မြန်မာနိုင်ငံမှာ လယ်ယာမြေဆိုင်ရာ ဥပဒေတွေထဲက အဓိကအချက်တွေဟာ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေကို မြှင့်တင်အားပေးရာ မရောက်ပဲ ဖိနှိပ်ဖို့အတွက် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က လေ့လာစုံစမ်းကာ အခုလို စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဟာ စိုက်ပျိုးရေးဖြစ်ပေမဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝဟာလည်း စစ်အာဏာရှင် အုပ်ချုပ်မှုခေတ် အဆက်ဆက် နိုမ့်ကျလာရာကနေ အခုအချိန်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းကတော့ အဆိုးဆုံး ကာလဖြစ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အထဲမှာ လွတ်လပ်ပြီးစ ပါလီမန် ဒီမိုကရေစီခေတ်က ချမှတ်ထားတဲ့ သီးစားချထားရေး ဥပဒေကို ၁၉၆၂ မတ်လ ၂ ရက်နေ့က စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း က ပြောင်းပြန်အသုံးချခဲ့တာလည်း ပါဝင်ပါတယ်။
ပါလီမန်ခေတ်က အဲဒီသီးစားချထားရေး ဥပဒေရဲ့ အဓိက အနှစ်သာရက မြေပိုင်ရှင်စနစ်ကို တိုက်ဖျက်တဲ့အနေနဲ့ စိုက်ပျိုးမြေ အားလုံးကို နိုင်ငံတော်က သာပိုင်ဆိုင်ပြီး တောင်သူလယ်သမားများက သီးစားအဖြစ် လုပ်ကိုင်ခွင့်ပဲ သတ်မှတ်ပေးထားတာပါ။ အဓိက စိုက်ပျိုးမြေတွေကို မြေပိုင်ရှင်တစုတည်းကသာ ပိုင်ဆိုင်တာမျိုးမဖြစ်အောင် ပြဌာန်းထားတာဖြစ်ပါတယ်။
အဲဒီအတွက် အမှန်တကယ် လယ်၊ယာ စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူလယ်သမားတွေ လက်ထဲမှာပဲ အဲဒီလယ်ယာမြေတွေ ရှိနေစေဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း လက်ထက်ကစပြီး မြေယာအားလုံးကို နိုင်ငံတော်က ပိုင်တဲ့အတွက် သီးစားချထားတဲ့ တောင်သူလယ်သမားတွေက နှစ်စဉ် တာဝန်ကြေ သီးနှံပေးသွင်းရမယ်၊ စီမံကိန်းသီးနှံပဲ စိုက်ပျိုးရမယ်။ နယ်ကျော် သယ်ယူတာတွေ မလုပ်ရဘူးဆိုပြီး ထိန်းချုပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ ၁၉ ၈၈ လူထု့အုံကြွမှုကို စစ်တပ်က နိုမ်နင်းပြီး နဝတ ၊ နအဖ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ နိုင်ငံတော်က မြေယာအားလုံးပိုင်ဆိုင်တယ်ဆိုတဲ့ ခေါင်းစဉ်တခုတည်းနဲ့ စိုက်ပျိုးမြေတွေ သိမ်းယူတာ ၊ စစ်တပ်ပိုင်မြေတွေအဖြစ် သိမ်းပြီး ဒေသခံ တောင်သူလယ်သမားတွေကို သီးစားပြန်ချတာတွေကို လက်ရဲ ဇက်ရဲ လုပ်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေ အရပ်သားအစိုးရတဖြစ်လဲ ဝန်ကြီးချုပ် ဦးသိန်းစိန် လက်ထက် ၂ဝ၁၂ လယ်ယာမြေ ဥပဒေကို ပြဌာန်းခဲ့ရာမှာ လယ်ယာမြေတွေကို ရောင်းဝယ်ပေါင်ငှား ပေးကမ်း ပြုလုပ်နိုင်တယ်ဆိုတာပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လက်တွေ့ဖြစ်ခဲ့တဲ့ အခြေအနေတွေကို တောင်သူလယ်သမားအရေး ဥပဒေသင်တန်းတွေပေးခဲ့သူတဦးက အခုလိုပြောပါတယ်။
" ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဗိုလ်နေဝင်း လက်ထက်မှာ လယ်လုပ်သူလယ်ပိုင်ခွင့်ဆိုတဲ့ အဲဓိပ္ပါယ်က လုပ်နေတုံးမှာပဲ ပိုင်ပြီး ဒီလယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တာ မရှိတော့ဘူးဆိုရင် နိုင်ငံတော်ကပဲ ပိုင်တယ်။ အခြားသူတယောက်ကို သီးစားပြန်ချမယ်ဆိုတာ ဆိုလိုတာပါ။ မြန်မာနိုင်ငံက ၂ဝ၁၂ က ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ဆိုရင် ပုံစံ ၇ သဘောက Land Holder Rights ကို ရည်ညွှန်းတယ်ပေါ့ဗျာ။ လက်ဝယ်ကိုင်ဆောင် အသုံးချပိုင်ခွင့် အခွင့်အရေးကို ရည်ညွှန်းတယ်ပေါ့ဗျာ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရသလားဆိုတော့ တင်းပြည့်ကျပ်ပြည့် အသုံးချပိုင်ခွင့် လုပ်ရတယ်လို့တောင် မဆိုလိုဘူး။ ဘာလို့လဲဆိုတော့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၈ မှာ ဘဏ်တွေကို ပေါင်းတယ်ဆိုရင် ဘဏ်နဲ့ တောင်သူလယ်သမားနဲ့ဟာ ကျေးရွာအုပ်စု လယ်စီရဲ့ရှေ့မှာချုပ်ဆိုရမယ်ဆိုတဲ့ ပြန်ပြီး တင်းကျပ်ပြဌာန်းထားတဲ့အတွက် သူက အခုနက လက်ဝယ်ကိုင်ဆောင်အသုံးချပိုင်ခွင့် အခွင့်အရေး Land Holder Rights ကိုတောင်မှ အပြည့်အဝရတယ်လို့ မဆိုနိုင်ပါဘူး "
နောက်ထပ် မျိုးရိုးအစဉ်အဆက် စိုက်ပျိုးရေးလုပ်လာခဲ့ကြတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို ဖျက်ဆီးတဲ့ ဥပဒေတခုကတော့၂ဝ၁၂ ခုနှစ်က ဝန်ကြီးချုပ် ဦးသိန်းစိန် အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ မြေလွတ်မြေရိုင်း ဥပဒေဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာ ဥပဒေတခုအဖြစ် ပြဌာန်းခြင်းမပြုမီ ၁၉၉၂ ကတည်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအဖွဲ့ နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့် ကနေ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ အမိန့်ကြေညာချက်ပါ အတိုင်း ၂ဝ၁၂ ခုနှစ်မှာ ဥပဒေတခုအဖြစ် ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အဓိက ကတော့ ပုံစံ ၇ ခေါ် လယ်ယာမြေ လုပ်ပိုင်ခွင့် စာရင်းမပေါက် ၊ ဘာစာရင်းမှမဝင်ပဲ မီရိုးဖလာအရ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ မြေတွေဖြစ်ပါတယ်။ ဒါကြောင့် အရင်က မရှိခဲ့ဖူးတဲ့ ဥပဒေတရပ်ကို ပြဌာန်းပြီး စစ်တပ်ပိုင် ၊ ကုမ္ပဏီပိုင် ၊ ခရိုနီပိုင်အဖြစ် အလွယ်တကူ သိမ်းယူခဲ့ကြပါတယ်။ အဲဒီလို သိမ်းယူကြတဲ့မြေတွေဟာ ဧက သိန်းဂဏန်းချီရှိတာကို လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းထားတဲ့ လယ်ယာမြေဥပဒေ သင်တန်းပေးနေသူကပဲ အခုလို ပြောပြပါတယ်။
" အဓိက တောင်သူလယ်သမားတွေကို ထိခိုက်တဲ့ ဥပဒေကတော့ မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပဲဗျ။ ၂ဝ၁၂ ခုနှစ် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကတော့ ဖျက်သိမ်းသင့်တယ်လို့ မြင်ပါတယ်ဗျ။ ၂ဝ၁၂ မြေလွတ်မြေရိုင်းများ လို့ သတ်မှတ်ထားတာက ကျနော်တို့ တောင်သူလယ်သမားတွေ ပုံစံ ၇ မပေါက်ပဲ နဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ ဓါးမဦးချမြေတွေဖြစ်ပါတယ်။ ရပ်ဓလေ့ ရွာဓလေ့အရ ပိုင်ဆိုင်ရှိနေပြီးသားဖြစ်ပါတယ်။ တိုင်းရင်းသားနယ်တွေမှာလည်း သူတို့ရိုးရာဓလေ့ ယဉ်ကျေးမှုအရ ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကို မြေလွတ်မြေရိုင်းဆိုပြီး ကုမ္ပဏီတွေ ၊ ဗိုလ်ချုပ်တွေ သူတို့ဆွေမျိုးတွေကနေ ၊ ခရိုနီတွေက မြေတွေကို သိမ်းယူနိုင်ဖို့အတွက် ဖန်တီးလိုက်တာလို့ ယူဆရပါတယ် "
မြန်မာနိုင်ငံမှာ လယ်ယာမြေ ဥပဒေတွေကို အမျိုးမျိုးပြဌာန်းခဲ့ကြရာမှာ ပြီးခဲ့တဲ့ ကာလတွေက လွှတ်တော်အဆင့်မှာသာ အဓိက ဆွေးနွေးတာတွေ့ရပေမယ့် လွတ်လပ်တဲ့ တောင်သူလယ်သမားအသင်းအဖွဲ့တွေ ၊ သမဂ္ဂတွေ နဲ့ တောင်သူလယ်သမားတွေရဲ့ သဘောထားတွေကို လက်တွေ့ကျကျ တိုင်ပင်တာတွေ နည်းပါးခဲ့ပါတယ်။ အဓိက ဝန်ကြီးချုပ် ဦးသိန်း်စိန် အစိုးရလက်ထက်က ၂ဝ၁၂ စိုက်ပျိုးရေး ဥပဒေတွေမှာ ဆိုရင် တောင်သူလယ်သမားတွေ နဲ့ တိုင်ပင်သာမရှိပဲ လွှတ်တော်နဲ့ အစိုးရပဲ ညှိနှိုင်းကာ အလွယ်တကူ ပြဌာန်းခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင် ဒေသတချို့မှာဆိုရင် ဥပဒေအတိုင်းမဟုတ်ပဲ နီးစပ်ရာစစ်တပ်ကနေ တပ်မတော် စီမံကိန်းအတွက် ဆိုပြီး စစ်တပ်အရာရှိ တယောက်ယောက်ကနေ အလွယ်တကူ သိမ်းယူတာတွေလည်းရှိခဲ့ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်သူတွေ သိပေမယ့်လည်း အရေးတယူမရှိကြပါဘူး။ ဒါပေမယ့်လည်း တောင်သူလယ်သမားတွေကတော့ အဲဒီမြေပေါ်ကို ထွန်တုံးတိုက်ပွဲဆိုပြီး စုပေါင်းထွန်ယက်ပြီး ပြန်လည် ရယူဖို့ဆောင်ရွက်ခဲ့ကြတာကိုတော့ အရေးယူတာတွေရှိခဲ့ပါတယ်။