နိုင်ငံကို ကိုယ်စားမပြုနိုင်တော့တဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ကြက်ခြေနီအသင်းက တစ်ဆင့် ပေးတဲ့ အကူအညီတွေ စစ်ဘေးရှောင်တွေဆီ ရောက်နိုင်ပါ့မလား။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ထိုင်းကြက်ခြေနီအသင်းကနေ တစ်ဆင့် လူသားချင်းစာနာတဲ့ အကူအညီတွေကို ၂၀၂၄၊မတ်လ ၂၅ ရက်နေ့က မြန်မာဘက်ကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းကြက်ခြေနီကနေ စစ်ကောင်စီရဲ့ မြန်မာကြက်ခြေနီအသင်းကို လူသားချင်းစာနာမှုအကူအညီတွေ လွှဲပြောင်းပေးအပ်နေတဲ့ ဓာတ်ပုံတွေကို မီဒီယာတွေ့မှာလည်း ဖော်ပြကြတာတွေ့ရပါတယ်။ထိုင်းရဲ့ လူသားချင်းစာနာမှုအကူအညီဟာ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းအတွက်ဖြစ်ပြီး အခုလို အကူအညီတွေလွှဲပြောင်းပေးအပ်တာကို အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနိုင်းရေးမှူးရုံး (AHA Center)က ကြီးကြပ်ဆောင်ရွက်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အခုလို ထိုင်းနိုင်ငံက ပေးအပ်တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ "စစ်ကောင်စီတစ်ဆင့်ခံ ထိုင်းစာနာမှု အကူအညီ ဒုက္ခသည်တွေ လက်ထဲ ရောက်ဖို့မလွယ်”ဆိုတဲ့ သတင်း တစ်ပုဒ်ကို VOA ကထုတ်လွှင့်ခဲ့ပါတယ်။အဲဒီသတင်းမှာ စစ်ဘေးရှောင်တွေအများစုက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာ ရှိတာဖြစ်တဲ့အတွက် အခုလို မြန်မာကြက်ခြေနီအသင်းကတစ်ဆင့်ပေးတဲ့ အကူအညီတွေ စစ်ဘေးရှောင်တွေလက်ထဲရောက်မယ်လို့မထင်တဲ့အကြောင်း၊ လေးကေကော်၊ဖလူး၊သင်္ကန်းညီနောင်၊ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီက နေ့တိုင်းဗုံးကြဲနေတဲ့အတွက် အကူအညီတွေ ပေးပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦး ပြောတာကို ဖော်ပြထားပါတယ်။အဲဒီသတင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေထဲမှာရှိတဲ့ ဒုက္ခသည်တွေအတွက် UNHCR ကတောင် ဘာမှ မလုပ်ပေးနိုင်တာ ICRC က တိုက်ရိုက် ကူညီမယ်ဆိုတာ ယုံကြည်စရာ မရှိပါဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောလားကပေါ် က ပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကပေးမယ့် လူသားချင်းစာနာမှု အကူအညီဟာ စစ်ဘေးဒုက္ခသည် ၅ သောင်းကို ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။အခု ပထမအသုတ်အနေနဲ့ ဒုက္ခသည် ၂ သောင်းအတွက်ပေးပို့တာဖြစ်ပါတယ်။ ပေးပို့တဲ့ နေရာသုံးနေရာကတော့ သာမည၊ဖားအံခရိုင်ထဲက ပိုင်ကျုံနဲ့ ကော့ကရိတ်ခရိုင်ထဲက နဘူးတို့ဖြစ်တယ်လို့ သိရပါတယ်။ဒီနေရာတွေဟာ DKBA နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေမြေတွေဖြစ်ပြီး စစ်ဘေးရှောင်တွေ အများစုရှိတဲ့နေရာတွေ မဟုတ်ဘူးလို့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြကြပါတယ်။အမှန်တကယ် စစ်ဘေးရှောင်တွေရှိနေတာက KNU နဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာဖြစ်ပြီးတော့ စစ်ဘေးရှောင်အရေအတွက်ဟာ ၇ သိန်းခွဲ့ခန့် ရှိတယ်လို့ KNU တာဝန်ရှိသူတွေကပြောပါတယ်။
နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးကတော့ ထိုင်းရဲ့ စာနာမှုအကူအညီဟာ မရိုးသားဘူး။ စစ်ဘေးရှောင်တွေကို အကူအညီပေးတယ်ဆိုတာ အပေါ်ယံ၊ဟန်ပြသာဖြစ်တယ်၊ သူတို့တကယ် ရည်ရွယ်တာက စစ်ကောင်စီနဲ့ KNU စကားပြောရေး၊ဆွေးနွေးရေးဖြစ်တယ်၊ ဒါမှသာ အာရှလမ်းမ ပြန်ပွင့်မယ်၊ ကုန်သွယ်ရေးလုပ်နိုင်မယ်ဆိုတဲ့ အကျိုးစီးပွါးက အဓိကဖြစ်တယ်။ပြီးတော့ Humanitarian Corridor ဆိုတာမျိုးက နောက်ပိုင်းမှာ Dialogue ၊တွေ့ဆုံဆွေးနွေးရေးဖြစ်စေဖို့ ဦးတည်တာမျိုးဖြစ်တယ်၊ ဒါကြောင့် သတိထားပြီး စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ်က ပါမောက္ခ သီတီနန် ပေါင်ဆူဒီရတ်(Thurman Pongsudhirak)ရေးသားတဲ့ မြန်မာနိုင်ငံကို နိုင်ငံမဟုတ်သော ကြားကာလ(ယာယီ)နိုင်ငံတစ်ခုအဖြစ် နားလည်ခြင်းဆိုတဲ့ဆောင်းပါးကို Bangkok Post သတင်းစာက မတ်လ ၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာ ပါမောက္ခ သီတီနန် ပေါင်ဆူဒီရတ်က အာဆီယံဆိုတာ နိုင်ငံတော်တွေကို အခြေပြုပြီးဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်။
နိုင်ငံတော်တစ်ခုအဖြစ် ပီပီပြင်ပြင်မရှိတော့တဲ့ အခြေအနေသစ်မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံဟာ အဆင်သင့်အနေအထားမှာ ရှိမနေဘူး။မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ မူ ၅ ချက်ဆိုတာလည်း စစ်ကောင်စီကို နိုင်ငံတော်ကိုယ်စားပြုအဖွဲ့အနေနဲ့ ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် လောလောဆယ်မှာ အကျုံးမဝင်တော့ဘူး။အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနိုင်းရေးမှူးရုံး(AHA Center)ဆိုတာဟာလည်း နိုင်ငံတော်အစိုးရတွေကို ဗဟိုပြုထားတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ မကိုက်ညီတော့ဘူး။မကြာသေးမီက ထိုင်းနိုင်ငံအစိုးရက ကြေညာတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်ဟာလည်း တိုင်းရင်းသားဒေသတွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာမျိုး မရှိဘဲ စစ်ကောင်စီလက်အောက်ခံ မြန်မာကြက်ခြေနီအသင်းနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ယုံကြည်မှု မရှိကြဘူး လို့ ရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိအနေအထားမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးစောင့်ကြည့်လေ့လာနေသူ တစ်ဦးကလည်း အခုလိုပြောပါတယ်။
"ခုဆိုရင် အာဆီယံက သူတို့ရဲ့ 5 points ကို ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာမျိုး ပြောင်းပြီးတော့ သုံးလာတာတွေ့ရတယ်။ဒါ ဘယ်လိုသဘောလဲ။မြန်မာပြည်သူတွေရဲ့ ဆန္ဒပါသလား၊တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားပါသလား မေးစရာဖြစ်တယ်။နောက်တစ်ခုက စစ်ကောင်စီဟာ အခြေအနေမကောင်းတော့ဘူး။ဒီတော့ တရုတ်၊အိန္ဒိယနဲ့ အာဆီယံက သူတို့ Credit ရအောင် ဇွတ်တွန်းနေတာမျိုးတွေ တွေ့နေရတယ်။NUG နဲ့ တော်လှန်ရေး အင်အားစုတွေ တောင့်ခံနိုင်ဖို့ လိုမယ်ထင်တယ်။
NUG ကလည်း အာဆီယံနဲ့ ပတ်သက်လို့ Silent Diplomacy ထဲမှာ ပိတ်မိသွားတယ်ထင်တယ်။အမှန်ကတော့ Quiet Diplomacy ဆိုတာက မီဒီယာကိုသာ ထုတ်ဖော်မပြောရတာလို့ ကျနော်တော့ နားလည်တယ်။ ကိုယ့်အင်အားစုတွေထဲမှာ၊CSO တွေကြားထဲမှာ ဆွေးနွေးတိုပင်ပြီး ပိုထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်”
အမှန်ကတော့ အင်ဒိုနီးရှားက လာအိုကို အာဆီယံအလှည့်ကျဥက္ကဌ လွှဲပေးချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး Troika လို့ ခေါ်တဲ့ အလှည့်ကျဥက္ကဌဟောင်း အင်ဒိုနီးရှား၊လက်ရှိအလှည့်ကျဥက္ကဌ လာအိုနဲ့ နောက်လာမယ့်အလှည့်ကျဥက္ကဌ မလေးရှား သုံးပွင့်ဆိုင်၊သုံးနိုင်ငံ ညှိနှိုင်းလုပ်ဆောင်ကြဖို့ မူ ချထားတာပါ။ဒါပေမဲ့ ထိုင်းက Troika သုံးနိုင်ငံနဲ့ ညှိနှိုင်းမှု မရှိပဲ မြန်မာ့အရေးကိုလုပ်ဆောင်နေတယ်လို့ ဝေဖန်ကြတာတွေလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေနေသစ်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့
စောင့်ကြည့် ဝေဖန်ဖို့လည်း လိုသလို အခွင့်အလမ်းအဖြစ်အသုံးချနိုင်ဖို့လည်းလိုတယ်လို့ အကြံပြုကြသူတွေလည်းရှိပါတယ်။"သံတမန်ဆက်ဆံရေးမှာ Advocacy က အရေးကြီးပါတယ်။Advocacy ဆိုတာကတော့ စဉ်ဆက်မပြတ် ထိတွေ့ပြီး ပြောဆိုစည်းရုံးရတဲ့သဘောဆိုတော့ အာဆီယံသံတမန်တွေ၊ ထိုင်းနဲ့အာဆီယံမှာရှိတဲ့ အမေရိကန်၊အီးယူ(EU)သံတမန်တွေနဲ့ အမြဲတမ်းထိတွေ့နေဖို့ အရေးကြီးပါတယ်။ဒီတော့ တော်လှန်ရေးအင်အားစုတွေ အထူးသဖြင့်တော့ NUG အနေနဲ့အာဆီယံအရေးတာဝန်ယူဆောင်ရွက်ရသူဟာ အာဆီယံနိုင်ငံတွေကို လှည့်ပတ်ပြီး ခရီးသွားနိုင်သူဖြစ်ဖို့လိုပါတယ်။ခေတ်အခြေအနေအရ၊ နည်းပညာအထောက်အကူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံလို့ ရပေမယ်လို့ လူကိုယ်တိုင်တွေ့ဆုံ၊ဆွေးနွေးရတာက ပိုထိရောက်၊ပိုအလုပ်ဖြစ်ပါတယ်လို့ နိုင်ငံရေး အကဲခတ်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။
ပြည်သွေးနိုင်