စစ်ကောင်စီထိန်းချုပ်မှုအောက် မြန်မာ့စီးပွားရေး

ယခင်မှတ်တမ်းရုပ်ပုံ | စားသုံးဆီလျှော့ဈေးခွဲတန်းနဲ့ရောင်းချပေးတာကို တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)

ပို့ကုန်က ရငွေကို ထိန်းချုပ်၊သွင်းကုန်ကို ကန့်သတ်၊စျေးနှုန်းတွေ သတ်မှတ်၊ အမိန့်ပေးစီးပွါးရေးစနစ်နဲ့သွားနေတဲ့ စစ်ကောင်စီလက်အောက်က မြန်မာ့စီးပွါးရေး

နံနံပင် သုံးလေးပင်သာပါတဲ့ နံနံပင်တစ်စည်း ငါးရာကျပ်။ နံနံပင်တစ်ပိဿာ ကျပ်နှစ်သောင်းခွဲစျေးဖြစ်နေတဲ့အကြောင်း ရန်ကုန်မြို့မှာ နေထိုင်သူတချို့က သူတို့ရဲ့ Facebook စာမျက်နှာတွေမှာ ညည်းတွားသံအပြည့်နဲ့ တင်ထားတဲ့ ပို့စ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းတက်တာနဲ့ လျှပ်စစ်မီးမလာတဲ့ အကြောင်းတွေဟာ သတင်းမဟုတ်တဲ့ သတင်းလို့ ပြောရမလိုဖြစ်နေပါပြီ။ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ နိစ္စဓူဝ ကိစ္စတွေဖြစ်နေလို့ပါ။ စားအုန်းဆီ ရေသန့်ဘူး တစ်ဘူးရဖို့ တန်းစီနေရပုံတွေ၊ စတုဒီသာကျွေးတဲ့အလှူတွေမှာ တန်းစီစောင့်စားနေပုံတွေဟာ အများစုကြီးဖြစ်တဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝအခြေအနေကို ဖော်ပြနေပါတယ်။ဒါဟာ မြန်မာ့စီးပွါးရေးရဲ့ လက်ရှိအနေအထားကို ရောင်ပြန်ထင်ဟတ်နေတဲ့ ပုံရိပ်တွေလို့လည်း ဆိုနိုင်ပါတယ်။

“မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့မသာ မရှိဘူးလို့ အရင်တုန်းက ပြောခဲ့ကြပေမယ့် အခုကတော့ ကိုယ့်ရှေ့မှာတင် သေတာ တွေ့နေရပြီ။ ဘယ်ဆရာဝန်ကတော့ ထမင်းငတ်ပြီး သေတဲ့ မသာပါလို့ ထောက်ခံစာ ရေးပေးမှာလဲ။ တကယ် ကတော့ ရှိနေပါပြီ။ အခုဆို ကျနော်တို့ ရပ်ကွက်မှာ ထမင်းကို ၃ နပ် စားတာကနေ ၂ နပ်၊၂ နပ်စားတာနေ ၁ နပ် အဲဒီ လောက်ပဲ စားနေရတဲ့သူတွေ ရှိနေပြီ” လို့ လှိုင်သာယာမြို့ခံတဦးရဲ့ပြောပြချက်ကို ၂၀၂၃၊အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ဧရာဝတီသတင်းဌာနရဲ့ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့ ရန်ကုန်ထဲကပြည်သူများ ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ VOA ရဲ့ လယ်ယာစီးပွါးသတင်းများမှာလည်း လယ်ယာပို့ကုန် ဒေါ်လာသန်းရာကျော်ကျဆင်းဆိုတဲ့ ရုပ်သံသတင်းတစ်ပုဒ်ကြည်ရှုရပါတယ်။ထို့အတူ ဧရာဝတီသတင်းဌာနကလည်း ခြောက်လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ကျဆင်း ဆိုတဲ့ဆောင်းပါးကို ၂၀၂၃၊အောက်တိုဘာ ၁၉ ရက်နေ့က ဖော်ပြခဲ့တာတွေ့ရပါတယ်။

မြန်မာ့စီးပွါးရေးအခြေအနေဆိုးရွားနေတယ်။ပြည်သူလူထု စားဝတ်နေရေးကျပ်တည်းနေတယ်ဆိုတာကတော့ အထူးပြောဖို့ လိုမယ် မထင်ပါဘူး။အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံခြားပို့ကုန်ကရတဲ့ ဝင်ငွေအပေါ် ကန့်သတ်ထိန်းချုပ်ရာက ကမောက်ကမ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုရမှာပါ။

ဘယ်လောက်ထိ အခြေအနေဆိုးလဲဆို ပို့ကုန်၊သွင်းကုန်နဲ့ စီးပွါးရေး၊ကုန်သွယ်ရေးကိစ္စတွေ တာဝန်ယူကိုင်တွယ်ရတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူ့ရဲ့လက်ထောက် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် တစ်သက်တကျွန်း ချခဲ့ရတဲ့ အထိပါပဲ။

ဒီလို အရေးယူလိုက်ရုံနဲ့ စီးပွါးရေးအခက်အခဲတွေ ပြီးသွားပြီလား။စီးပွါးရေး အကျပ်အတည်းတွေက ပြေလည်သွားပြီလားဆိုတော့ မပြီးသေးဘူး။မပြေလည်သေးပါဘူး။ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ အစားထိုးခဲ့ပေမဲ့ လုပ်ထုံး၊လုပ်နည်းတွေနဲ့ မူဝါဒတွေက အရင်အတိုင်းပါပဲ။

သိသာထင်ရှားတဲ့ မူဝါဒပြောင်းလဲမှုမရှိသလို Line of Authority ကလည်း ရှင်းရှင်းလင်း မရှိတာကြောင့် Import License (သွင်းကုန်လိုင်စင်) ချပေးတာ မရှိသလောက်ပဲလို့ လုပ်ငန်းရှင်တစ်ဦးထံက သိရတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ထောင် တစ်သက်တကျွန်းစံသွားပေမဲ့ စားအုန်းဆီတင်သွင်းခဲ့တဲ့ လုပ်ငန်းရှင်တွေကတော့ ထောင်နန်းစံရမလား။ ရှိတဲ့စည်းစိမ်နဲ့ ပိုင်ဆိုင်မှုအားလုံး ရောင်းချ ပေါင်နှံ ပေးလျှော်ရမလားဆိုတာ သောကဖိစီးနေကြပါတယ်။စားအုန်းဆီတင်သွင်းသူတွေကို တစ်ပိဿာ ၄,၀၀၀ ကျပ်၊အများဆုံး ၄,၂၀၀ ကျပ်နဲ့ရောင်းချဖို့ စစ်ကောင်စီက သတ်မှတ်ပေးထားပါတယ်။ဒါပေမဲ့ စျေးကွက်ထဲမှာက တစ်ပိဿာကို ၈,၀၀၀၊၁၀,၀၀၀ ကျပ် ဝန်းကျင်စျေးနဲ့ ရောင်းဝယ်ကြပါတယ်။သတ်မှတ်စျေးနှုန်းနဲ့ စျေးကွက်ပေါက်စျေးဟာ ၆,၀၀၀ ကျပ် ဝန်းကျင်ကွာဟနေပါတယ်။ဒါကြောင့် စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို အရေးယူတဲ့အနေနဲ့ တစ်ပိဿာ ၆,၀၀၀ ကျပ်နှုန်းနဲ့ မိမိတို့ တင်သွင်းထားတဲ့ ပမာဏ(တန်ချိန်)အတိုင်း စစ်ကောင်စီကို ပေးလျှော်ရမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

ဒီအကြောင်းကို စားအုန်ဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပြပါတယ်။

"ကျနော်တို့ ဆီလောကမှာ သရဲခြောက်ကောင်ဆိုတာရှိတယ်။စားအုန်းဆီတင်သွင်းတဲ့ လက်ကြီးသမားတွေပေါ့။ခု သူတို့အားလုံးအဖမ်းခံ၊အစစ်ခံနေရတယ်။ဆီသွင်းသူ တချို့ကိုတော့ ပြန်လွှတ်တယ်။ ပြန်လွှတ်တယ်ဆိုပေမဲ့ ခေါ်မေးတဲ့အချိန် သွားရတယ်။နေ့စဉ်လည်း လက်မှတ်သွားထိုးရတယ်။ခံဝန်နဲ့ နေရတာပေါ့။သူတို့အနေနဲ့ စားအုန်းဆီဖိုးတွေ အလျှော်ပေးရမယ်ဆိုတော့ ဒုက္ခတွေ့နေကြတယ်။ရတဲ့ အမြတ်တင်မကဘူး ရှိတဲ့ပိုင်ဆိုင်မှုတွေ အားလုံးရောင်းဆပ်ရင်တောင် မကြေနိုင်ဘူးဖြစ်နေတယ်။ သတ်မှတ်စျေးနဲ့ ၆,၀၀၀ လောက်စျေးကွာတယ်ဆိုပေမဲ့ အားလုံးကအမြတ်မဟုတ်ဘူး။တင်သွင်းလာတဲ့ ဆီထဲက တချို့အဖွဲ့အစည်းတွေကို ခွဲတမ်းအနေနဲ့ free ပေးရတာတွေရှိတယ်။ပြီးတော့ တင်သွင်းခွင့်ရဖို့ under table ပေးရကမ်းရတာတွေရှိတယ်။ဒေါ်လာစျေးကလည်း အတက်အကျ ကွာဟချက်ကလည်း ရှိတယ်ဆိုတော့ လုပ်ရ ကိုင်ရတာ တကယ်မလွယ်ပါဘူး။သိတဲ့အတိုင်း စစ်တပ်ဆိုတော့ ဘာမှနားမလည်သလို၊ဘာမှလည်း ပြောလို့ရတာ မဟုတ်ဘူး။အမိန့်နဲ့ပဲ။ရေဘူးပေါက်တာ မလိုချင်ဘူး။ရေပါတာပဲ လိုချင်တာလေ”

စစ်ကောင်စီဟာ သွင်းကုန်(import)တွေကို ကန့်သတ်ထားပေမဲ့ ပို့ကုန်(export)ကိုတော့ အားပေးပြီး လိုင်စင် လွယ်လွယ်ကူကူချပေးတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ဒါပေမဲ့ သွင်းကုန်ရငွေအပေါ် ထိန်းချုပ် ကန့်သတ်ထားတာကြောင့် ပို့ကုန်တင်ပို့ဖို့ တွန့်ဆုတ်နေကြတယ်လို့ဆိုပါတယ်။ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုကို ဒေါ်လာ ငါးသောင်းတန် လိုင်စင်ချပေးတယ်။ပြီးရင် သုံးလအတွင်း ဆေး ထပ်မသွင်းပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ထိုးရတယ်။ဒေါ်လာ ငါးသောင်းဆိုတာ ဆေး ရနိုင်တဲ့ ပမာဏဟာ ဘာမှမရှိဘူးလို့ ကုန်သည်တွေကပြောပါတယ်။ ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်းက ဆန်ကုန်သည်တစ်ဦးကလည်း ဆန်စျေးကို စစ်ကောင်စီက စျေးနှုန်း သတ်မှတ်ထားကြောင်း၊ပေါ်ဆန်းတစ်အိတ်ကို တစ်သိန်းကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို တစ်သိန်းနှစ်သောင်းကျပ်စျေးထက် ပိုမရောင်းဖို့ သတ်မှတ်ထားကြောင်း၊ ဒါကြောင့် သတ်မှတ်စျေးနဲ့ရောင်းနိုင်အောင် ပေါ်ဆန်းကို အခြားဆန်တွေနဲ့ရောရောင်းရကြောင်း သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သွင်းကုန်အပေါ်အမီပြုနေရတဲ့ နိုင်ငံတစ်ခုအနေနဲ့ ပြည်တွင်းမှာ ကုန်စည်မပြတ်လပ်စေဖို့၊စျေးနှုန်းတွေကျဆင်းစေဖို့ သွင်းကုန်ကန့်သတ်ထိန်းချုပ်မှုတွေကို စစ်ကောင်စီအနေနဲ့ ဖြေလျှော့ပေးမလား၊စျေးကွက်ပေါက်စျေးအတိုင်း လွှတ်ပေးမလားဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး။နိုင်ငံအနှံ့ စစ်မျက်နှာဖွင့် စစ်တိုက်နေရတဲ့ စစ်ကောင်စီဟာ စစ်အသုံးစရိတ်အတွက် ဒေါ်လာငွေက အသည်းအသန်လိုနေပြန်ပါတယ်။နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စျေးနှုန်းဆိုတာ ရောင်းလိုအား၊ဝယ်လိုအားပေါ်မှာ အခြေပြုပြီး စျေးကွက်ကသတ်မှတ်တာ။အစိုးရက အမိန့်ပေးပြီး စျေးနှုန်းသတ်မှတ်လို့မရဘူး။စီမံကိန်းစီးပွါးရေး စနစ်ကျင့်သုံးပြီး အစိုးရကစျေးနှုန်းသတ်မှတ်ပေးခဲ့တဲ့ တနည်းအားဖြင့်အမိန့်ပေးစီးပွါးရေးစနစ်ကျင့်သုံးခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပက နိုင်ငံတွေ တဝုန်းဝုန်းပြိုလဲခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ကျနော်တို့မြန်မာနိုင်ငံမှာလည်း အမိန့်ပေးစီးပွါးရေးစနစ်ကျင့်သုံးခဲ့တဲ့ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)လည်း ပြိုခဲ့ရတယ် မဟုတ်လား။စစ်ကောင်စီလည်း ခုတိုင်းဆက်သွားရင်တော့ မြန်မာ့စီးပွါးရေးဟာ အနှေးနဲ့ အမြန် ပြိုမှာပါပဲ လို့ဆိုပါတယ်။

ပြည်သွေးနိုင်