မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ သူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးတာအပြင် ထိခိုက်သေဆုံးတဲ့အထိ ကြုံတွေ့နေရတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ကလေးများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ရှိနေတဲ့ ကလေးတွေဟာ ပြေးလွှားရင်းနဲ့ပဲ ဒီကနေ့ကို ဖြတ်သန်းနေရတာပါ။ တိုက်ပွဲဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာလည်း ရှိပါတယ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ အခု နိုဝင်ဘာလထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကြားမှာ ရွာထဲ လက်နက်ကြီးကျလို့ ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး၊ ၁၀ နှစ်အရွယ် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းလိုက်တဲ့ အစပိုင်းကတည်းက ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြောင့် ထိခိုက်ကြတဲ့ အထဲမှာ ကလေးငယ်တွေလည်း ပါဝင်ခဲ့တယ်လို့ ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။
"အာဏာလုယူခံပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးများ အခြေအနေက တကယ့်ကို ဆိုးရွားတဲ့ အခြေအနေတွေ တင်မကဘဲနဲ့ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ အခြေအနေမျိုး ရောက်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စစချင်း အာဏာလုကတည်းက လမ်းပေါ်မှာရှိတဲ့သူကို ပစ်ခတ်တဲ့နေရာမှာ အပြစ်မဲ့တဲ့ ကလေးငယ်တွေ မတော်တဆ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒါ့အပြင် မိဘကိုဖမ်းမိလို့ ကလေးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးမှုကလည်း တော်တော်ကြီးကို ကျင့်သုံးခဲ့တယ်။ အခု ရွှေ့ပြောင်းပြီးတော့ နေထိုင်နေရတဲ့ ပြည်သူထဲမှာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ ကလေးငယ်တွေ အမြောက်အများ ပါဝင်နေတာ အနာဂတ်အတွက် တကယ့်ကို စိတ်မကောင်းစရာပါပဲ။"
အခုနောက်ပိုင်း အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရတဲ့ နေရာမှာလည်း ကလေးငယ်တွေ ပါဝင်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ကလေးငယ်တွေ သေဆုံးတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေကလည်း ကလေးငယ်တွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား အရပ်သားပြည်သူ သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေလည်း ပါဝင်လာတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
ကလေးတွေကိုယ်တိုင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်ဖို့အတွက် "ငါတို့ဘဝ၊ ငါတို့မျှော်လင့်ချက် - Our Life, Our Dream" ပန်းချီပြိုင်ပွဲကိုလည်း NUG ရဲ့ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၀ မှာ ကလေးပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ကလေးငယ်တွေဟာ သူတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေကို ပန်းချီကနေတဆင့် ရေးဆွဲဖော်ပြ ပေးပို့ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ပြေးလွှားနေတဲ့ ကလေး၊ မီးလောင်နေတဲ့ အိမ်တွေရဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ ကလေး၊ လေကြောင်းရန်ကို တုန်လှုပ်နေရတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်တွေက အခု မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေရဲ့ လက်ရှိအဖြစ်အပျက်ကို ကလေးတွေကိုယ်တိုင် ဖော်ပြ တင်ပြနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကိုကြည့်မယ်ဆိုရင် ကလေးတွေ တဦးချင်းတဦးချင်း စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်ခဲ့သလို၊ ဒါမျိုးကလေးတွေကို ကျနော်တို့် ကုစားမှုမပေးနိုင်ရင် အနာဂတ်တခုလုံးမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ကြေကွဲဝမ်းနည်းမှုတွေ ကြုံတွေ့ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။"
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို တိုက်ပွဲဖြစ်ပွားရာ ဒေသတချို့နဲ့ နယ်စပ်ဒေသတချို့မှာရှိတဲ့ ကလေးငယ်တွေလည်း ပန်းချီအနုပညာကနေတဆင့် ပါဝင်ခဲ့ကြပါတယ်။ ကလေးငယ်တွေကိုယ်တိုင် ဖော်ပြနေတဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့၊ သူတို့ လိုချင်တဲ့ အနာဂတ်ကို ရရှိဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြဖို့ကိုလည်း NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းထားပါတယ်။
"သူတို့လိုချင်တဲ့ အေးချမ်းသာယာပြီး ငြိမ်းချမ်းရေး အပြည့်အဝရှိတဲ့ အနာဂတ် ထူထောင်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး ကျနော်တို့ ဖယ်ရှားနိုင်ဖို့ရယ်၊ ထိခိုက်ဒဏ်ရာရပြီး စိတ်ပိုင်းဆိုင်ရာ ခံစားနေတဲ့ ကလေးသူငယ်တွေကို အမြန်ဆုံး ခွန်အားဖြည့် အားဖြည့်ပြီး အနာဂတ်ဘဝ လှပအောင် လုပ်ဆောင်ပေးဖို့အတွက် အားလုံးလုပ်ဆောင်ပေးကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။"
၃၄ နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ကို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ တချို့မှာလည်း "အခွင့်အရေးအားလုံး ရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး" ခေါင်းစဉ်နဲ့ ကျင်းပကြတာကို တွေ့ရပါတယ်။ UNICEF Myanmar ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေဟာ အကြမ်းဖက်ခြင်းတွေ၊ အကြောက်တရားတွေ ကင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းကြပြီး၊ အစွမ်းကုန်ဖွံ့ဖြိုး တိုးတက်လာစေဖို့ အားလုံးက မနားမနေ ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကလေးများနေ့မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5