တားမြစ်အလုပ် လုပ်တဲ့ မြန်မာနဲ့ မြန်မာကုန် ထိုင်းဖမ်းဆီး

ထိုင်းနယ်စပ် မဲဆောက်မြို့ ဈေးထဲက မြန်မာကုန်ပစ္စည်းဆိုင် (Photo: VOA Burmese)

ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင် ၂၇ မျိုးထဲက ဈေးရောင်းတဲ့အလုပ် လုပ်ကိုင်နေတဲ့မြန်မာ နှစ်ထောင်ကျော် ဖမ်းဆီးခံရတဲ့အပြင် မြန်မာကုန်ပစ္စည်းတွေ ရောင်းဝယ်မှုတွေကိုလည်း ဖမ်းဆီးနေပါတယ်။ ထိုင်းမြန်မာနယ်စပ် မြဝတီဘက်ကနေ မဲဆောက်ကို တင်သွင်းလာတဲ့ မြန်မာဘက်က ကုန်ပစ္စည်းတွေကိုလည်း ထိုင်းဘက်က နယ်စပ်တံတားထိပ် နယ်စပ်စစ်ဆေးရေးဂိတ်တွေကနေ စစ်ဆေးဖမ်းဆီးနေတယ်လို့ အရောင်းအဝယ်လုပ်ငန်းလုပ်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ ရက်ပေါင်း ၁၂၀ စီမံချက်အတွင်းမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင် ၂၇ မျိုးထဲက ဈေးရောင်းတဲ့အလုပ် လုပ်ကိုင်နေသူတွေ ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အတွက် မြန်မာတွေ ၂ ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ မြန်မာကုန်ပစ္စည်း ရောင်းဝယ်တာတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနေတာပါ။

ထိုင်းဘက်က မြန်မာကုန်ပစ္စည်းတွေကို မဲဆောက်−မြဝတီ ချစ်ကြည်ရေးတံတားကနေ သယ်ဆောင်လာတုန်း ဖမ်းဆီး စစ်ဆေးမှုတွေနဲ့ ကြုံရတယ်လို့ မဲဆောက်ဈေးက ဈေးသည်တဦး ပြောပြပါတယ်။

" စစ်တယ် တံတားပေါ်မှာစစ်တယ်၊ ဖမ်းရင်လည်း ဖမ်းပစ်လိုက်တယ်။ ဒီဘက်ကို ပေးမလာတော့ဘူး လုပ်တယ်၊ အခုက သယ်တဲ့သူတွေကလည်း သယ်တယ်၊ အဲဒီတော့ ပိတ်ဖမ်းတာတွေလည်းရှိတော့ တချို့က လာလို့မရဲတော့ဘူး၊ သူတို့ (ကားတွေက) အာမ မခံဘူးလေ ကားတွေက သယ်လာတုန်း ဖမ်းတယ်ဆိုရင် ဖမ်းမိတဲ့အခါမှာ အာမ မခံဘူးလေ၊ အဖမ်းအဆီးရှိတယ်လို့ပြောတယ်လေ။ "

SEE ALSO: မြန်မာဘက်ပို့မယ့် သွင်းကုန်တွေ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

မဲဆောက်ဈေးထဲမှာတေ့ာ ဈေးတဈေးလုံးနီးပါးက မြန်မာကုန်ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကား နေကြတာပါ။ အခု အဖမ်းအဆီး ရှိလာတဲ့အတွက် ကုန်တွေလည်းဈေးတက်သလို ဈေးသည်တွေလည်း ရဲဖမ်းမှာကြောက်ပေမယ့် ဈေးကတော့ ရောင်းနေရဆဲ ဖြစ်တယ်လို့ပြောပါတယ်။

" ပစ္စည်းတွေက သိမ်းတယ် သိမ်းပြီးပြန်ထုတ်တယ်၊ ဘယ်လိုလုပ်ရမလဲ ရဲက ဘယ်နေ့ လာမလဲလည်းဆိုတာလည်းမသိဘူး၊ လာရင်လည်း ပြေးရတာပေါ့။ အခုက တွေ့ရင်တော့ ပိုင်ရှင်ဆိုရင် ဖမ်းတာပေါ့၊ ဈေးရောင်းတာက တဆိုင်ထဲမှ မဟုတ်တာ။ သိမ်းရင်တေ့ာ တဈေးလုံး သိမ်းရမှာပေါ့။ "

မြန်မာကုန်ပစ္စည်းတွေကို ထိုင်းဘက်ကပိတ်ပင်ပြီး ဖမ်းဆီးနေတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း တက်သွားခဲ့ပါတယ်။ မြန်မာကျပ်ငွေ ဈေးအတက်အကျ ထိုင်းဘတ်ငွေ ဈေးအတက်အကျပေါ် မူတည်ပြီး ဈေးသည်တွေက ဈေးရောင်းနေရတယ်လို့လည်း ဈေးသည်တွေက ဆိုပါတယ်။

ထိုင်းနယ်စပ် မဲဆောက်မြို့ ဈေးထဲက မြန်မာကုန်ပစ္စည်းဆိုင် (Photo: VOA Burmese)

" ကုန်ခြောက်ဈေးတွေကလည်း တက်တယ် အရင်က ကြက်သွန်တအိပ် ၂၀၀ ဆို အခုက ၂၃၀ လောက်ဖြစ်သွားတယ်။ အခုက ဈေးရောင်းရတာလည်း ဘတ်ဈေးကို ကြည့်ရောင်းရတယ် ဘတ်ဈေး အတက်အကျပေါ်မူတည်ပြီး ရောင်းရတယ်၊ ဘတ်ဈေးတက်ရင် ပစ္စည်းဈေးတက်လိုက်တယ် ဘတ်ဈေးကျရင် ဈေးချလိုက်တယ်။ "

ထိုင်းနိုင်ငံထဲမှာ မြန်မာကုန်ပစ္စည်းကို အဓိက သုံးစွဲသူတွေကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာကျပ်ငွေ ၁ သိန်းကို ဘတ်ငွေ ၇၇၀ လောက်ထိ ဈေးရှိပေမယ့် ပြီးခဲ့တဲ့ လတွေကတော့မြန်မာကျပ်ငွေ ၁ သိန်းကို ဘတ်ငွေ ၅၀၀ ကျော်လောက်ပဲ တန်ဖိုးရှိတာပါ၊ မြန်မာကျပ်ငွေတန်ဖိုး ကျတဲ့အတွက်လည်း မြန်မာကုန်သည်တွေ အရှုံးပေါ်တာမျိုး ဖြစ်နေပါတယ်။

အခုဆိုရင် မြန်မာကုန်ပစ္စည်းတွေကို ဖမ်းဆီးတာတွေရှိတဲ့အတွက် စားသုံးသူတွေအတွက် ဈေးပိုမြင့်သွားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ ရွှေ့ပြောင်းမြန်မာတွေက ဆိုပါတယ်။ ထိုင်းဘက်က မြန်မာကုန်တွေ ဖမ်းနေသလို မြန်မာဘက်ကလည်း ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ထိုင်းနဲ့မြန်မာ ၂ နိုင်ငံလုံးမှာ ကုန်တွေ ဈေးတက်ပြီး စားသုံးသူတွေအတွက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Your browser doesn’t support HTML5

တားမြစ်အလုပ် လုပ်တဲ့ မြန်မာနဲ့ မြန်မာကုန် ထိုင်းဖမ်းဆီး