက်မှာ ရှိတဲ့ လေဆိပ် ၂ခုကိုလည်း အစိုးရက အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ထားပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေကတော့ သူတို့ နိုင်ငံက ခရီးသွားတွေကို အထူးတသိထားဖို့ သတိပေး ကြေညာထားကြောင်း တင်ပြလိုက်ရပါတယ်။