ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာ

ကောလင်းမြို့ကို ထိန်းချုပ်လိုက်ပြီး ပြည်သူ့တော်လှန်ရေး အလံတော်လွှင့်ထူထားကြောင်း NUG ထုတ်ပြန် (နိုဝင်ဘာ ၆၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ဒီကနေ့ မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။ ကောလင်းမြို့ ရဲစခန်း အချုပ်ထဲက နိုင်ငံရေးအမှုနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရသူ ၈၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ကောလင်းမြို့ နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

နိုဝင်ဘာ ၆ ရက် တနင်္လာနေ့ မနက် ၈ နာရီဝန်းကျင်မှာပဲ ကောလင်းမြို့ တစ်မြို့လုံးကို ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းလိုက်ပြီလို့ ကောလင်းမြို့နယ် အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဒေါင်းနီက ခုလိုပြောပါတယ်။

“ကောလင်းမြို့က အကုန်လုံးအပြတ်သိမ်းလိုက်ပါပြီ။ တစ်မြို့လုံးကို အကုန်သိမ်းလိုက်ပြီဗျ မနက်တုန်း က ၈ နာရီ။ မနက် ၈ နာရီလောက်ကတည်းက သူတို့ (စကစ) အကုန်လုံး ပြန်ထွက်သွားတာ။ ပြန်ထွက်သွားတာက မနက်အစောကြီး ကျွန်တော်တို့ Mission ဆွဲတော့ ထွေအုပ်ရုံးမှာ ကျန်တဲ့ဟာတွေက အကုန် ဝန်းသိုဘက်ကို အကုန်ပြန်ထွက်သွားကုန်တာဗျ။ အခု ကျွန်တော်တို့ မြို့ထဲကို အကုန် ရှင်းလင်းရေး ဝင်ပြီးပြီ။ မြို့ထဲမှာ ကျန်တဲ့သူတွေကိုလည်း အကုန်(နီးပါး) ကယ်ထုတ်ပြီးပြီ။ စစ်ကောင်စီဘက်က သုံ့ပန်း ဖမ်းမိတာက ၂ ယောက်တော့ ရတယ်ဗျ။ တစ်ယောက်က ကျွန်တော်တို့ ဖမ်းဆီးလာစဉ်အတွင်းမှာ သေသွားတယ်။ နောက်တစ်ယောက်ကတော့ ရှိသေးတယ်ဗျ ကျွန်တော်တို့ဆီမှာ။”

ကောလင်းမြို့အတွင်းက စစ်ကောင်စီတပ်တွေ အခြေပြုတပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ အထက ၁ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာစီးပွားရေးဘဏ်နဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ကောလင်းခရိုင်တပ်ရင်း ၁ နဲ့ ရခိုင်တပ်တော် AA ပူးပေါင်းတဲ့ တပ်ဖွဲ့တွေက ကောလင်းမြို့အရှေ့ခြမ်းနဲ့ ကောလင်းခရိုင်တပ်ရင်း ၂ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းတဲ့ အဖွဲ့က ကောလင်းမြို့ အနောက်ခြမ်းတို့ကို အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာ

ခုလို ကောလင်းမြို့ကို သိမ်းပိုက်နိုင်တာဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ခရိုင်မြို့အဆင့်ကို ပထဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း ကာကွယ်ရေး အဖွဲ့တွေက ကြေညာသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

ကောလင်းမြို့ ရဲစခန်းကို နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ဝင်သိမ်းနိုင်ခဲ့ပြီး ရဲစခန်းရဲ့ အချုပ်ထဲမှာ ဖမ်းထားတဲ့ နိုင်ငံရေးအမှုနဲ့ စွဲချက်တင် ခံထားရသူ ၈၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကိုဒေါင်းနီက ပြောပါတယ်။ ရဲစခန်းကို သိမ်းပိုက်ရာမှာ လက်နက်နဲ့ ကျည်အမြောက်အများလည်း သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ပြောပါတယ်။

“မနေ့တုန်းက ရဲစခန်း ဝင်တဲ့ဟာက နိုင်ကျဉ်း ၈၃ ယောက် ကျွန်တော်တို့ စာရင်းနဲ့ တိတိကျကျ ကယ်ထုတ်နိုင်ခဲ့တယ်ဗျ။ ရဲစခန်းက မနေ့ကမှ ရတာဗျ၊ ၃ ရက်မြောက်နေ့မှ ရဲစခန်းကို ရတာဗျ။ ကျွန်တော်တို့ သေနတ်တွေက လက်နက်တွေကတော့ အဲ့ဒီက သေနတ်တွေနဲ့ လက်နက်နဲ့ ကျည်နဲ့ အပြည့်အစုံကတော့ ၄၀ကျော်ရတယ်ဗျ၊ လက်နက်အပြည့်အစုံ ၄၀ ကျော်ရတယ်။ ပြီးတော့ ကျည် ၁ သောင်းကျော် စာရင်းနဲ့ သိမ်းဆည်းရတယ်ဗျ။ နိုင်ကျဉ်း ၈၃ ယောက်ရှိတာကိုလည်း ကျွန်တော်တို့ စာရင်းနဲ့ စနစ်တကျနဲ့ အကုန်လုံး ခေါ်ထုတ်နိုင်ခဲ့တယ်ဗျ။”

တိုက်ပွဲဖြစ်စဉ်အတွင်းမှာ ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ရာ နေရာတွေ ဖြစ်တဲ့ ဝန်းသို၊ ကန့်ဘလူ စတဲ့ ဒေသတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နေအိမ်ပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့မှာ ခန့်မှန်းအားဖြင့် ဒေသခံ ၆၀၀၀ ကျော်ရှိပါတယ်။ စစ်ရှောင်ကူညီသူတွေက
ဒေသခံတွေကို ကယ်ထုတ်ပြီး စစ်ဘေးရှောင်နိုင်မယ့် နေရာတွေကို ခေါ်ထုတ်ပေးနေတာရှိပေမယ့် တချို့ ဒေသခံတွေက မြို့ပြင်ကို မထွက်ပဲ မြို့တွင်းမှာပဲ နေနေကြတယ်လို့ ပြောပါတယ်။

ဒီကနေ့မှာ ကောလင်းမြို့ကို သိမ်းပြီးလို့ ထိတွေ့တိုက်ပွဲတွေ ပြီးပြီဆိုပေမယ့် ကောလင်းမြို့ပေါ်ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာမှာကို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရှောင်ကူညီသူတွေ က စိုးရိမ်တာကြောင့် ဒေသခံ အားလုံးကို မြို့ပြင်ထွက်ပြီး စစ်ရှောင်ကြဖို့ ဖြောင်းဖြနေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ခုလိုပြောပါတယ်။

“ကျန်တဲ့ဟာကတော့ ကျန်သေးတယ်ဗျ။ မထွက်ကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ နားလည်အောင် ပြောပြပြီးမှ ထုတ်နေကြတယ်။ ဗုံးချမှာ ပူရတယ်။ သူတို့(စကစ) ရှိနေတုန်းမို့သာ ရဟတ်ယာဉ်နဲ့ ပစ်တာ ဖိုက်တာက လက်နက်ကြီးနဲ့ပဲပစ်တာ။ သူတို့လူတွေ မရှိတော့တဲ့ အခါကျရင် ဗုံးချလိုက်မှာ ပူရတယ်။ အဲ့ဒါကြောင့် ထွက်ပါဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံးကို ဖြောင်းဖျပြီးမှ ထုတ်နေတယ်။ ကျွန်တော်တို့ လက်ရှိ တမြို့လုံးကို ပတ်ကြည့်ပြီးတော့ ရှာကြည့်ကြတယ်၊ ကြည့်တော့ ဝင်းခြံခတ်ထားတဲ့ အိမ်တွေကတော့ အပျက်အစီးလောက်ပဲ။ လမ်းမှာ သေဆုံးနေတဲ့ဟာက အမျိုးသမီး ရုပ်အလောင်းတစ်လောင်းရယ်၊ အမျိုးသား ရုပ်အလောင်းတစ်လောင်းရယ် အဲ့ဒါ တွေ့ရတယ်ဗျ။ ပြီးတော့ ကျော်ဇေယျာကျောင်းမှာ စကစ ဖက်က ပစ်လိုက်လို့ ပေါင်မှာထိပြီး သွေးထွက်လွန်ပြီး ဆုံးသွားတဲ့ မိန်းကလေးတစ်ယောက်ရယ် အဲ့ဒါလောက်ပဲ တွေ့ရတယ်ဗျ။ အရပ်သား သေဆုံးမှုကတော့ သိပ်အများကြီး မတွေ့ရပါဘူး။”

ကောလင်းမြို့ပေါ်ကနေ ထွက်လာကြတဲ့ စစ်ဘေးရှောင်တွေအတွက် ကောလင်းနယ်တခုလုံးက နေထိုင်ရေး နဲ့ စားသောက်ရေး အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးနေကြတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ကလေး၊ တမူး၊ မြောင်၊ ဒီပဲယင်း စတဲ့ ဒေသတွေနဲ့ မကွေးတိုင်အတွင်းက ဂန့်ဂေါ စတဲ့ ဒေသတွေမှာ စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်လာပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တပတ်ကျော်အကြာမှာ စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ရေးအရှိန်က တဟုန်ထိုး ပိုပြီးမြင့်တက် လာနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာ