တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေ ထိခိုက်သေဆုံးမှု ၆ ဆတိုး

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် မောင်တောမြို့ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ဒုက္ခသည် ကလေးတချို့။ (သြဂုတ် ၂၈၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ အသက် ဆုံးရှုံးမှုနဲ့ ထိခိုက် ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့နှုန်းက မြင့်တက်လာနေတယ်လို့ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကလေးငယ်များ။ (ဓာတ်ပုံ - UNICEF)

ကပ်ရောဂါကာလ အပစ်ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မေတ္တာရပ်ခံထားတဲ့ ကြားက ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒီနှစ် ပထမသုံးလကာလ ကလေးတွေ ထိခိုက်သေဆုံးနှုန်းက ပြီးခဲ့တဲ့နှစ် နှောင်းပိုင်း သုံးလတာကာလထက် ၆ ဆ မြင့်တက်လာ ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့က ပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလက မတ်လအတွင်း ရခိုင်ပြည်နယ် အလယ်ပိုင်း တနေရာတည်းမှာပဲ ကလေး ၁၈ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရခဲ့သလို၊ မနှစ် အောက်တိုဘာလက ဒီဇင်ဘာလအတွင်းမှာတော့ ကလေး ၃ ယောက် အသက်ဆုံးရှုံးပြီး ၁၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

SEE ALSO: ပုဏ္ဏားကျွန်း၊ ကျောက်ဆိပ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး ဒေသခံတွေ ထွက်ပြေးနေရ

၂၀၁၈ ခုနှစ် နှောင်းပိုင်းက စတင်ဖြစ်ပွားခဲတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲတွေက ဒီနှစ်ထဲ ပိုပြီး ပြင်းထန်လာခဲ့တာပါ။

ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခုလို ကလေးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ မြင့်တက်လာနေပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မနှစ်အောက်တိုဘာက ဒီနှစ် မတ်လအတွင်း ကလေးတွေ ထိခိုက် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းခဲ့တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေမှာ ထိခိုက် သေဆုံး ဒဏ်ရာရသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းက ကလေးသူငယ်တွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ၂၀၁၉ အစီရင်ခံစာမှာ မြန်မာနိုင်ငံထဲ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံထဲက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ အရေးယူမှုတွေ အလျင်အမြန် ဆောင်ရွက်ကြဖို့ Save the Children အဖွဲ့က တိုက်တွန်း ထားပါတယ် ရှင်။

Your browser doesn’t support HTML5

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေ ထိခိုက်သေဆုံးမှု ၆ ဆတိုး

[Unicode Version]






SEE ALSO: ရခိုင်က ဒုက္ခသည်တွေ အိမ်ပြန်ချင်ပေမဲ့ မေ ျှာ်လင့်ချက်ဝေးနေဆဲ

