ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်း အခက်အခဲတွေ ပြေလည်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းကို အမြန်ဆုံးပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံစိုက်ကူညီနိုင်အောင် ပိုပြီးကြိုးပမ်း အားထုတ်သွားမယ့်အကြောင်းလည်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်က ရိုဟင်ဂျာစခန်းတွေဆီ သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်ကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ရှေ့မျှော်လင့်ချက်အလားအလာတွေ ဘာတွေဆောင်ကျဉ်းပေးနိုင်ခြေရှိလဲဆိုတာ ရိုဟင်ဂျာတို့မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီဥက္ကဋ္ဌ AK Abdul Momen ဦးဆောင်တဲ့ အဖွဲ့ဝင်ခြောက်ဦးပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ မေလ (၁၂) ရက်က သွားရောက်လေ့လာခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းခရီးစဉ်တွေထဲမှာတော့- WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ e-voucher outlet အစီအစဉ်နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာစီမံခန့်ခွဲမှုအခြေအနေ စားနပ်ရိက္ခာဖြန့်ဖြူးရေးစင်တာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သင်ကြားရေးဌာန၊ မှတ်ပုံတင်စိစစ်ရေးဌာန နေရပ်ပြန်ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတဲ့ စခန်းတာဝန်ခံတာဝန်ခံရုံးတွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
နေရပ်ရင်းကိုပြန်လိုကြတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့သလို နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂကြား စီစဉ်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာမင်းကြီး Mizanur Rahmanနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကို ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းခရီးစဉ် ဒီခရီးစဉ်ကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ဘာတွေ မျှော်လင့်လို့ရနိုင်ပါသလဲဆိုတာနဲ့ပတ်သက်ပြီး ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ကို Skpye ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ခရီးစဉ်တွေထဲ ရခိုင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာ ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးအတွက် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေ နိုင်ငံတကာ INGO နဲ့ NGO အဖွဲ့အစည်းတွေနဲ့ေ တွ့ဆုံခဲ့သလို နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လေအားလျှပ်စစ်စီမံကိန်း အစိုးရစီမံကိန်းတွေကိုလည်း စစ်ဆေးခဲ့ကြပါသေးတယ်။