ဒီကနေ့ကျရောက်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်နေ့မှာ မြန်မာစစ်အစိုးရ အကြီး
အကဲက မကြာခင်ကျင်းပတော့မယ့် လူထုဆန္ဒခံယူပွဲက အတည်ပြုဖို့ရှိတဲ့ အခြေခံ
ဥပဒေကို အလုပ်သမားထုကြီးက ဝိုင်းဝန်းထောက်ခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တချိန်တည်းမှာပဲ အဓိကအတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ အလုပ်သမား၊ လယ်သမား အခွင့်အရေးတွေကို
အာမ မခံနိုင်တဲ့ အခြေခံဥပဒေ အတည်မဖြစ်စေဖို့ ကန့်ကွက်မဲတွေထည့်ကြဖို့ နှိုးဆော်
လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မေလ ၁ ရက်နေ့ အလုပ်
သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာတစောင်ပေးပို့ပြီး အခုလို ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာ အလုပ်သမားကိုယ်စား လှယ်တွေကိုယ်တိုင် ပါဝင်ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်တာမို့ ဒါကိုအတည်ပြုနိုင်
ရေး ထောက်ခံကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမယ့်လည်း အတိုက်အခံ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကတော့ အလုပ်သမား၊ လယ်သမား၊ မြန်မာ
နိုင်ငံက အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေးတွေအတွက် အာမ မခံနိုင်တဲ့ အခြေခံ
ဥပဒေဖြစ်တာမို့ ဒီလ ၁၀ ရက်နေ့ကျင်းပမယ့် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေထည့်ပါ
ဆိုပြီး ထပ်မံတိုက်တွန်းလိုက်တာပါ။
“ခု အခြေခံဥပဒေမူကြမ်းဆိုပြီး တင်ထားတဲ့အထဲမှာ အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမား ဒါတွေရဲ့ အခွင့်အရေးကို တိတိကျကျ ဘာမှ
ဖော်ပြထားတာမရှိဘူး။ အမျိုးသားညီလာခံ မစခင်ကတည်းက အမျိုးသားညီလာခံရဲ့ အခြေခံအဖွဲ့တွေထဲမှာ အလုပ်သမားအဖွဲ့၊ တောင်သူလယ်သမားအဖွဲ့ဆိုပြီး အဖွဲ့တွေ
ထည့်ထားတယ်။ ဒါပေမယ့် အခြေခံဥပဒေမူကြမ်းမတိုင်ခင် အခြေခံမူများဆိုပြီး ပေါ်လာတဲ့အထဲမှာကြတော့ အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဘာမှမပါဘူး။
“အဲဒီလူတန်းစားတွေကို သူတို့က ခေါ်တော့ခေါ်လိုက်တယ်။ အတင်းအကျပ် သူတို့ ကိုယ်စားလှယ်ဆိုတဲ့ပုဂ္ဂိုလ်များကို ခိုင်းတာလုပ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့ဟာကို
ထောက်ခံခိုင်းတယ်။ အခြေခံမူများဆိုပြီးချတယ်။ ချပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ
မူကြမ်းဆိုပြီး ဆွဲတယ်။ ဆွဲတဲ့အခါမှာလည်း ဒီလူတန်းစားတွေရဲ့ အခွင့်အရေးဆိုတာ
ဘာမှမပါဘူး။ ဥပမာ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ဆိုတာ လုံးဝမပါဘူး။ တောင်သူ
လယ်သမားများရဲ့ အဖွဲ့အစည်း သမဂ္ဂလိုဟာမျိုး ဖွဲ့စည်းဖို့ဆိုတာလည်း ဘာမှမပါဘူး။
မပါတော့ ဒီအခြေခံဥပဒေဟာ သူတို့အတွက် ဘာမှအာမခံထားတာမရှိဘူး။ မရှိတဲ့
အတွက် သူတို့နဲ့ ပြည်သူလူထုနဲ့တွဲပြီး ကြက်ခြေခတ်ပါလို့ ကျနော်တို့က ရေးထား
တာပါ။”
အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အန်န်အယ်လ်ဒီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်သာမြင့် ပြောပြသွားတာပါ။ အခုအခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ အမျိုးသားညီလာခံကိုယ်၌
ကလည်း ဒီမိုကရေစီနည်းကျ လုပ်ဆောင်ခဲ့တာတွေ မရှိခဲ့သလို အဲဒီကထွက်ပေါ်လာတဲ့ အခြေခံဥပဒေထဲမှာဆိုရင်လည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းထားတယ်ဆိုပြီး ဝေဖန်မှုတွေကလည်း ရှိနေတာပါ။ ဒါ့အပြင် တိုင်းပြည်မှာ အရေးပေါ်အခြေအနေ တစုံတရာပေါ်ပေါက်ရင်လည်း စစ်တပ်က အာဏာကို
လွှဲပြောင်းရယူခွင့်ရှိဖို့ စတာတွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒီလိုအခြေ
အနေတွေ ရှိနေတာမို့လည်း အန်န်အယ်လ်ဒီက ဒါကို ဆန့်ကျင်ကြဖို့နဲ့ လာမယ့် ဆန္ဒ
ခံယူပွဲအတွင်း ကန့်ကွက်မဲတွေထည့်ကြဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။ အန်န်အယ်လ်ဒီပါတီက ဦးစိန်လှဦးကတော့ အခုလိုပြောပြသွားပါတယ်။
“ဒီနေ့အချိန်မှာ တကယ်ကြတော့ သူတို့ရဲ့နှလုံးသား၊ သူတို့ရဲ့ခံစားချက်တွေကို ကျနော်
တို့ တိုက်ရိုက်ပြောဖို့လိုပါတယ်။ အဲဒီအတွက် ကျနော်တို့က ထုတ်ထားတာရှိပါတယ်။ မဲလက်မှတ်ပေါ်မှာ ကြက်ခြေခတ်၊ ပြည်သူ့အောင်ပွဲမှတ်ဆိုတဲ့ ဒီအချိန်မှာ ကြက်ခြေ
ခတ်ဖို့ဆိုတာကို မဲပေးတဲ့နေရာမှာ၊ မဲရုံဆိုတာ လူထုရဲ့ အချုပ်အခြာအာဏာပိုင်၊ လွတ်မြောက်တဲ့နယ်မြေ၊ လူထုပိုင်စိုးတဲ့နယ်မြေ၊ ဘာမှကြောက်ဖို့မလိုဘူး။
လွတ်လွတ်လပ်လပ် လျှို့ဝှက်ဆန္ဒမဲလည်းဖြစ်တယ်။ ကိုယ့်ဆန္ဒကို ကိုယ်ဖော်ထုတ်ပါ။
အဲဒီအတွက် ကျနော်တို့အဖွဲ့ချုပ်က ပြည်သူကိုပန်ကြားထားတဲ့အတိုင်း ကြက်ခြေခတ်ပြီး စစ်တပ်အုပ်စိုးမယ့်၊ စစ်ဝါဒီတွေ သက်ဆိုးရှည်မယ့်၊ လူထုဆန္ဒကိုကျောခိုင်းမယ့်၊ ဒီမို
ကရေစီကို နှောင်ကြိုးတည်းမယ့် ဒီဖွဲ့စည်းပုံကို ကြက်ခြေခတ်ပေးပါလို့ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။”
မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အလုပ်သမားနေ့ သဝဏ်လွှာ
ထဲမှာတော့ အလုပ်သမားလူတန်းစား အပါအဝင် လူထုတွေရဲ့ ကြိုးပမ်းမှုကြောင့်
အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးမှုတွေ ပေါ်ပေါက်လာနေတာမို့ အစိုးရရဲ့ ရှေ့ဆောင်ရွက် ချက်တွေကိုလည်း ပံ့ပိုးထောက်ခံသွားဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့်လည်း အန်န်အယ်လ်ဒီဘက်ကတော့ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးစေခိုင်းမှု အခြေ
အနေတွေ၊ ကလေးစစ်သား အသုံးပြုမှုပြဿနာတွေ ရှိနေဆဲဖြစ်သလို အလုပ်သမား
တွေ အပါအဝင် လူထုတွေရသင့်တဲ့ အခြေခံအခွင့်အရေးတွေဟာလည်း ဆုံးရှုံးနေဆဲပဲ
ဆိုပြီး ပြောဆိုထားပါတယ်။