တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွေမှာ အရေးတကြီးလိုအပ်လာတဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ
---------------------------------------------------------------------------------------------------------------------
တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၇၅ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားတယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေမှာ ဖော်ပြတာတွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကလည်း တော်လှန်ရေးအင်အားစုတွေ အပြီးအပိုင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၇၅ မြို့၊ အကြမ်းဖက်စစ်တပ် မြို့ပြင်ထွက်မရအောင် တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ထိန်းချုပ်ထားတဲ့ မြို့ ၁၀၅ မြို့၊ပြည်သူ့တော်လှန်စစ်ဖြစ်ပွားနေသောမြို့ ၇၄ မြို့ ၊အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားဆဲမြို့ ၉၈ မြို့ ၊ရာခိုင်နှုန်းအားဖြင့် တနိုင်ငံလုံးမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့က ၂၈ ရာခိုင်နှုန်းပဲရှိတယ်လို့ Public Voice Television(PVTV)က တင်ဆက်တဲ့ ပြည်သူများသို့ အောင် စကား အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ နေ့စဉ်သတင်းတွေအရ လည်း တိုင်းရင်းသားလက်နက်ကိုင် အင်အားစု(ERO)တွေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ မြို့တွေ၊ရွာတွေ တစထက် တစ တိုးလို့ သိမ်းပိုက်လာကာ စိုးမိုး ထိန်းချုပ်နယ်မြေတွေလည်း ပိုမို ကျယ်ပြန့်လာနေတာကို ကြားသိနေရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒီလို EROတွေနဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်၊သိမ်းပိုက်၊ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တနည်းအားဖြင့် စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်းသွားတဲ့ လွတ်မြောက်နယ်မြေ ဒေသတွေမှာ အုပ်ချုပ်ရေးကို ဘယ်လိုထူထောင်နေကြသလဲ။ကျန်းမာရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်နေကြသလဲ ဆိုတာပဲ ဖြစ်ပါတယ်။
MNDAA၊TNLA ခေါင်းဆောင်တွေဟာ လားရှိုး၊ကျောက်မဲ၊မိုးကုတ်၊မိုးမိတ်မြို့တွေ အပါအဝင် သူတို့သိမ်းပိုက်ထားရာမြို့တွေမှာ လူထုတွေ့ဆုံပွဲတွေပြုလုပ်ပြီး အုပ်ချုပ်ရေးယန္တယားတွေလည်ပတ်နိုင်ဖို့ ရှင်းပြတာ၊ကျန်းမာရေးလုပ်ငန်းတွေကို CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာ၊ဒါ့အပြင် မန္တလေး PDF တွေရဲ့ အုပ်ချုပ်ရေးသင်တန်းပေးတာတွေကို မီဒီယာတွေသတင်းတွေမှာ မြင်တွေ့နေရပါတယ်။
လွတ်မြောက်နယ်မြေတွေရဲ့ အုပ်ချုပ်ရေးပိုင်းကို လေ့လာကြည့်ရင် အကြမ်းဖျင်းအားဖြင့် ၂ ပိုင်းခွဲလေ့လာရမယ်ထင်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(ERO)တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ NUG လက်အောက်ခံတပ်ဖွဲ့တွေ၊အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေဆိုပြီးတော့ ဖြစ်ပါတယ်။ERO တွေမှာက အရင်ကတည်းက(နဂိုကတည်းက)သူ့တို့ဖွဲ့စည်းပုံ၊သူတို့ဥပဒေ၊သူတို့ အုပ်ချုပ်ရေးယန္တ ရားပုံစံနဲ့ သူတို့ ရှိပြီးသားဖြစ်ပါတယ်။ပြီးတော့ အဲဒီဒေသတွေမှာ NUG အုပ်ချုပ်ရေးယန္တရား သက်ရောက်မှုလည်း မရှိပါဘူး။အာဏာလေဟာနယ်ဖြစ်နိုင်တာ၊အုပ်ချုပ်ရေးပုံစံ မပီမပြင်နဲ့ ရှုပ်ထွေးမှုတွေဖြစ်နိုင်တာက NUG ထိန်းချုပ်နယ်မြေဒေသတွေမှာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။
အထူးသဖြင့် စစ်ကိုင်း၊မန္တလေးနဲ့ မကွေးဒေသတွေမှာပါ။အဲဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ပြည့်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တွေရဲ့ ကြားမှာ အချင်းချင်း အဆင်မပြေ ပွတ်တိုက်မှုတွေဖြစ်တာ၊အားပြိုင်မှုတွေနဲ့ လုပ်ပိုင်ခွင့်တွေ မရှင်းလင်းတဲ့အတွက် ကြုံရတဲ့ ပြဿနာတွေအကြောင်း သတင်းတွေမှာ၊ဆိုရှယ်မီဒီယာတွေမှာ မကြာခဏ မြင်တွေ့နေရပါတယ်။
သမိုင်းပညာရှင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်မှာ အညာက ပ သုံးလုံးပြဿနာကို ၂၀၂၄၊မေ ၂၃ ရက်နေ့မှာ VOA က ထုတ်လွှင့်ခဲ့ပါတယ်။အဲဒီသုံးသပ်ချက်မှာ ပသုံးလုံးအဖွဲ့တွေဟာလက်နက်အားကိုးနဲ့ ရမ်းကားမှု၊မတရားအခွန်ကောက်ခံမှု၊ရာဇဝတ်မှု မျိုးစုံကျူးလွန်မှုတွေအကြောင်းကို တင်ပြထားတာတွေ့ရပါတယ်။အလားတူပါပဲ NUG အောက်ခြေယန္တရား ယိုယွင်းနေဟု ဒေါက်တာတေဇာစန်း ဝေဖန်ဆိုတဲ့ ဆောင်းပါးကို Myanmar Now က ၂၀၂၄၊မေလ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာ "အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့များ ကျင့်ဝတ်စည်းကမ်း လျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှု ပိုပို ဆိုးဝါးလာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် တုံ့ဆိုင်းနေပါက လူထုထောက်ခံမှု ကျဆင်းပြီး တော်လှန်ရေးကာလကြာမြင့်နိုင်သည်ဟု ထင်ရှားသည့်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဝေဖန်လိုက်သည်”လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ဒေါက်တာတေဇာစန်းဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းစဉ်က ၇၂ နာရီစောင့်ကြည့်ရေး ဂျင်းကို ချိုးဖျက်ကာ မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ ပထမဆုံးဦးဆောင် ဆန္ဒပြခဲ့သူဖြစ်ပြီး အခုချိန်ထိ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
NUG အုပ်ချုပ်ရေးယန္တယားမှာ ပကဖ၊ပအဖ၊ပလဖ ဆိုပြီး လုပ်ငန်းတာဝန်တွေခွဲခြား သတ်မှတ်ထားတာတွေ့ရပါတယ်။စနစ်တကျဖြစ်စေဖို့ ရည်ရွယ်ထားပေမဲ့ လက်တွေ့မှာ စာရွက်ပေါ်မှာလို အဆင်ပြေပြေ ဖြစ်မနေပါဘူးဆိုတာ တွေ့နေရပါတယ်။တော်လှန်ရေးကာလမှာ ပုံမှန်အနေအထားမျိုးပုံစံနဲ့ အုပ်ချုပ်ဖို့ ကြိုးစားသလိုဖြစ်နေသလား။သီအိုရီများ ဆန်လွန်းနေသလားလို့ ဝေဖန်သူတွေလည်းရှိပါတယ်။
အဆိုးဆုံးကတော့ ဒေသန္တရအုပ်ချုပ်ရေးတာဝန်ယူထားသူတွေ အထူးသဖြင့် ပအဖ တာဝန်ယူထားသူတွေဟာ သက်ဆိုင်ရာနယ်မြေတွင်းမှာ မရှိတာ၊မြေပြင်မဆင်းတာတွေဟာ ပြဿနာတွေရဲ့ အရင်းခံအကြောင်းပဲလို့လည်း စောင့်ကြည့်လေ့လာသူတွေက ထောက်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက စစ်ကိုင်းဒေသ လွတ်မြောက်နယ်မြေတချို့ကို ရောက်ရှိခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း သူအတွေ့အကြုံကို အခုလိုပြောပြပါတယ်။
"ကျွန်တော်အနေနဲ့ စစ်ကိုင်းဒေသ MOD ရဲ့ စိုးမိုးဒေသကို ရောက်ခဲ့တဲ့အခါ မြေပြင်အုပ်ချုပ်ရေးတွေ စတင်နေတာကို တွေ့ရပါတယ်။လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်ဆိုပေမဲ့ ဒေသရဲ့ အော်ဂင်းနစ် (Organic)ဖြစ်တဲ့ အုပ်ချုပ်ရေး ဖြစ်ထွန်းမှုတွေကိုလည်း ကျွန်တော်တို့ တွေ့တယ်။ဒါကို NUG ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြေပြင်အခြေအနေကို နားလည်ဖို့နဲ့ ဒေသရဲ့ အုပ်ချုပ်ရေးပုံစံကို မပျက်ယွင်းစေဘဲနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးပုံစံဖြစ်အောင်တော့ တဖြည်းဖြည်းပြုပြင်တဲ့ ပုံစံမျိုးဖြစ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။နောက်တခုကတော့ အရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးလို ကိစ္စမျိုးကိုတော့ အခုထက်ပိုပြီး အလေးထားပြင်ဆင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။အဲဒီလို မလုပ်နိုင်ရင်တော့ ပြည်သူရဲ့ ယုံကြည်မှုကျဆင်းသွားလိမ်မယ်လို့ ထင်ပါတယ်။နောက်တခုကတော့ လူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေးလို ကိစ္စမျိုးတွေက ရေရှည်အနာဂတ်ကို မျှော်ရည်တဲ့ စဉ်းစားချက်မျိုးတွေဖြစ်ဖို့လိုပါတယ်”
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးပြောသလိုပါပဲ။မြေပြင်အခြေအနေတွေ သိရှိနားလည်နိုင်ဖို့ အုပ်ချုပ်ရေး အဓိကတာဝန်ယူရတဲ့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ မြေပြင်ဆင်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။နိုင်ငံရေး သုတေသီတစ်ဦးကတော့ NUG အစိုးရဟာ တော်လှန်ရေးကာလ အစိုးရဖြစ်ပါတယ်။နေပြည်တော်မှာ ထိုင်နေတဲ့ ပုံမှန်အနေအထား အစိုးရမျိုး မဟုတ်ပါဘူး။
ဒါကြောင့် အုပ်ချုပ်ရေးကိစ္စရပ်တွေကို တော်လှန်ရေးအစိုးရပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အထူးသဖြင့် Local Governance ကိုတာဝန်ယူပုံဖော်နေတဲ့ ပကဖ၊ပအဖ၊ပလဖ တွေရဲ့ ဆောင်ရွက်ချက်တွေကို ပြန်ပြီး ဆန်းစစ်သုံးသပ်တဲ့ Assessment တွေ လုပ်သင့်တယ်။ပိုပြီးရှင်းလင်းတဲ့ မူဝါဒတွေ၊ မဟာဗျူဟာတွေ ချမှတ်သင့်ပါတယ်။ဒါမှသာ ထိရောက် စနစ်ကျတဲ့အုပ်ချုပ်ရေးဖြစ်လာပြီး ဒေသခံပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကို ရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံရေး သုတေသီတစ်ဦးက သုံးသပ် ပြေကြားပါတယ်။
ပြည်သွေးနိုင်