မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အကောက်အခွန်ကင်းလွတ်ခွင့် GSP/EBA အထူးအခွင့်အရေးကို ဆက်ပေးသွားဖို့ ဥရောပသမဂ္ဂ (EU) က ဆုံးဖြတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကို အကျိုးဖြစ်စေမဲ့ ဒီလိုအခွင့်အရေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေက ၂၀၂၁ နောက်ပိုင်းမှာ တောင်းဆိုခဲ့ကြပေမဲ့ အီးယူဘက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆက်ရှိနေဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့ဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားရေး အဖွဲ့အစည်းတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။
(၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေး (24th ASEAN-EU Ministerial Meeting) ကို ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်က ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဘရပ်ဆဲလ်မြို့က မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အီးယူရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွန်ကင်းလွတ်ခွင့် GSP/EBA ကို ဆက်ပြီးရရှိနေတဲ့အတွက် ကျေးဇူးတင်ကြောင်း သူကပြောခဲ့တာပါ။ ဒီအကျိုးခံစားခွင့်အတွက် လုပ်ပေးရမဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို သိနားလည်ပြီး ဆောင်ရွက်ပေးနေတယ်လို့လည်း သူကပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီကုန်သွယ်မှုဆိုင်ရာ အခွန်ကင်းလွတ်ခွင့်တွေဟာ မြန်မာစစ်ကောင်စီကို ပိုပြီး အကျိုးဖြစ်ထွန်းနေတယ်လို့ ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒါကြောင့် အခွန်ကင်းလွတ်ခွင့်စာရင်းထဲကနေ မြန်မာနိုင်ငံကို ပယ်ဖျက်ပေးဖို့အတွက်လည်း ၂၀၂၁ နှစ်ကုန်ပိုင်းကစလို့ ဒီအဖွဲ့အစည်းတွေက အီးယူကို ဖိအားပေးခဲ့ကြတာပါ။
အခု ဥရောပသမဂ္ဂ အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ ကုန်ထုတ်လုပ်ငန်းက အလုပ်သမားတွေအတွက် အပြောင်းအလဲ ဖြစ်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။
" စစ်ကောင်စီလက်ထက်မှာ EBA ဆက်ရှိနေခြင်းက အလုပ်သမားတွေ အတွက်တော့ ဘာမှအပြောင်းအလဲ မဖြစ်နိုင်ဘူး။ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ အလုပ်ရှင် အဖွဲ့အစည်းတွေ အတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းစေမှာ ဖြစ်တယ်ပေါ့နော်။ မြန်မာပြည်မှာ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေး ဆိုတာ လုံးဝ မရှိတော့ပါဘူး။ အလုပ်သမားတွေက အသက်မသေရုံ စားရဖို့အတွက် လုပ်အားနဲ့မညီမျှတဲ့ ခေါင်းပုံဖြတ်မှုကို နေ့စဉ်ရင်ဆိုင် နေကြရပါတယ်။ ဒီ EBA ဆက်ရနေဦးမယ် ဆိုရင်လည်း အလုပ်သမားတွေ အတွက်တော့ ဖိနှိပ်ခံရမှုတွေ ချိုးဖောက်ခံရမှုတွေ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။"
အီးယူရဲ့ အထူးကုန်သွယ်ခွင့်ကို ရရှိတဲ့ နိုင်ငံတွေက စက်မှု၊ လယ်ယာ၊ လက်မှု ဒီပို့ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။ ၂၀၁၇ နောက်ပိုင်းမှာ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေ တိုးတက်လာပြီး ၂၀၁၈မှာ ချုပ်ထည်အားလုံးရဲ့ ၄၇ရာခိုင်နှုန်းကို အီးယူကို တင်ပို့နိုင်ခဲ့တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောထားတာပါ။
တကယ်တော့ ဒီအကျိုးခံစားခွင့်တွေဟာ စစ်ကောင်စီကို တိုက်ရိုက်အကျိုးဖြစ်စေတာနည်းပြီး အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အထောက်အပံ့ ပိုဖြစ်နိုင်တယ်ဆိုတာ အီးယူဘက်က ယူဆပုံရကြောင်း ပြည်တွင်းအခြေစိုက် အလုပ်သမားရေးရာ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
" အီးယူဘက်ရဲ့ စဉ်းစားချက်က ကြားလူဆိုတဲ့ အတွေးအခေါ်ပုံစံမျိုးနဲ့ အလုပ်တွဲလုပ်တဲ့ ပုံစံမျိုးတွေရှိမယ်။ တဖက်က humanitarian ဆိုတဲ့ အပိုင်းကနေ သူတို့က ကြည့်ကြတယ်။ သူတို့လုပ်ချင်တဲ့ humanitarian ကိစ္စဟာတွေကို သူက EPA နဲ့ချိတ်ထားတယ်။ နောက်တခုက သူတို့ရဲ့ တွေ့ရှိချက်ပေါ့နော် အထည်ချုပ်ကဏ္ဍက စစ်တပ်ဆီ ပိုက်ဆံရောက်တယ် ဆိုပေမဲ့၊ ရောက်သွားတယ်ဆိုတဲ့ဟာ ရာခိုင်နှုန်း အချိုးအစားတွေအပေါ်မှာ သူတို့က ငြင်းချက်ထုတ်ထားတာ။ ရှိတယ် ဒါပေမဲ့ အချိုးအစားအားဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကျောက်မျက်တွေ ဘက်ကနေရတဲ့ ငွေတွေလောက် မရှိဘူးပေါ့နော်။ ပြီးတော့လည်း ဒီငွေတွေအားလုံးဟာ အရပ်သား သာမန်ပြည်သူတွေဆီကို စီးဝင်သွားတယ်ဆိုတဲ့ ဟာမျိုးပေါ့ သူတို့ရှုမြင်ချက်က။"
ဥရောပသမဂ္ဂဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်အခတွေကို လျှော့ပေါ့ပေးဖို့ လက်နက်ခဲယမ်းကလွဲပြီး ပို့ကုန်၊ သွင်းကုန်တွေအတွက် GSP/EBA အထူးခွင့်အရေးကို ၁၉၇၁ခုနှစ်ကတည်းက စတင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ အာဏာသိမ်းမှုအပြီးမှာ လူ့အခွင့်အရေးစံနှုန်းအတိုင်းလုပ်ဖို့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ ဥရောပသမဂ္ဂက မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပေမဲ့ အရာမရောက်ခဲ့လို့ ၁၉၉၇ မှာ GSP အထူးအခွင့်အရေးကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ အဲဒီနောက် နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့ ၂၀၁၃ မှာ ILO ရဲ့ ထောက်ခံ တင်ပြမှုတွေနဲ့ ဥရောသမဂ္ဂက ပြန်ဖွင့်ပေးလိုက်တာပါ။
ရိုဟင်ဂျာကိစ္စတွေဖြစ်အပြီး ၂၀၁၇ နောက်ပိုင်းမှာ ပေးထားတဲ့ ဒီ အခွင့်အရေးတွေကို ပြန်ရုတ်သိမ်းမယ်လို့ ဥရောပ သမဂ္ဂက မြန်မာအစိုးရကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆန်လုံညိုတင်ပို့တာ တခုကိုပဲ အခွန် ၃နှစ်ကောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်းမှာ ဒါတွေအားလုံးကို ပြန်ရုတ်သိမ်းဖို့ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေက ဥရောပသမဂ္ဂ EU ကို ဖိအားပေးခဲ့ကြပေမဲ့ ပြည်တွင်းက အလုပ်သမားတွေရဲ့ အလုပ်အကိုင်ရရှိမှု အခြေအနေတွေကို ငဲ့ကွက်ပြီး GSP ကိုဆက်ပေးဖို့ EU က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ နောက်ပိုင်း GSP အခွင့်အရေးကိုရထားတဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ၁၆ နိုင်ငံစာရင်းထဲမှာ အာဖဂန်နစ္စတန်၊ ယီမင်၊ ဆိုမာလီ နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံကိုလည်း အီးယူက ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5