အရေးပေါ်အထောက်အကူများ လက်ခံရန် နှောင့်နှေးသည့် စစ်အစိုးရအပေါ် နိုင်ငံတကာဝေဖန်

မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံခဲ့ရတာ
၆ ရက်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံ
ထဲကို နိုင်ငံတကာအထောက်အပံ့တွေ
အလုံးအရင်းနဲ့ ရောက်မလာနိုင်သေးပါ
ဘူး။ သေကျေမှုနဲ့ ပျက်စီးမှုသတင်းတွေ
ကတော့ တနေ့တခြား တိုးပွားလာနေပါ
တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအကူ
အညီ ရယူရေး အကျပ်အတည်းပြဿနာ
ကို ဗွီအိုအေမြန်မာပိုင်းဌာနမှူး
ဦးသန်းလွင်ထွန်းက သုံးသပ်တင်ပြ
ပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရုပ်မြင်သံကြားမှာ အိန္ဒိယလေတပ်၊ ထိုင်းလေတပ်၊ တရုတ်
လေယာဉ်၊ လောနိုင်ငံကလေယာဉ်၊ ကုလသမဂ္ဂလေယာဉ် စသဖြင့် လေယာဉ်ကြီး
တွေ ဆိုက်ရောက်ပြီး အကူအညီတွေချပေးနေတာကို ပြသနေပြီး အခြေအနေဟာ
လည်း ပုံမှန်ပြန်ရောက်လာပါတော့မယ်ဆိုတဲ့ သဘောကို ပြောဆိုနေပေမယ့် ဒီအကူ
အညီတွေဟာ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ဆင်ပါးစပ် နှမ်းပက်သလောက်သာ ရှိနေဦးမယ်ဆိုတာ ထင်ရှားနေတဲ့အပြင် ကမ္ဘာ့ကပ်ဘေးဒုက္ခ
ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း အခုလက်ရှိ အခြေအနေမှာ နောက်ဆက်တွဲ
ဖြစ်လာနိုင်တဲ့ ရောဂါကပ်ဘေးနဲ့ ငတ်မွတ်မှုဘေးအန္တရာယ်တွေ အလွန်ကြီးမားနေ
ကြောင်း သတိပေးပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ထောက်ပံ့မှုများအရေးဆိုင်ရာ လက်ထောက်အတွင်း
ရေးမှူးချုပ် ဂျွန်ဟုမ်း ထောက်ပြသွားတဲ့ နောက်ဆက်တွဲ ဘေးဒုက္ခအန္တရာယ်တွေ
အခြေအနေကို ကော့မှူးမြို့နယ်ထဲက လေဘေးဒုက္ခသည် အမျိုးသမီးတဦးရဲ့ ပြောကြား
ချက်ကလည်း သက်သေခံနေပါတယ်။

“ညနေစာတောင်မရှိတော့ဘူး၊ ငုတ်တုတ်ထိုင်နေရတယ်။ ဒီဆိုင်တွေပြိုလဲသွားတော့
ဝယ်စရာလည်းမရှိတော့ဘူး။ ဝါးတွေဘာတွေလည်း ပို့လို့မရတော့ဘူး၊ အကုန်ပြိုလဲ
သွားတော့။”

ဒီလို ကူညီရာမဲ့ဖြစ်နေတဲ့ လေဘေးဒုက္ခသည်တွေအနေနဲ့ မြန်မာစစ်အစိုးရရဲ့ ရုပ်မြင်
သံကြားမှာ ပြသနေတဲ့ တိုင်းမှူး၊ တပ်မမှူးကြီးများရဲ့ နယ်လှည့်အခမ်းအနားတွေနဲ့ အကူအညီပေးအပ်ပွဲ အခမ်းအနားတွေဆီကို လက်လှမ်းမီမမီကတော့ အသေအခြာ
မသိနိုင်ပါဘူး။ ရန်ကုန်မြို့ခံတဦးကဆိုရင် ရုပ်မြင်သံကြားမှာ ဒီလို ရှိုးပြ နိုင်ငံရေး အမြတ်ထုတ်နေမယ့်အစား စစ်တပ်အနေနဲ့ လူထုကို ထိထိရောက်ရောက် အကူအညီ ပေးသင့်ပါတယ်လို့ ပြောဆိုပါတယ်။ တခြားစစ်ဗိုလ်ချုပ်ကြီးတွေကိုသာ တွေ့နေရပြီး
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစု ဒီလိုအရေးပေါ်အခြေအနေမှာ လူထု
မြင်ကွင်းကနေ ပျောက်ကွယ်နေတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ မြန်မာစစ်အစိုးရအနေနဲ့
ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးဖို့၊ ကူညီပေးနိုင်ဖို့ လုံးဝမတတ်နိုင်တဲ့ အနေအထားမှာ
ရှိနေပြီး နိုင်ငံတကာအကူအညီတွေကို တောင်းခံနေပေမယ့် အကူအညီတွေပေးရုံပေး၊
ပြည်တွင်းကိုဝင်ရောက်ပြီး လေ့လာမှုတွေ၊ အကဲဖြတ်စိစစ်မှုတွေ မလုပ်နဲ့ဆိုတဲ့သဘော ဟန့်တားထားသလို ဖြစ်နေတာမို့ ဘေးဒုက္ခသင့်နေသူတွေအတွက် ရက်ကြာလေ ဒုက္ခတွေပိုဆိုးလာမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း မြန်မာစစ်အစိုးရနဲ့ မိတ်ဖက်နိုင်ငံကြီးဖြစ်တဲ့ အိမ်နီးချင်း တရုတ်အစိုးရ
ကတောင် အခုလိုပန်ကြားလာခဲ့ရပါတယ်။

“ကြုံတွေ့နေရတဲ့ ကပ်ဘေးဒုက္ခကြီးကနေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကြံဉာဏ်တွေကို ရယူပြီး ပူးပေါင်းဆောင်ရွက်ပေးသင့်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်
မစ္စတာကျင်ဂန်း (Qin Gang) က ပန်ကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ကနဦးမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အမေရိကန်သံရုံးကတဆင့် ဒေါ်လာ ၂၅၀,၀၀၀ ကမ်းလှမ်းခဲ့အပြီး နောက်ထပ် ဒေါ်လာ
၃,၀၀၀,၀၀၀ အကူအညီပေးပါမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံကတဆင့် လေယာဉ်တွေနဲ့ အကူအညီတွေပေးပို့ဖို့ အစီအစဉ်ဟာ မနေ့က
မဖြစ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဲရစ်ဂျွန် (Eric John) က အခုလိုပြောပါတယ်။

“အစောပိုင်းက ဒီလို လေကြောင်းက အကူအညီတွေ ပေးမယ်ဆိုတာကို မြန်မာအစိုးရ
က လက်ခံမယ့်သဘော အမေရိကန်ပြည်ထောင်စုအနေနဲ့ရော ကြားကနေဝင်ပြီး
ညှိနှိုင်းပေးနေတဲ့ ထိုင်းလေတပ်ဘက်ကပါ ယူဆနေကြပေမယ့် တကယ်တမ်းမှာ
ဖြစ်မလာခဲ့ပါဘူး။ ကျနော်တို့ အယူအဆလွဲခဲ့တာလား၊ မြန်မာစစ်ခေါင်းဆောင်တွေက
လက်မခံဖို့ ဆုံးဖြတ်ခဲ့တာလားတော့ မသိနိုင်သေးပါဘူး။” လို့ သံအမတ်ကြီး အဲရစ်ဂျွန်
က ရှင်းပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ထိထိရောက်ရောက် ကူညီရေးမှာ အခုလို နှောင့်နှေးနေရတာနဲ့
ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ရဲ့ အကြီး
အကဲ မစ္စတာကေလူးကလည်း …

“အခုကိစ္စဟာ ကြီးမားတဲ့ပြဿနာကြီး ဖြစ်တဲ့အတွက် ဘေးဒုက္ခဒဏ်ခံနေရတဲ့ နေရာ
တွေမှာ ဘယ်လောက်အတိုင်းအတာအထိ အကူအညီတွေလိုတယ်၊ ဘာတွေလုပ်ရမယ်
ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းညှိနှိုင်းသွားဖို့ လိုပါတယ်။ လောလောဆယ်
မြန်မာနိုင်ငံက လက်ခံလိုက်တဲ့ ကုလသမဂ္ဂ လေ့လာရေးအဖွဲ့ဝင် ၄ ဦးလောက်နဲ့ မလုံ
လောက်ပါဘူး” လို့ ရှင်းလင်းသွားခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူသားဒုက္ခတွေကို ကြားဝင်ဖြေရှင်းပေးဖို့အတွက် သက်ဆိုင်ရာ
နိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်မနေဘဲ ဝင်ရောက်ဆောင်ရွက်ခွင့် ရှိတယ်လို့ သတ်မှတ်ထားချက်ကို အသုံးပြုဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ပြီး
တိုက်တွန်းမှုတချို့ ရှိခဲ့ပေမယ့် ဒီကိစ္စဟာ လောလောဆယ်မှာ အကောင်းဆုံးဖြေရှင်း
မယ့် နည်းလမ်းတခု မဟုတ်သေးဘူးလို့ ပယ်ချထားခဲ့ကြပါတယ်။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါ်လ်တာ စတိုင်းမား (Frank-Walter Steinmeier)
ကတော့ …

“ဘေးဒုက္ခရောက်နေသူတွေကို နိုင်ငံတကာက ကူညီပေးဖို့အရေး လမ်းပိတ်ထားတဲ့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအကူအညီတွေကို အတားအဆီးမရှိ အမြန်ဆုံး
ခွင့်ပြုပေးဖို့ နောက်ထပ်တကြိမ် မေတ္တာရပ်ခံပါရစေ” လို့ပဲ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး
က ပြောကြားသွားခဲ့ပါတယ်။