ရခိုင်ဘက် စစ်မှုထမ်းဥပဒေ ဂယက်

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ စစ်ကောင်စီလုပ်ရပ်

နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ စစ်ဌာနချုပ်၊စစ်ကောင်စီဥက္ကဌနေအိမ်နဲ့ အေလာလေဆိပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီ ၄ ရက်နေ့မှာ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ငါးရက်မြောက်နေ့မှာပဲ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းထဲမှာ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဧပြီ ၉ ရက်နေ့မှာ ထွက်ပေါ်လာပြန်ပါတယ်။နွေးဦးတော်လှန်ရေး တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေး သုံးနှစ်ပြည့်လာချိန်မှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင်၊မြို့ကြီးတွေနဲ့ မြို့ပြဒေသတွေမှာရှိတဲ့၊အရေးပါတဲ့ စစ်ကောင်စီပစ်မှတ်တွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် ခြိမ်းခြောက်လာနိုင်တဲ့ အနေအထား ရောက်ရှိလာတာကိုတွေ့ရပါတယ်။အခြားတဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(ERO)တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာလည်း ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်ကမြို့တွေ အခုနောက်ဆုံး ကရင်ပြည်နယ်မှာရှိတဲ့၊ အရေးပါတဲ့ နယ်စပ်မြို့ မြဝတီဒေသကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်တယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေက ဖော်ပြနေကြတာတွေ့ရပါတယ်။ ပြောရရင် စစ်ကောင်စီအနေအထားဟာ ဖရိုဖရဲဖြစ်နေပါပြီ။ထိန်းချုပ်နိုင်တဲ့ နယ်မြေဧရိယာတွေ တဖြည်းဖြည်း ဆုံးရှုံးလာကာ နေပြည်တော်သည်ပင်လျှင် လုံခြုံစိတ်ချရတဲ့ အနေအထား မရှိတော့ပါဘူး။

စီးပွါးရေးဘက်မှာလည်း ရွှေစျေး၊ဒေါ်လာစျေးတွေကထိန်းမရအောက် တက်၊လျှပ်စစ်မီးကလည်း ဆိုးဆိုး ရွားရွားကို ပျက်နေ၊ပင်လယ်ရေကြောင်းလမ်းက ကုန်သွယ်မှုတွေကျဆင်းနေသလို နယ်စပ် ကုန်သွယ်ရေးဟာလည်း ရပ်သလောက်ဖြစ်နေတဲ့အနေအထားပါ။ဒီလိုအခြေအနေကို စီးပွါးရေးဦးမော့လာပါတယ်လို့ ပြောတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ငါ့စကားနွားရပြောတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာဟာသတစ်ခု ဖြစ်ခဲ့တာ တွေ့ရပါတယ်။လက်ရှိစစ်ကောင်စီရဲ့ အနေအထားဟာနိုင်ငံရေး၊စစ်ရေး၊စီးပွါးရေးအဘက်ဘက်မှာ ဘယ်ခေတ်၊ဘယ်ကာလနဲ့မှ မတူအောင်ကို ယို့ယွင်းကျဆင်းနေတာကိုတွေ့ကြရမှာပါ။ ဒါကြောင့်လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မြန်မာစစ်ကောင်စီ အင်အားချိနဲ့လာနေပြီလို့ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တာဖြစ်မှာပါ။

စစ်ကောင်စီ ဘယ်လောက်အင်အားချိနဲ့လာသလဲဆို နိုင်ငံသားဖြစ်ခွင့်လည်း မပေး၊ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်မခံနိုင်၊ရက်စက်စွာချေမှုန်းပြီး နိုင်ငံတွင်းကမောင်းထုတ်ခဲ့တဲ့ သူတို့ အမုန်းကြီး မုန်းတဲ့ ရိုဟင်ဂျာတွေကို စစ်တပ်ထဲဇွတ်ဆွဲသွင်းရတဲ့ ဘဝကို ရောက်နေတာ တွေ့ကြရမှာဖြစ်ပါတယ်။ Myanmar Now ရဲ့ ၂၀၂၄၊ဖေဖော်ဝါရီ ၁၇ နေ့သတင်းမှာ စစ်မှုမထမ်းလို၍ ဒုက္ခသယ်စခန်းမှ ရိုဟင်ဂျာလူငယ်တစ်ချို့ ထွက်ပြေး ဆိုတဲ့သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်အကွာမှာရှိတဲ့ ကျောက်တစ်လုံးဒုက္ခသည်စခန်းကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ပြီး စစ်မှုထမ်းဖို့ စာရင်းလာကောက်တဲ့အကြောင်း ဖော်ပြထားပါတယ်။

စာရင်းလာကောက်တဲ့အဖွဲ့က ကျောက်ဖြူအခြေစိုက် ခလရ(၃၄) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးဆွေလတ်က "ရခိုင်တွေကို စိတ်မချဘူး၊ သူတို့ကနောက်ကျောကို ဓားနဲ့ထိုးမှာလို့ပြောတယ်။ ဒီစခန်းထဲကလူ(ရိုဟင်ဂျာ) တွေက ‌ကျွန်တော်တို့ရဲ့ သွေးချင်းသားချင်း၊ ညီအစ်ကိုမောင်နှမ ဆိုပြီး အဲ့ဒီလိုပျားရည်နဲ့ ဝမ်းချတယ်”လို့ အသက် ၅၀ အရွယ် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကပြောတဲ့အကြောင်းဖော်ပြထားပါတယ်။၂၀၂၄၊ဧပြီ ၇ ရက်နေ့ ဧရာဝတီသတင်းဌာနရဲ့ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခြိမ်းခြောက်ခံနေရ ဆိုတဲ့ ရုပ်သံသတင်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတဲ့အကြောင်း၊မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့အကြောင်း၊ရိုဟင်ဂျာ တစ်ထောင်ကျော်ကို အတင်းအဓမ္မစစ်သင်တန်းပေးနေကြောင်းတင်ဆက်သွားတာတွေ့ရပါတယ်။

ရခိုင့်တပ်တော် AA ကလည်းရသေ့တောင်မြို့နယ်စစ်ကောင်စီ အခြေစိုက်စခန်းတွေကို သိမ်းပိုက်တဲ့အခါမူဆလင်အလောင်းတွေကိုတွေ့ရတယ်။ဒီအလောင်းတွေဟာ စစ်ကောင်စီက လောလောလတ်လတ်စစ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်လိုက်သူတွေဖြစ်တယ်လို့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ AA ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင် ရခိုင်ဒေသမှာ AAဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စစ်ကောင်စီက စဉ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း မီဒီယာတွေမှာ တွေ့ရပါတယ်။AA အလိုမရှိ၊ဘူးသီးတောင်ကိုကာကွယ်ကြ၊တိုက်ပွဲအလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဘူးသီးတောင်မှာ ရိုဟင်ဂျာတွေဆန္ဒပြတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ မြင်တွေ့ခဲ့ရပါတယ်။

အခုလို ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတစ်ဦးလည်းဖြစ်သလို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦး လည်းဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ သဘောထားအမြင်နဲ့ ဘယ်လိုတုန့်ပြန် ဆောင်ရွက်နေတာရှိသလဲဆိုတာကိုမေးမြန်းတဲ့အခါ အခုလိုပြောပါတယ်။

"စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အဓိကကတော့ လူသားဒိုင်းအဖြစ်အသုံးချဖို့ပေါ့။သူတို့ မရှုမလှ စစ်ရှုံးနေတဲ့အချိန်မှာ လူ့စွမ်းအားအရင်းအမြစ် အင်မတန်လိုအပ်နေတယ်ပေါ့။တဖက်ကလည်း မပြီးပြတ်သေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တခါတည်းဆက်ပြီး ပြီးစီးအောင် လုပ်ဆောင်နိုင်တယ်ပေါ့။ဒီအချက်တွေကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအပြင် ဒုက္ခသည် စခန်းမဟုတ်တဲ့ ရိုဟင်ဂျာကျေးရွာတွေကို ဝင်စီးပြီး မက်လုံးတွေပေး၊ယူနီဖောင်းတွေ ဝတ်ခိုင်း၊စစ်သင်တန်းတွေပေးပြီးတော့ ရှေ့တန်းတွေကို လွှတ်တာ အများကြီးရှိပါတယ်။ဒီလိုလုပ်နေတာက နိုင်ငံတကာတရားရုံးကနေ ချမှတ်ပေးထားတဲ့ Provisional Measurement လို့ခေါ်တဲ့ ကြားကာလ အစီအမံ၊အမိန့်ကို တိုက်ရိုက်ချိုးဖောက်ရာရောက်သလို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကိုလည်း ကျူးလွန်ရာရောက်ပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ အဖြစ်အပျက်တွေအားလုံးကို ၏၊သည် မရွေး မှတ်တမ်းတင်ပြီးတော့ နိုင်ငံတကာတရားယန္တရားအောက်မှာရော၊ ကျွန်တော်တို့ သိပ်မဝေးတော့တဲ့ အနာဂတ် ပြည်တွင်းတရားမျှတမှုဖော်ဆောင်ပေးနိုင်တဲ့အခါ၊အခြေအနေရောက်ရင် အသုံးပြုနိုင်ဖို့အတွက် မှတ်တမ်းမှတ်ရာတွေကောက်နေတာတွေရှိတယ်။ဒါ့အပြင် အချိန်နဲ့တပြေးညီ အခြေအနေကို စောင့်ကြည့်တဲ့နေရာမှာ ရိုဟင်ဂျာတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ၊ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ်ခင်ဗျ။ဒါ့အပြင် မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာသတင်းတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက statement တစ်စောင် ထုတ်ထားတာလည်း ရှိတယ်ခင်ဗျ”

စစ်ကောင်စီဟာ ဆတ်ဆတ်ထိ မခံတဲ့ လူမျိုးရေးကို အသုံးချပြီး ရခိုင်ပြည်နယ်ထဲမှာ ရှုပ်ထွေးအောင်လုပ်နေတာဖြစ်တယ်။အရပ်စကားနဲ့ပြောရရင်တော့ နှစ်ပယ်ရှင်းတာပေါ့ဗျာ။ရိုဟင်ဂျာတွေလည်း တိုက်ပွဲတွေမှာသေ၊AA ကိုလည်း ရိုဟင်ဂျာတွေကိုသတ်တယ်ဆိုပြီး နိုင်ငံတကာက ရှုတ်ချအောင်လုပ်တာပေါ့ဗျာ။စစ်ကောင်စီက မစားရတဲ့အမဲ သဲနဲ့ပက်တဲ့လုပ်ရပ်ပေါ့။ဒီလိုအချိန်မှာ ရခိုင်ပြည်သူတွေနဲ့ AA ခေါင်းဆောင်တွေဟာ ဒီကိစ္စကို စိတ်ရှည်ရှည်၊သဘောထားကြီးကြီးထား ကိုင်တွယ်နိုင်ရင် စစ်ကောင်စီလုပ်ရပ်ဟာ ဘာမှ အရာမထင်၊သဲထဲရေသွန်သလို ဖြစ်သွားမှာပါလို့ နိုင်ငံရေး အကဲခတ်တစ်ဦးကမှတ်ချက်ပေးပါတယ်။

ပြည်သွေးနိုင်