တရုတ်အစိုးရက မြန်မာအရေး ထဲထဲဝင်ဝင် စွက်ဖက်ချယ်လှယ်နေတဲ့အပေါ်မှာ နိုင်ငံတကာ လှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားနိုင်ဖို့ မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ အဲဒီအဖွဲ့ရဲ့ ဒီကနေ့ အွန်လိုင်းက သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ရဲ့ အခု သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရသစ်အဖြစ် တာဝန် ထမ်းဆောင်ရတော့မယ့် ရွေးချယ်ခံ သမ္မတသစ် ဒေါ်နယ်ထရန့် အစိုးရကို ဘယ်လို ချည်းကပ်ဖို့ ဆောင်ရွက်သင့်သလဲ ဆိုတာကို ပြောဆိုကြပါတယ်။ ဝါရှင်တန်ဒီစီ၊ Save Myanmar လှုပ်ရှားမှုအဖွဲ့က ကိုရင်အေး ပြောတာက −
" Global Seminar ကို ကျင်းပဖို့အတွက်ကို လက်ရှိအခြေအနေမှာ တရုတ်နဲ့ပတ်သက်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တုံ့ပြန်ဖို့လိုနေတယ်။ အဲဒီအတွက်ကို ညှိနှိုင်းဆွေးနွေးဖို့ ဦးဆောင််ခေါ်ခဲ့ပါတယ်။ တရုတ်ရဲ့ မြန်မာအပေါ် ဝင်ရောက်စွက်ဖက်မှုမှာ ဘာပါလာလဲ ဆိုလို့ရှိရင် တရုတ်အပါအဝင် နိုင်ငံတကာရဲ့ စွက်ဖက်မှုတွေဟာ ကျနော်တို့ဆီက ညီညွတ်မူကို ပြသနိုင်လို့ရှိရင် အားလုံး ပြီးမြောက်စေပြီး အားလုံးပါဝင်တဲ့ စုဖွဲ့မှုကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်"
ဒေါ်နယ်ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းတုန်းကလည်း ရန်ကုန်က အမေရိကန်သံရုံးကနေ တရုတ်အစိုးရဟာ မြန်မာအရေးကို ဝင်ရောက်စွက်ဖက် ချယ်လှယ်နေတယ်လို့ ကြေညာချက် တစောင်ထုတ်ခဲ့ပါတယ်။ အခုမြန်မာနိုင်ငံရေးမှာ တရုတ်က အဓိက အခန်းကဏ္ဍမှာရှိတဲ့ ပြည်ပနိုင်ငံကြီး တခုဖြစ်နေတဲ့အတွက် အမေရိကန်နဲ့ တရုတ်တို့က နောက်ကွယ်ကပါဝင်တဲ့ စစ်တလင်းပြင် Proxy War ဖြစ်သွားနိုင်သလားလို့ ဗွီအိုအေက မေးမြန်းထားတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးကိုကိုလေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း- ဆန်ဖရန်စစ္စကို)က အခုလို ပြောပါတယ်။
" Proxy War နဲ့ ပတ်သက်လို့ နိုင်ငံကြီးတွေ အနေနဲ့ကတော့ သူ Interest အရ လုပ်မှာပဲ။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်သူလူထု အနေနဲ့ကတော့ ဘယ်နိုင်ငံကမှ ကျနော်တို့နိုင်ငံကို စွက်ဖက်တာ မလိုလားပါဘူး။ ကျနော်တို့ ဘယ်ဘက်မှ မယိမ်းဘူးပြောထားတဲ့အတွက် ကျနော်တို့ ဘက်မလိုက် ဝါဒအတိုင်းရပ်တည်ပြီး ပြည်သူအကျိုးစီးပွားအတိုင်း ဆုံးဖြတ် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါကလည်း ကျနော်တို့ မဟုတ်ပါဘူး။ State Holder ဖြစ်ပါတယ်။ အဲဒီအတွက် တဖက်စောင်းနင်း မလုပ်သမျှတော့ Proxy War မဖြစ်ပါဘူး။ ဒီလို တရုတ် ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး Balance ဖြစ်ဖို့ လူသားချင်းစာနာရေးအကူညီတွေပေးဖို့ Non Lethal တို့ Early Warning ရဖို့ကိုတော့ အစကတည်းက တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ဆက်လက် တောင်းဆိုမှာဖြစ်ပါတယ်။ "
မြန်မာပြည် နိုင်ငံရေးမှာ တရုတ်က သူလိုချင်သလို ပုံဖော်နေတယ်လို့ ယူဆမှုတွေ ရှိနေသလို အခုအခါမှာတော့ တရုတ်ရဲ့ ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှု ပြလာတာတွေ့ရပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာပြည်က နိုင်ငံရေးပါတီခေါင်းဆောင်တွေကို နယူးဒေလီမြို့တော်ကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွေလုပ်ဆောင်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗွီအိုအေက မေးမြန်းတဲ့အခါမှာလည်း ဦးကိုကိုလေး နဲ့ International Network for Myanmar Spring Revolution အဖွဲ့က ဒေါ်သီရိနန္ဒာ က အခုလိုပြောပါတယ်။
ဦးကိုကိုလေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း၊ ဆန်ဖရန်စစ္စကို) ။ ။ " တရုတ် ဝင်ရောက် စွက်ဖက်လာမှုအပေါ်မှာ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက Ballance အနေနဲ့ ဝင်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်။ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားရှိသလို ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွား တူညီဖို့ လိုအပ်ပါတယ်။ ပြည်သူလူထု ဆန္ဒပါဝင်တဲ့ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမဆို ကျနော်တို့က လက်ခံကြိုဆို ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရက္ခိတတပ်တော် AA ၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ သွားတက်တယ်ဆိုတာ ကျနော်တို့ မကြားမိပါဘူး။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို နားချတဲ့ ပုံစံလောက်နဲ့တော့ ကျနော်တို့နိုင်ငံ ပြသာနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူ့ဆန္ဒ ထင်ဟတ်မယ်လို့ မယုံကြည်ပါဘူး"
ဒေါ်သီရိနန္ဒာ − International Network for Myanmar Spring Revolution ။ ။ " ဒီ Global Seminar ကြီးမှာပါဝင်ကြတဲ့ တတ်သိပညာရှင်တွေမှာဆိုရင် တရုတ်အရေး ကျွမ်းကျင်တဲ့ ပညာရှင်ကြီးတွေက တော်တော်များများပါဝင်တယ်ရှင့်။ ဒါပေမဲ့ ကျမတို့အနေနဲ့ အိန္ဒိယနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ အများကြီး လိုအပ်နေပါတယ်။ ကျမတို့ လုပ်ဆောင်ဖို့ လျာထားချက်ထဲမှာလည်း အိန္ဒိယကို ချည်းကပ်ဖို့ ပါပါတယ်ရှင့်။ "
ဒါ့အပြင် သူတို့အနေနဲ့ ပြည်တွင်းပြည်ပ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေနဲ့ မကြာခန အွန်လိုင်းကနေ နှီးနှော်ဖလှယ်ပွဲတွေ ကျင်းပပြီး ဘုံရည်မှန်းချက်တွေ ဖြစ်ကြတဲ့ စစ်အာဏာရှင် ပြုတ်ကျရေးကို တိုင်ပင်သွားမယ်လို့လည်းပြောကြပါတယ်။
လက်နက်ကိုင် အင်အားစုတွေအကြား နယ်မြေဆက်စပ်မှုအရ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းကြဖို့လည်း တိုက်တွန်းနေတယ်လို့ ပြောပါတယ်။ အခုသတင်းစာရှင်းလင်းပွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၀) နဲ့ (၂၇)တွေက NUG အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၄၀ နီးပါး တက်ရောက်ခဲ့ကြတဲ့ အွန်လိုင်းဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ရှင်းပြတာလည်းဖြစ်ပါတယ်။