စစ်ရေးစိုးရိမ်မှုကြောင့် လားရှိုးမြို့ခံတွေ ဘေးကင်းရာ တိမ်းရှောင်

လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စစ်ရေးကျယ်ပြန့်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေစိုးရိမ်ပြီး ပြောင်းရွှေ့နေကြတယ်ဆိုတဲ့ သတင်းတွေ ရှိနေပေမဲ့ မြို့ပေါ်မှာတော့ အသွားအလာ ရှိနေကြဆဲဖြစ်ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အထွေထွေစားသောက်ကုန်နဲ့ လူသုံးကုန်တွေကတော့ အဆမတန် စျေးတက်နေတာကြောင့် အောက်ပိုင်းက အဆင်ပြေတဲ့ မြို့တွေဆီ ပြောင်းရွှေ့နေတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစည်သူက ပြောပြမှာပါ။

စစ်ရေးနဲ့ စီးပွားရေးအရ အရေးပါတဲ့ လားရှိုးမြို့ကို သိမ်းပိုက်ရယူဖို့အတွက် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေကြောင့် စစ်ပွဲဖြစ်လာမှာ စိုးရိမ်နေကြပေမဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့အထိတော့ မြို့ပေါ်မှာ ကြီးကြီးမားမား တိုက်ပွဲဖြစ်လာတာမျိုးတွေ မရှိသေးကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ တချို့ကလည်း လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်စျေးနှုန်းတွေ ကြီးလာတာကြောင့် မြို့ကို စွန့်ခွာနေကြပါတယ်။ လားရှိုးဒေသခံတဦးက အခုလိုပြောပါတယ်။

"တချို့ကလည်း ကြောက်တော့ ရှောင်တဲ့နေရာရှိတဲ့သူလည်း ရှောင်ကြတာပေါ့။ အမျိုးတွေရှိတဲ့ မြို့ကြီးတွေ ရှောင်သွားတာလည်း ရှိတာပေါ့ရှင့်။ မြို့ပေါ်ကတော့ သတင်းတွေတော့ ကြားနေတယ်။ ဒါပေမဲ့ အခုအထိတော့ ဘာမှတော့ မဖြစ်သေးပါဘူး။ တချို့လည်း သွားစရာမရှိတဲ့သူလည်း ဒီအတိုင်းပဲ နေနိုင်သလောက်တော့ နေနေကြတာပဲ ကျမတို့ အပါအဝင်ပါပဲ။"

လားရှိုးမြို့ရဲ့ အပြင်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေဖြစ်တဲ့ AA, TNLA, MNDAA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ လားရှိုးမြို့ကိုသွားတဲ့ အဓိက လမ်းတွေလည်း ဖြတ်တောက် ခံထားရပါတယ်။ အခုဆိုရင် ရှမ်းမြောက်မှာ တရုတ်ကိုသွားပြီး အလုပ်လုပ်သွားမဲ့ လူငယ်တွေက အများအပြား ရှိနေပါတယ်။ မနေ့က အင်္ဂါနေ့က လူပေါင်းရာချီပြီး တရုတ်နယ်စပ် ယာယီနေထိုင်ခွင့်လက်မှတ်ရဖို့ တုံကင် ရယူခဲ့တယ်လို့ မူဆယ်မြို့မှာနေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။

"နိုင်ငံရေးပါပဲ။ အခြေအနေ မကောင်းတဲ့အခါကြတော့ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့ သဘောပါပဲ။ လူဦးရေက အရမ်းများတဲ့အခါကြတော့ တုံကင်ပေးတော့မယ်လို့ ကြိုများ သိလိုက်မယ်ဆိုရင် တုံကင်ပေးတဲ့နေရာမှာ ထောင်ချီသွားတာ ဆိုတော့လေ ၃,၀၀၀ ကနေ ၄,၀၀၀ ရှိတတ်တာ ဆိုတော့လေ၊ မူးလဲတာတွေ ရှိတာပေါ့။ မတ်တပ်ရပ်ရတာ အကြာကြီးစောင့်ရတာပေါ့နော်။ အခု တိုက်ပွဲဖြစ်တဲ့ ဒေသတွေလည်းပါတယ်။ တချို့ဆိုလည်း နည်းနည်းခေါင်းပါးတဲ့၊ ရှားပါးတဲ့ အရပ်ဒေသတွေက လာတယ်။ ဒါဟာ မူဆယ်မှာ လာစုတယ်။ လမ်းမှာလည်း ဒီလိုပဲ ကြမ်းတမ်းခက်ခဲခြင်း များစွာနဲ့ လာရောက်ပြီး ကားနဲ့အဆင့်ဆင့် လာရောက်ပြီး မူဆယ်ကို ဝင်ရတာလေ။"

မနေ့ အင်္ဂါနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ အလုပ်သွားလုပ်ဖို့ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနမှာ တန်းစီစောင့်ဆိုင်းနေတဲ့ လူ ၇,၀၀၀ ကျော်မှာ ရှမ်းမြောက်ဒေသခံက အများဆုံးဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့တချို့က ပြောပါတယ်။ တရုတ်နိုင်ငံထဲမှာ အလုပ် မသေချာပေမဲ့လည်း စစ်ပွဲတွေကြောင့် တရုတ်ကို ထွက်ချင်တဲ့ဒေသခံတွေ များလာတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ရေးစိုးရိမ်မှုကြောင့် လားရှိုးမြို့ခံတွေ ဘေးကင်းရာ တိမ်းရှောင်