ထိုင်းမြန်မာနယ်စပ်မှာမိုးကြီးပြီး သောင်ရင်းမြစ်ရေတက်လာတဲ့အတွက် မြစ်ကမ်းအနီးစခန်းချခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေ အန္တရယ်ရှိနေတယ်လို့ ဒုက္ခသည်တွေကိုကူညီနေသူတွေကပြောပါတယ် ၊ သောင်ရင်းမြစ် အနီးရှိတဲ့ ပလောတပို့ ယာယီဒုက္ခသည်စခန်းမှာလည်းကမ်းပါးတွေပြို လာနေတာကြောင့် ဒုက္ခသည်တွေအတွက်အန္တရယ်ရှိ တယ်လို့ဆိုပါတယ်၊ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မိုးကြီးပြီး သောင်ရင်းမြစ် ရေတက်လာတဲ့အတွက် သောင်ရင်းမြစ်အနီးနားမှာ စခန်းချ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေနေတဲ့ ပလောတပို့ စခန်းမှာ အန္တရာယ်ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေကပြောပါတယ်။
သောင်ရင်းမြစ် အနီးနားက ပလောတပို့ စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၃ ထောင်ကျော်ရှိပြီး အပတ်စဉ်စေတနာရှင်တွေက လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေနဲ့ လည်ပတ်နေရတာဖြစ်ပါတယ်။ အခုဆိုရင် သောင်ရင်းမြစ် ရေကြီးလာတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အန္တရာယ်များတယ်လို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးက VOA ကိုပြောပါတယ်။
" အခု ညဘက်မှာ စိုးရိမ်ရတာကတော့ ရေထပ် ကြီးလာရင် မလွယ်ဘူး၊ ရေက သူတို့နေရာကို ရောက်လာခါနီးပြီ အရင်က အရပ် ၅ ရပ် ၆ ရပ်စာ လောက်ကနေ အခုက ရင်စို့လောက်ပဲ ကျန်တော့တယ်။ သူတို့နေရာတွေက အန္တရာယ်ရှိတယ်၊ နောက်တချက်ကတော့ စားဝတ်နေရေးပေါ့ အစားအစာတွေက အပြင်မှာလည်း ရှာမရတော့ဘူး။ ဒီကပို့တဲ့ဟာတွေကိုပဲ မှီခိုပြီး စားနေရတယ်၊ နောက်တချက်ကတော့ ဆေးဝါး လိုအပ်တာတွေ့ရတယ်။ "
SEE ALSO: တိုက်ပွဲတွေကြောင့် ဘုရားသုံးဆူ ဒေသခံတွေ ထိုင်းဘက်ထွက်ပြေး
အခုဆိုရင် သောင်ရင်းမြစ် ကမ်းပါးတလျောက်က နေအိမ်တချို့ ရွှေ့ပြောင်းနေကြပြီး မိုးကြီးတာကြောင့် တဲတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
" မိုးကလည်း တောက်လျှောက် ရွာနေတော့ ကမ်းပါးတွေက ပထမနေ့တွေထဲက ပြိုနေတာ၊ အခုကတော့ လူနေအိမ်နဲ့ နှစ်လံလောက်ပဲ ကျန်တော့တယ်၊ ကမ်းနားက အိမ်တွေက အတွင်းပိုင်းကို ရွှေ့နေကြတယ်၊ ရိက္ခာဂိုဒေါင်ကိုလည်းရွှေ့နေရတယ်၊ အခုက ပတ်ပတ်လည်က ရေပြင်ကျယ်ကြီးဖြစ်နေတာ ကျနော်တို့ မနက်ကသွားတော့ တွေ့ရပါတယ်၊ ရေလမ်းကြောင်း တခုကလည်း အတွင်းထဲကို ဝိုက်ပြီး သွားနေတယ်၊ မိုးကလည်း တောက်လျောက် ရွာနေတော့ အဝတ်အစားလည်း အခက်အခဲရှိတယ်။ တဲအိမ်တွေက အမိုးပေါက်တာ အမိုးလန်တာလည်းရှိတယ်။"
အခုဆိုရင် ငှက်ဖျား ၊ တုတ်ကွေး၊ ဝမ်းလျောတာတွေလည်း ဖြစ်နေတာကြောင့် ဆေးဝါးလိုအပ်ချက် ရှိနေတယ်လို့ဆိုပါတယ်။
" ဖျားနာတာတွေရှိတယ်၊ ဖျားနာတာကတော့ ရိုးရိုး နှာစေးချောင်းဆိုးဖြစ်ကြတယ်၊ ဝမ်းရောဂါတွေလည်း ရှိတယ်။ ငှက်ဖျားတွေလည်း ဖြစ်နေကြတယ်၊ ကလေး အတော်များများကလည်း ဖျားနာကြတယ်။ ဖျားနာတာကတော့ကလေးအတော်များများက ဖျားနာနေကြတာပါ။ "
ပလောတပို့ စစ်ဘေးရှောင်စခန်းဆိုတာက ကရင်ပြည်နယ် မြ၀တီခရိုင် လေးကေ့ကော် နေရာမှာ တိုက်ပဲွဖြစ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်လာတဲ့သူတွေ နေထိုင်နေတဲ့ စခန်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စပြီး စစ်ဘေးကြောင့် ထွက်ပြေးလာရသူတွေဟာ ဒီစခန်းမှာနေကြပြီး အခုအချိန်ထိ နေရပ်မပြန်နိုင်သေးပဲ ၂ နှစ်ခဲွကျော်ကြာတဲ့အထိ သောင်ရင်းမြစ်အနီးမှာ နေထိုင်နေရတာဖြစ်ပါတယ်။
ဒီစခန်းမှာ လူဦးရေ ၃၀၀၀ ကျော်နေထိုင်နေပြီး ကလေး ၃၀၀ လောက်ရှိတဲ့ စခန်းလည်း ဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5