မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေကစလို့ အလုပ်သမား အခွင့်အရေး ကျဆင်းမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြား အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မစုမြတ်မွန် ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းကာလ နောက်ပိုင်းမှာ လုပ်သားဈေးကွက် ကျဆင်းမှုနဲ့အတူ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အခြေခံလုပ်ခလစာ အပြည့်အဝ မရတာအပြင်၊ တရားဝင်သတ်မှတ်ထားတဲ့ တနေ့တာ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး၊ အချိန်ပိုကြေး ထပ်ဆောင်းမပေးဘဲ အလုပ်ခိုင်းတာတွေက အခုနောက်ပိုင်းမှာ ပိုပြီးကြုံတွေ့လာတယ်လို့ စက်ရုံလုပ်သား သမဂ္ဂဝင်တဦးက ပြောပါတယ်။
"လုပ်ငန်းရှင်တွေက သူတို့လက်ပေါ်မှာပဲ မူတည်နေတာဆိုတော့ သူတို့လုပ်ချင်သလို လုပ်တယ်။ အခုဆိုရင် အလုပ်သမားတွေ အပေါ်မှာ ဖိနှိပ်မှုတွေ ရှိတယ်။ တချို့ဆိုရင် မလုံခြုံကြဘူးပေါ့နော်။ သူတို့ စက်ရုံထဲမှာဆိုရင် ရေတွေကြီးတယ်၊ မိုးရေစိုတယ်။ မိုးရေစိုတာကိုလည်း ဖာပေးတာမျိုး မရှိဘူး။ ရေတွေကြီးနေလည်း အတင်းအဓမ္မ ဆင်းခိုင်းတယ်။ တချို့စက်ရုံတွေဆိုရင် target ပြည့်အောင် ဆင်းခိုင်းတယ်။ မပြည့်ဘူးဆိုရင် စက်ရုံကို ဝန်ထမ်းဘက်ကနေပြီး OT အလကား ဆင်းခိုင်းတယ်ပေါ့နော်။ တချို့ဆိုရင် ဆင်းထားတဲ့ OT ကြေးကို မပေးတာမျိုးရှိတယ်။ ဒါတွေက ဒီကာလတွေမှာ ဖြစ်ခဲ့တာပေါ့။ အရင်တုန်းက ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ ရှားတယ်ဆိုတဲ့ အနေအထားမျိုး။ အခုဟာက တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်ထိကို ဖြစ်နေတာပေါ့။"
အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တနေ့တာ ၄,၈၀၀ ကျပ် သတ်မှတ်ထားရာကနေ အခုလကစပြီး အလုပ်သမားရေးဌာနက အနည်းဆုံး လုပ်ခလစာကို တနေ့တာ ၅,၈၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ပါပြီ။ ဒါပေမယ့် ဒီသတ်မှတ်ချက်ကို စက်ရုံအကုန်လုံးက လိုက်နာပြီး တိုးပေးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်ချိန် ၈ နာရီအပြည့်အတွက် လုပ်အားခ အပြည့်အဝ မရတာမျိုးအပြင်၊ စက်ရုံက တနေ့တာ သတ်မှတ်ထားတဲ့ နှုန်းထားမပြည့်မီရင် အချိန်ပိုဆင်းခိုင်းပြီး အလကား စေခိုင်းတာမျိုးလည်း ရှိတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံလုပ်သားတွေကို အကြောင်းပြချက် အမျိုးမျိုးပြပြီး အလုပ်ထုတ်တာကလည်း အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်လို့ ပြောပါတယ်။
စက်ရုံတချို့ ပိတ်သိမ်းလိုက်ချိန်မှာ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လုပ်သားတွေဟာ နစ်နာကြေး မရကြပါဘူး။ တချို့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ စက်ရုံခွဲတွေကို တရုံထဲ စုပေါင်းလိုက်ပြီး၊ အလုပ်သမား လျှော့တာ မျိုးတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒီလို သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေကို အလုပ်သမားတွေ ကိုယ်တိုင် သိရှိကြပေမယ့် ပြန်လည်တုန့်ပြန်နိုင်ဖို့ ခက်ခဲနေကြတယ်လို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်နေသူ တဦးက ပြောပါတယ်။
"စက်ရုံတွေက သူတို့ရုံတွေ ခွဲဖွင့်ထားကြတယ်။ ခွဲဖွင့်ထားတဲ့ရုံတွေ ပြန်ပေါင်းတယ်။ နောက်တခါ သမဂ္ဂရှိတဲ့ရုံတွေကို မထားချင်တဲ့ အခါကျတော့ အဲဒီရုံတွေ ပိတ်ကြတာများတယ်။ အလုပ်သမားတွေက အလုပ်လက်မဲ့ ဖြစ်တာပေါ့။ အလုပ်သမားတွေက ဒီကာလမှာ အလုပ်ပြုတ်ရင် ပြန်ရှာလို့မရဘူး ဆိုတဲ့စိတ်နဲ့ အသက်ကြီးပြီ၊ အလုပ်မရဘူးပေါ့၊ အရာရာပေါ့နော်၊ ထောက်ထားစရာ ရှိတဲ့အခါကျတော့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကို မပြောဘဲနဲ့ နှုတ်ဆိတ်နေကြတယ်။ တကယ်တော့ သူတို့ကို အခွင့်အရေး ချိုးဖောက်နေတာကို မသိဘူးမဟုတ်ဘူး၊ သိကြတယ်။ ပြန်ပြီးအလုပ်မရမှာ အဲလိုစိုးရိမ်မှုတွေကြောင့် သူတို့မပြောကြတာ။"
ကိုဗစ်ကပ်ရောဂါဘေးကနေ နာလန်ပြန်မထူနိုင်ချိန် အာဏာသိမ်းမှု ထပ်ပြီးကြုံတွေ့ရလို့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေက လုပ်သားဈေးကွက်ကို ထိခိုက်စေခဲ့တာပါ။ အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ကဏ္ဍစုံမှာ ထိခိုက်ကျဆင်းလာတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ကလည်း ထုတ်ပြန်ထားပါတယ်။
အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက အခြေခံလုပ်သားတွေ အများစုရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာ တရားမျှတမှု ရရှိနိုင်ဖို့က အရင်ထက်ပိုပြီး ခက်ခဲလာတယ်လို့ အလုပ်သမားတွေနဲ့ သူတို့ကို ကူညီသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5