မြန်မာ့အရေးလိုအပ်ရင် ကြားဝင်ဆောင်ရွက်ပေးမည် (ထိုင်းနိုင်ငံခြားရေးဝန်ကြီး)
ထိုင်း မြန်မာနယ်စပ် မြဝတီမြို့မှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန် ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် ငါးမိနစ်အတွင်း တုံ့ပြန်ဖို့ ထိုင်းစစ်တပ်ကို ညွှန်ကြားထားတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဒီနေ့ မဲဆောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို လေ့လာတဲ့တချိန်တည်းမှာ မြန်မာ့နိုင်ငံရေးကြားဝင် စေ့စပ်ဖို့ လိုအပ်လာရင် ထိုင်းနိုင်ငံအနေနဲ့ ကူညီဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒီနေ့ မဲဆောက် မြဝတီနယ်စပ်ကို ရောက်လာတဲ့ ခရီးစဉ်နဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုယ်တိုင်သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းအစီအစဉ်က ကိုအောင်အောင်က သတင်းပေးပို့ထားပါတယ်။