စစ်ဘေးရှောင်ဒုက္ခသည်ဆီ အကူအညီရောက်အောင်လုပ်ဖို့ လို

ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ တိုက်ပွဲသတင်းတွေ၊အထူးသဖြင့် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲသတင်းတွေ၊ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေး မဟာမိတ်တပ်တွေက သိမ်းပိုက်အောင်ပွဲခံပုံတွေ၊မြို့သိမ်းတိုက်ပွဲဆင်နွဲပုံတွေ၊စစ်ကောင်စီတပ်တွေ တော်လှန်ရေးတပ်ဖွဲ့တွေထံ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်ကြပုံတွေ၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲနဲ့ ရခိုင်ပြည်နယ်ထဲက ရခိုင့်တပ်တော် AA ရဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့သတင်းတွေဟာ မီဒီယာ စာမျက်နှာတွေကို လွှမ်းမိုးနေရာယူခဲ့တာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့မှာ စက်သုံးဆီလိုသလောက် ဝယ်မရ၊ဓာတ်ဆီဆိုင်တွေမှာ ဆီထည့်ဖို့စောင့်ဆိုင်းနေတဲ့ ကားတန်းရှည်ကြီးတွေကိုလည်း သတင်းမီဒီယာတွေမှာ တွေ့မြင်ရပါတယ်။ဒီသတင်းတွေကြောင့် လောင်စာဆီ ပြတ်လပ်တော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေပါတယ်။ကုန်သွယ်ရေးနဲ့ သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းတွေ တာဝန်ယူရတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးထောင်ချခြင်းခံရပြီးနောက်ပိုင်း သွင်းကုန်လိုင်စင်ချပေးတာတွေ ရပ်ထားသလို ဗဟိုဘဏ်ကလည်း သွင်းကုန်အတွက် ဒေါ်လာရောင်းပေးတာတွေ မရှိဘူးလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ဒါကြောင့် သွင်းကုန်အပေါ်အဓိကအမှီပြုနေရတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ ဒီဇယ်၊ ဓာတ်ဆီ၊ ဆေးဝါးတွေအပါအဝင် ကုန်စည်တွေ ရှားပါး ပြတ်လာခါ ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း ပြည်သူတွေခံစားနေကြရပါတယ်။မြို့ပြလူထုက စီးပွါးရေးကြပ်၊ကျေးလက်နဲ့ တိုင်းရင်းသားဒေသတွေက စစ်ဘေးကြောင့် ဒုက္ခရောက်နေကြတဲ့ အခြေအနေပါ။

မြန်မာနိုင်ငံမှာ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွါးရေးအကြပ်အတည်း၊နိုင်ငံရေးအကြပ်အတည်းနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာရတဲ့ မလုံခြုံမှုနဲ့ မငြိမ်းချမ်းမှုတွေဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းတာကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဆိုတာကတော့ အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။စာရင်းဇယား၊ကိန်းဂဏန်း အချက်အလက်တွေကလည်း သက်သေပြနေပါတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် မြန်မာ့စီးပွါးရေးဟာ ၂၀၂၁ မှာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာကဆိုပါတယ်။ထို့အတူပါပဲ ၂၀၂၃၊ဇွန် ၁၄ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့( FAO) ရဲ့ထုတ်ပြန်ချက်မှာ မြန်မာစိုက်ပျိုးရေးထွက်ကုန်ဟာ ၈ ရာခိုင်နှုန်းကျဆင်းမယ်၊ လယ်သမားမိသားစုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာအစား အစာ မလုံလောက်မယ့် အနေအထားကို ရင်ဆိုင်ရမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

The Diplomat ကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဟာ ပိုမိုကျယ်ပြန့်လာနေတယ် ဆိုတဲ့ဆောင်းပါးကို ၂၀၂၃၊စက်တင်ဘာ ၃၀ ရက်နေ့ကဖော်ပြခဲ့ပါတယ်။စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံမှာ မိသားစုတွေ တကွဲတပြားစီဖြစ်ကြရတယ်၊လူတွေဟာ အလုပ်အကိုင်နဲ့ ပညာရေးအတွက် ရုန်းကန်နေကြရတယ်၊မရှိမဖြစ် သုံးစွဲနေရတဲ့ ကုန်စည်တွေ ရှားပါး ပြတ်လပ်နေတယ်၊ ကုန်စျေးနှုန်းတွေကလည်း မိုးထိအောင်ခုန်တက်နေတယ်လို့လည်း The Diplomat ရဲ့ဆောင်းပါးက မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် ဆောင်းပါးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ၂၀၂၁၊ဖေဖော်ဝါရီ ကနေ ၂၀၂၃၊ ဧပြီလအတွင်း ပြုစုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်ကိုလည်း ကိုကားရေးသားထားပါတယ်။ အဲဒီအချက်တွေကတော့ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ လူပေါင်း ၃,၄၅၂ ဦး အသတ်ခံခဲ့ရတယ်။လူပေါင်း ၂၁,၈၀၇ အဖမ်းခံခဲ့ရကာ ၅,၈၃၉ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတယ်။ လူဦးရေ ၁.၅ သန်း(တစ်သန်းခွဲ)ဟာ အိုးအိမ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်ကြရတယ်။လူဦးရေ ၇၅,၀၀၀ ဟာ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခိုလှုံကြရတယ်။၂၀၂၃၊မေလအထိ အိမ်ခြေပေါင်း ၇၀,၃၂၄ အိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်။အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွါးရေးအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံ တစ်ပုံဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

ဒီကိန်းဂဏန်း၊အချက်အလက်တွေကိုကြည့်ရင် မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာကို တွေ့ကြရမှာပါ။တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အတူ စစ်ဘေးရှောင်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေလည်း ပိုမိုကြီးမားလာမှာပါ။ဒါကြောင့် စစ်ဘေးရှောင်တွေအတွက် ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ၊လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိအောင် ဘယ်လို လုပ်ဆောင်နေသလဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုပြောပါတယ်။

"ဒီအချိန်မှာ အလေးထားဆောင်ရွက်စရာက စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ရှုံးမဲ မဲပြီး ပြည်သူတွေကို၊အကြမ်းဖက်မှုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးတွေနဲ့ ရန်သတ်ပစ်ခတ်မှုတွေ ပိုမိုကျူးလွန်လာပြီဖြစ်တယ်။စစ်ရှောင်ဒုက္ခသည် ပြည်သူတွေကို ဆေးဝါးရိက္ခာထောက်ပံ့နိုင်ရေး အရေးပေါ်အစီအစဉ်တွေကို စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ ၇ ဖွဲ့ ၊ဖွဲ့စည်း ဆောင်ရွက်နေပါတယ်။NUG မှာ စနစ်ကျတဲ့၊အားကောင်းခိုင်မာတဲ့၊အတွေ့အကြုံရှိတဲ့ ထောက်ပို့စနစ်ရှိပြီးဖြစ်ပါတယ်။ ရန်ပုံငွေကတော့ ပြည်သူမှ ပြည်သူသို့ အစီအစဉ်နဲ့ပဲ ပံ့ပိုးကူညီမှုတွေကို အဓိကအားထားရဆဲဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီရရှိဖို့လည်း အသိပေး တောင်းဆိုချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။နိုင်ငံတကာရဲ့ အကူအညီကတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရောက်ရင် တကယ်ဒုက္ခရောက်တဲ့သူတွေဆီ ထိရောက်တဲ့ အကူအညီ ရောက်ဖို့ ခက်ခဲပါတယ်။လက်ရှိကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီအစဉ်တွေကို NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး တိုက်ရိုက် မြေပြင်မှာ လူသားစာနာ ကူညီမှုတွေပေးနေတဲ့ အဖွဲ့တွေဆီရောက်အောင် ပို့နိုင်တယ်ဆိုရင်တော့ အထိရောက်ဆုံးဖြစ်မှာပါ။နိုင်ငံတကာ အကူအညီပေးသူတွေ အန္တရာယ်ကင်းစွာနဲ့ ကူညီနိုင်အောင်လည်း NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေက အာမခံပြီး အကူအညီပေးနိုင်ပါတယ်”

ဒေါက်တာဝင်းမြတ်အေးပြောသလိုပါပဲ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေပေးပို့ရာမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်ကတစ်ဆင့် ပေးပို့မယ်ဆိုရင် တကယ်လိုအပ်တဲ့နေရာ၊ အမှန်တကယ်လိုအပ်သူတွေဆီရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အကူအညီတွေ လိုအပ်နေသူတွေထံ ရောက်ရှိဖို့နဲ့ ထိရောက်စွာကူညီပေးနိုင်ဖို့ နည်းလမ်းတွေရှာဖို့ လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးကတော့ တော်လှန်ရေးအရှိန်အဟုန်က အမြင့်ဆုံးမရောက်သေးပါဘူး။တော်လှန်ရေးအရှိန် ပိုမြင့်မား ပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီပေးရေး လိုအပ်ချက်တွေ ပိုကြီးမားလာမှာပါ။ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက အကူအညီတွေ ပိုရဖို့ အားထုတ်ကြဖို့လိုပါတယ်။စီးပွါးရေးအခြေအနေကလည်း မကောင်းကြတော့ ပြည်သူတွေထံက အလှူငွေရရှိရေးကလည်း အခက်အခဲတွေရှိလာနိုင်ပါတယ်။

ခုအချိန်မှာ လိုအပ်ချက်ကလည်း ပိုပိုပြီးတော့များလာနေပါတယ်။ဒါကြောင့် NUG အနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုရဖို့ ကြိုးစားရမှာဖြစ်သလို ရလာတဲ့အကူအညီတွေကိုမြေပြင်ရောက်အောင်ပို့နိုင်ရေးဟာလည်း အရေးကြီးပါတယ်။ရလာတဲ့အကူအညီတွေပေးပို့တဲ့အခါမှာလည်းပြည်တွင်းလမ်းကြောင်းတွေကနေ စစ်ရှောင်ပြည်သူတွေထံရောက်အောင်ပို့ဖို့ကမလွယ်ပါဘူး။အကန့်အသတ်တွေများပါတယ်။

တားဆီးမှုတွေလည်းကြုံရနိုင်ပါတယ်။ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် အထူးသဖြင့် ထိုင်းနဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတစ်ဆင့် နယ်စပ်ဖြတ်ပြီး ပေးပို့နိုင်ရေးကို NUG အနေနဲ့ တိုင်းရင်သားခေါင်းဆောင်တွေနဲ့ လက်တွဲကြိုးပမ်းသင့်ပါတယ်လို့ အကြံပြုပါတယ်။

ပြည်သွေးနိုင်