NCA ၈ နှစ်ပြည့်အခမ်းအနား အနှစ်သာရ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

ပြည်သူကရွေးချယ်ထားတဲ့ အစိုးရ၊လွှတ်တော် မရှိချိန်မှာ အာဏာသိမ်းစစ်ကောင်စီကပြုလုပ်တဲ့ NCA အခမ်းအနား တရားဝင်သလား။

အောက်တိုဘာ ၉ ရက်နေ့ညမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁၃ ဦးအပါအဝင် ၂၉ သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် သီတင်းတစ်ပတ်အကြာ၊အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၈ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ခြိမ့်ခြိမ့်သည်း ကျင်းပပြုလုပ်တာ တွေ့ရပါတယ်။

တစ်နိုင်ငံလုံး နေရာအနှံ့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်နေချိန် ၊ကျေးလက်ဒေသ၊တိုင်းရင်းသား ဒေသတွေမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးတင်ရှို့၊ပစ်ခတ်၊သတ်ဖြတ်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေတာကြောင့် နေရပ်စွန့်ခွါရသူ စစ်ဘေးရှောင်ပြည်သူ ၂ သန်းနီးပါးရှိနေချိန်၊ ယုတ်စွအဆုံး စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်နမိတ်တဝိုက်မှာပါ တိုက်ပွဲတွေ ဖြစ်ပွါးနေချိန်မှာ NCA နှစ်ပတ်လည်ပွဲကြီးကို ငွေအကုန်အကျများစွာခံပြီး လုပ်တာဟာ အဓိပ္ပါယ်ရောရှိပါရဲ့လား၊လက်တွေ့ရော ကျပါရဲ့လား၊အနှစ်သာရရောရှိပါရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

NCA စာချုပ်ချုပ်ဆိုခြင်း(၈)နှစ်ပြည့် အခမ်းအနားပြုလုပ်ပေမဲ့လည်း NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အားလုံးတက်ရောက်တာ မတွေ့ရပါဘူး။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးတားတဲ့ အဖွဲ့ (၁၀ )ဖွဲ့အနက် (၇)ဖွဲ့သာတက်ရောက်တာတွေ့ရပါတယ်။တက်ရောက်တဲ့အဖွဲ့ထဲမှာ ယွက်စစ်ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တစ်ဖွဲ့သာ လက်နက်ကိုင်အင်အားရှိတာဖြစ်ပြီး ကျန်အဖွဲ့တွေက အင်အား လောက်လောက်လားလားရှိကြတာ မဟုတ်ပါဘူး။ဒါကြောင့်လည်း အရင်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်တက်ရောက်ခဲ့သူ၊ NCA စာချုပ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ခေါင်းဆောင်တစ်ဦးအနေပါဝင်လက်မှတ်ရေးထိုးခဲ့သူ ဖြစ်တဲ့ ခွန်မြင့်ထွန်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA (၈)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားဟာ စစ်ကောင်စီအနေနဲ့ NCA ကိုဗန်းပြပြီး အတုအယောင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံတကာကို အသံကောင်းဟစ်ပြတာပါလို့ Burma News Network (BNN)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ခွန်မြင့်ထွန်းက နိုင်ငံတကာအသိသက်သေတွေရှေ့မှာ၊ပြည်သူလူထုရှေ့မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်။ အဲဲဒီစာချုပ်ကို ဖျက်တာဟာ စစ်ကောင်စီပဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ဖျက်တာဟာ စစ်ကောင်စီပဲဖြစ်တယ်။NCA စာချုပ်မှာက နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။ အဲဒီအတွက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းမယ်လို့ ဖော်ပြထားတယ်။ အာဏာသိမ်းတာ နိုင်ငံရေးနည်း မဟုတ်ဘူး။အစိုးရအပေါ်မှာ သစ္စာဖောက်တာ။အာဏာသိမ်းတာဟာ NCA စာချုပ်ကို ဖောက်ဖျက်တာပဲ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး NCA ပါအတိုင်း အကောင်အထည်ဖော်လို့ မရတော့ဘူး။တရားခံဟာ စစ်ကောင်စီပါပဲလို့ BNN သတင်းဌာနနဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

NCA (၈)နှစ်ပြည့်ပွဲအကြောင်းကို Asia Times က "နိုင်ငံတော်သစ္စာဖောက်များနဲ့ ဖောက်ပြန်သူများရဲ့ ငြိမ်းချမ်းရေး ဟန်ရေးပြပွဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ David Mathieson ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်ကို အောက်တိုဘာ ၁၆ ရက်နေ့ကဖော်ပြတာတွေ့ရပါတယ်။အဲဒီဆောင်းပါးမှ David Mathieson က အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ NCA နှစ်ပတ်လည်ပွဲဟာ မင်းအောင်လှိုင်နဲ့ ပုလင်းတူ ဘူးဆို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များရဲ့ NCA စာချုပ် အသက်ဝင်နေသေးတယ်ဆိုတဲ့ ဟန်ဆောင်ပွဲသာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဧရာဝတီသတင်းဌာနကလည်း "ထိုင်ခုံကြီးတစ်လုံးနဲ့ နေပြည်တော် NCA ပွဲဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးပါတယ်။အောက်တိုဘာ ၁၇ ရက်နေ့ကဖော်ပြခဲ့တဲ့ ဧရာဝတီဆောင်းပါးက အခုလိုရေးပါတယ်။

"တနင်္ဂနွေနေ့က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် ထူးခြားသည့် ထိုင်ခုံကြီးတလုံး ချထားသည်ကိုတွေ့ရသည်။ အဆိုပါ ထိုင်ခုံကြီးသည် တခြားသော ထိုင်ခုံများထက် ပိုကြီးနေကာ ထိုင်ခုံအားလုံး၏ ရှေ့ကိုလည်း သိသိသာသာ ထွက်နေသည်။ အာဏာမသိမ်းမီ ရှေ့အစိုးရနှစ်ဆက် ကျင်းပခဲ့သည့် ပွဲများတွင် ထိုကဲ့သို့ မတွေ့ခဲ့ရပေ”

"အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ခန်းမထဲသို့ ဝင်လာသည့်အခါ သီးခြားဖြစ်နေသော အဆိုပါခုံကြီးတွင် ဝင်ထိုင်လိုက်သည်။ အဆိုပါမြင်ကွင်းမျိုးသည် NCA သမိုင်းတလျှောက် ပထမဆုံးမြင်ရသည့်မြင်ကွင်းလည်း ဖြစ်နေသည်။ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်”

ဒါ့အပြင် NCA ပွဲတက်ရောက်သူများ စုပေါင်း ဓာတ်ပုံရိုက်ကြတဲ့အခါမှာလည်း စစ်ကောင်စီဥက္ကဌ ထိုင်တဲ့ခုံဟာ အခြားသူများထိုင်တဲ့ ခုံနဲ့မတူဘဲ သီးခြားဖြစ်ခါ ခုံအားလုံးထက် ပိုမြင့်တဲ့ ခုံဖြစ်နေတာ တွေ့ရပါတယ်။ဒါကြောင့်လည်း နိုင်ငံရေးအကဲခတ်တစ်ဦးက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကြမ်းတပြေးတည်းတောင် မထိုင်နိုင်ပဲနဲ့ ဒီစစ်တပ်ဆီက၊ ဒီလိုစစ်ဗိုလ်ချုပ်တွေဆီက တန်းတူညီမျှရေးတို့၊တန်းတူရည်တူရေးတို့၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို ဘယ်လုပ်လုပ်ပြီး မျှော်လင့်နိုင်မှာလဲလို့ မှတ်ချက်ပေးပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ NCA(၈)နှစ်ပြည့် အခမ်းအနားနဲ့ပတ်သက်ပြီး နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကလည်း သူ့သဘောထားအမြင်ကို ခုလိုပြောပါတယ်။

"NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပချိန်ကို ကြည့်မယ်ဆိုရင်ဗျာ လက်နက်ကိုင်ပဋိပက္ခကျယ်ပြန့်နေတဲ့ချိန်၊လူထုကနိုင်ငံရေးနည်းလမ်းပျောက်ဆုံးနေတယ်လို့ ယူဆနေချိန်ဖြစ်တဲ့အတွက် နိုင်ငံရေးဝိဉာဉ်ပါမလာဘူးလို့ပြောချင်တယ်ဗျာ။ပြောရမယ်ဆိုရင်ဗျာ NCA အခမ်းအနားမှာ ပစ္စုပ္ပန်တိုင်းပြည်ရဲ့အခြေအနေကို ထင်ဟပ်တာ မတွေ့ရသလို အနာဂတ်အလားအလာကို ရည်ညွှန်းတာမျိုးလည်း မတွေ့ရဘူး။ ဒါနဲ့အတူ နိုင်ငံရေးလုပ်ငန်းစဉ်လည်း ပါမလာဘူး။ဒါကြောင့် ကျနော့်အမြင်ပြောရရင် (၈)နှစ်မြောက် NCA အခမ်းအနားဟာ လက်တွေ့မှာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု ရှိမယ် မထင်ဘူးပေါ့”

NCA စာချုပ်ဟာ အစိုးရ၊လွှတ်တော်၊စစ်တပ်(တပ်မတော်)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်လက်မှတ်ရေးထိုးကြတာပါ။ခုချိန်မှာ ပြည်သူကရွေးချယ်ထားတဲ့ တရားဝင်အစိုးရ၊တရားဝင်လွှတ်တော် မရှိပါဘူး။စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပါတယ်။NCA (၈)နှစ်ပြည့်ပွဲကို အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဖြစ်တဲ့ KNU၊KIA၊SSP၊AA နဲ့ ဝ အဖွဲ့တွေလည်း တက်ရောက်တာ မတွေ့ရပါဘူး။ဒါ့အပြင် NCA (၈)နှစ်ပြည့်ပွဲကနေ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာလည်း မတွေ့ရပါဘူး။ဒါကြောင့် နေပြည်တော်က NCA နှစ်ပတ်လည်ပွဲဟာ နိုင်ငံရေးအနှစ်သာရရှိတဲ့ပွဲ မဟုတ်ဘဲ၊ဟန်ပြပွဲသာဖြစ်တယ်လို့ဝေဖန်ကြတာဖြစ်ပါတယ်။ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းကတော့ စစ်တပ်က အာဏာသိမ်းတာဟာ စစ်အာဏာရှင်စနစ် ပိုပြီး ခိုင်ခိုင်မာမာနဲ့ကျယ်ကျယ်ပြန့်ပြန့်ထူထောင်ချင်လို့၊ချုပ်ကိုင်ချင်လို့ဖြစ်ပါတယ်။တိုင်းရင်သားလက်နက်ကိုင်အင်အားစုတွေလိုချင်တဲ့ အမျိုးသားရေး ရည်မှန်းချက်တွေဟာ စစ်အာဏာရှင်စနစ်ရှိနေသ၍ မရနိုင်ပါဘူး။ဒါကြောင့် မိမိတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်တွေ ရရှိဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။