ပြည်ပရောက် မြန်မာအလုပ်သမားတို့ရဲ့ အခက်အခဲ

ထိုင်း ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ။

ပြည်ပရောက် မြန်မာအလုပ်သမားတို့ရဲ့ အခက်အခဲ

စစ်ကောင်စီလက်ထက် တရားဝင်လုပ်သား စေလွှတ်မှုတွေ ပြန်စတင်ခဲ့တဲ့ ၂၀၂၂ မေလ နောက်ပိုင်းမှာ ပြည်ပထွက် အလုပ်လုပ်သူတွေ တဟုန်ထိုးများလာပြီး ရောက်ရှိတဲ့ နိုင်ငံအလိုက် ပြဿနာမျိုးစုံကိုလည်း ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရပါတယ်။ အလုပ်လက်မဲ့ဖြစ်မှုတွေ၊ အခွင့်အရေး ဆုံးရှုံးတာတွေ၊ လူကုန်ကူးခံရတာတွေအထိ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာ ဖြစ်ပွားနေတာပါ။ သုံးနှစ်တာကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကြုံတွေ့ရတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို ကိုရဲမွန် ပြောပြမှာပါ။

၂၀၂၂ မေလနောက်ပိုင်း ပြည်ပကို အလုပ်သမားစာချုပ် MoU နဲ့ တရားဝင်လုပ်သား စေလွှတ်တာတွေ ပြန်စတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ အများဆုံးသွားကြတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပါ။ မြန်မာနိုင်ငံသား ၂ သန်းနီးပါး ထိုင်းမှာ အလုပ်လုပ်နေကြတယ်လို့ မြန်မာအလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမဲ့ အေဂျင်စီနဲ့ စာချုပ်ချုပ်ထားတဲ့ လစာအတိုင်း အပြည့်အဝ မရတဲ့သူတွေရှိနေပြီး တချို့ဆိုရင် လအတော်ကြာတဲ့အထိ အိမ်ကိုငွေပြန် မပို့နိုင်ကြပါဘူး။ ဒီပြဿနာတွေကို မြန်မာစစ်ကောင်စီက လျစ်လျူရှုထားကြောင်း ထိုင်းအခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်အောင်က ပြောပါတယ်။

"တချို့သော စက်ရုံတွေမှာဆိုလို့ရှိရင် ဥပဒေအတိုင်းမရတဲ့ စက်ရုံတွေက ထိုင်းနိုင်ငံမှာ အများစုရှိတယ်။ ဥပမာ နယ်စပ်တွေမှာဆို ပိုဆိုးတယ်။ ကျနော်တို့ တာ့ခ်ခရိုင် မဲဆောက်မြို့မှာဆိုရင် စက်ရုံပေါင်း ၄၀၀ မှာ တရားဝင်ပေးတဲ့စက်ရုံက ၁၀ ရုံလောက်ပဲရှိတယ်။ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရွှေ့ပြောင်းအများစုက ထိုင်းနိုင်ငံမှာသတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်ခလစာတွေက သူတို့မှာ ဘာတွေ ချိုးဖောက်မှုတွေရှိလဲ၊ သူတို့မှာ ပြဿနာတွေက ဘာတွေရှိလဲ၊ ဒါတွေကို အစိုးရအနေနဲ့ စိစစ်ဖို့လိုတယ်။"

ထိုင်းလွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာပဋိပက္ခမှာ လုပ်သင့်တဲ့ကိစ္စတွေကို သူတို့က အကြံပြုခဲ့ကြပါတယ်။ ဒီထဲမှာ မြန်မာဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံထဲမှာ ရှိနေတုန်း တရားဝင် အလုပ်လုပ်ခွင့်ရဖို့အတွက် အကြံပြုခဲ့တာလည်း ပါပါတယ်။ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေကတော့ တရားဝင်အလုပ်ထက် တရားဝင် နေထိုင်ခွင့်ရဖို့ကို အဆင့်မကျော်ပဲ စဉ်းစားသင့်ကြောင်း ပြန်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမှာ အဘက်ဘက်ကနေ ယိုယွင်းလာတဲ့အထဲ အလုပ်အကိုင် ရရှိဖို့ကလည်း မရေမရာ အခြေအနေ ဖြစ်လာတာပါ။ ဒါတွေကြောင့် ထိုင်း၊ မလေးရှား၊ တရုတ်နဲ့ ဒူဘိုင်း မြို့တွေကို နည်းလမ်းမျိုးစုံနဲ့ သွားနေကြသလို ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ နိုင်ငံတွေကိုတော့ အလုပ်အကိုင် စာချုပ်တွေနဲ့ သွားကြပါတယ်။

မကြာသေးခင်က ဒူဘိုင်းရောက်သွားတဲ့ မြန်မာအမျိုးသမီးတချို့ဟာ လုပ်ငန်းခွင်မဝင်ရဘဲ ဒူဘိုင်းကတဆင့် အီရတ်နိုင်ငံ၊ ဆူလေမာနီးယားမြို့မှာ ဖိအားပေး အလုပ်စေခိုင်းခြင်း ခံနေရပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့အတွက် ဆော်ဒီနိုင်ငံ၊ ရီယာဒ်မြို့က မြန်မာသံရုံးဆီကို အီးမေးနဲ့စာပို့ခဲ့ကြောင်း သူတို့ကပြောပါတယ်။ လူကုန်ကူးမှုမြောက်တဲ့ ဒီကိစ္စတွေအတွက် ILO လို နိုင်ငံတကာအဆင့် အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိကြောင်း လုပ်သားအခွင့်အရေး ကာကွယ်မြှင့်တင်သူများ LRDP အဖွဲ့ဝင် ကိုထွေးက ပြောပါတယ်။

"အဓိကတော့ International law နဲ့ ကျနော်တို့က ကိုင်တွယ်ရမှာပေါ့၊ ဒီ Migrant law နဲ့။ ဗမာပြည် law အရဆိုရင် ဒါအေဂျင်စီတွေ ချိုးဖောက်တာပေါ့။ တကယ်တမ်းကျတော့ စစ်အစိုးရလက်ထက်မှာ ဘာဥပဒေမှမရှိဘူး။ စစ်အစိုးရလည်း လုပ်ချင်ရာလုပ်နေတဲ့ အခြေအနေဆိုတော့။ အဲဒီတော့ နိုင်ငံတကာ အဖွဲ့အစည်းဆိုရင် ILO ကနေ အဓိက action ယူရမှာပေါ့။"

ဒီကိစ္စတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေကို ဒူဘိုင်းက မြန်မာကောင်စစ်ဝန်ချုပ်ရုံးနဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ မြန်မာသံရုံးက အများအပြား လက်ခံရရှိထားကြောင်း သံရုံးအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ တချို့ကိစ္စတွေကို နှစ်ဖက်ညှိနှိုင်းပေးနေကြောင်းလည်း ပြောပါတယ်။

ဝင်ငွေရဖို့အတွက် ပြည်ပကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းထွက်ခွာနေတဲ့ မြန်မာအလုပ်သမားတွေဟာ လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါတွေကို သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေကလည်း ကူညီပေးဖို့ လိုအပ်တယ်လို့ မြန်မာလုပ်သားတဦးက ပြောပါတယ်။

"အလုပ်လက်မဲ့တွေ များလာတော့ နီးစပ်ရာ နိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကြတာများတယ်။ အခု ကူညီနေတဲ့ အဖွဲ့အစည်းက နည်းတယ်ပေါ့။ အားလုံးကို ထိထိရောက်ရောက် မကူညီနိုင်ကြဘူး။ ပြဿနာရှိရင်တောင်မှပဲ ကူညီမယ့်အဖွဲ့အစည်း များတဲ့အတွက် ပြဿနာက လျော့သွားမယ်လို့ ထင်ပါတယ်။"

အလုပ်သမားအနေနဲ့ ပြည်ပမှာ လုပ်ငန်းခွင် ထိခိုက်မှုအတွက် ရသင့်တဲ့ နစ်နာကြေး၊ လျော်ကြေး အပြည့်အဝ ရရှိဖို့ကို သက်ဆိုင်ရာ အကျိုးဆောင်ကနေတဆင့် တောင်းဆိုခွင့်ရှိတယ်လို့ ၁၉၉၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်ပြီး ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုကိုလည်း တရားစွဲဆိုခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ပြဌာန်းထားတဲ့ ဥပဒေတွေ ရှိပေမယ့်လည်း လက်တွေ့မှာတော့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာနဲ့အမျှ ပြည်ပကို ရရာနည်းလမ်းနဲ့ ထွက်ခွာပြီး အလုပ်အကိုင်ရရှိဖို့ ရုန်းကန်နေကြတာပါ။