လူဦးရေထူထပ်သိပ်သည်းများပြားလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ၂၀၂၃ခုနှစ် အောက်တိုဘာလ၁ရက်နေ့ ကုလသမဂ္ဂရဲ့ စာရင်းထုတ်ပြန်ချက်တွေအရ အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင် သွေးလွန်တုပ်ကွေးကူးစက်မှုပေါင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ နှစ်သိန်းခြောက်ထောင်ကျော် ကူးစက်ခံနေရပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် လူပေါင်း တထောင့်ခြောက်ယောက်အထိ အသက်ဆုံးပါးခဲ့ရပါတယ်။ အဲ့ဒီ့အထဲမှာ လူဦးရေသိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုပေါင်း တသောင်းတထောင့်ကိုးရာကျော် ကူးစက်ခံနေရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု စမ်းသပ်မှုတွေနဲ့ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးပညာပေးမှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးတကြီး လုပ်ဆောင်နေပေမဲ့လည်း သိန်းချီတဲ့ရိုဟင်ဂျာတွေနေထိုင်ခိုလှုံရာ ဒုက္ခသည်စခန်းတွေထဲ လူဦးရေထူထပ်များပြား လွန်းလှပြီး ယာယီနေထိုင်ရတဲ့တဲအိမ်ကလေးတွေက အမိုးအကာမလုံလောက်တာ ခြင်လုံဇကာနဲ့ စောင်ခြင်ထောင်မလုံလောက်တာ အပါအဝင် တကိုယ်ရေသန့်ရှင်းမှုနဲ့ အများပြည်သူသုံးနေရာတွေမှာ ရေဆိုးမြောင်းတွေ ရေအဝင်အထွက်ပေါက်တွေမှာ အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာကြောင့် ခြင်ယင်ပေါက်ဖွားမှုက များပြားနေတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ကျန်းမာရေးပညာပေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေသူ ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်က ဒုက္ခသည်စခန်းတွင်း သွေးလွန်တုပ်ကွေးကူးစက်မှုအခြေအနေ ရှင်းပြပါတယ်။
“ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အရမ်းများပြားလာရတာ အဓိကက ဒီမှာသန့်ရှင်းရေးစနစ်က လုံးဝ မကောင်းဘူး။ ဟိုမှာ အမှိုက်တွေပစ်လိုက် ဒီမှာ အမှိုက်တွေပစ်လိုက်နဲ့။ နောက် ရေပုံးတွေ ပလက်စတစ်ဗူးတွေကလည်း ဟိုမှာ ဒီမှာ အကုန်ရှိနေတယ်။ အဲ့တော့ မိုးရွာတော့ ရေတွေက အဲ့ဒီ့အထဲတွေမှာ သိုလှောင်ပြီး ကျန်ခဲ့တယ်။ ပြီးတော့ ရေသွားရေလာမြောင်းတွေကလည်း ပိတ်ဆို့မှုတွေရှိတယ် ပြီးတော့ ဒီမှာ အိပ်ယာခြင်ထောင်တွေလည်း မလုံလောက်ဘူး။ နောက် ခြင်ဆေးတွေလည်း မရှိဘူး။ ခြင်ထောင်တွေကနည်းတယ်ဆိုတော့ ခြင်ရန်ကာကွယ်နိုင်ဖို့က မလုံခြုံဘူး။ ပြီးတော့ သန့်ရှင်းရေးအပိုင်းကလည်း လုံးဝ မကောင်းဘူး။ ဒါကြောင့်မို့လို့ ဒီမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း အရမ်းကို များပြားလာခဲ့တာပါ။ ပြီးတော့ လူဦးရေကလည်း အရမ်းထူထပ်လွန်းတော့ ဒီမှာက သွေးလွန်တုပ်ကွေးဖြစ်လာပြီ ဆိုလို့ရှိရင် သွေးလွန်တုပ်ကွေးပေါ့စတစ်ဖြစ်တဲ့ခြင်က နောက် အခြားတယောက်ကို ထပ်ကိုက်မယ်ဆိုတော့ ဒီမှာ ဒုက္ခသည်တွေက ဒီခြင်ရန်ကိုလည်း ရင်ဆိုင်နေကြရတယ်။”
လွန်ခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် သွေးလွန်တုပ်ကွေးကူးစက်မှုနှုန်းက အမြင့်မားဆုံးဖြစ်လာတဲ့ အနေအထားဖြစ်နေပြီး စခန်းတွင်း သန့်ရှင်းမှုကလည်း အတော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အတွက် အရေပြားရောဂါတွေပါ ခံစားနေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းနေ ဦးကျော်မြင့်ကလည်း ပြောပါတယ်။
“ ကျနော်တို့ ခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်းအားလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုတွေ များနေတာကို တွေ့မြင်နေရပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်နဲ့ နှိုင်းယှဉ်လိုက်တယ်ဆိုရင် အဆိုးဝါးဆုံး ကူးစက်ဖြစ်ပွားနေပါတယ်။ ကလေး လူကြီးမရွေး ကူးစက်ပျံ့ပွားနေပြီး သေဆုံးမှုတွေပါ ဖြစ်ပွားနေပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ ရေမြောင်းတွေမှာ ရေစီးဆင်းမှု အမှိုက်သရိုက်တွေ ပိတ်မိနေခြင်း မသန့်ရှင်းတဲ့ ရေပုတ်တွေ စုပြုံရောထွေး ထားခြင်းနဲ့ အိမ်တွင်း မိသားစုတိုင်းတွေ ခြင်ထောင်မလုံလောက်ခြင်း သောက်သုံးရေများအား ဖုံးအုပ်မထားခြင်းတို့ကြောင်း ကူးစက်မှုတွေ များလာတာကိုတွေ့ရပါတယ်။ ဒါတင်မကဘူး စခန်းတိုင်းရဲ့ လူဦးရေ ၆၀%လောက်မှာလည်း အရေပြားကူးစက်မှုတွေဖြစ်နေတဲ့အတွက် လူတော်တော်များများ ဒုက္ခတွေ ခံစားနေရတာပါ။ ဒီအပေါ်မှာ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အတော်လေးကို စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒီရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူညီဦးဆောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်။"
အခုလိုသွေးလွန်တုပ်ကွေးရောဂါ ကူးစက်သူတွေ ထောင်ချီ များပြားလွန်းလှတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘင်္ဂလားဒေ့ရှ်ဆေးရုံဆေးခန်းတွေမှာလည်း ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေနဲ့ အရေးပေါ်ကုသနိုင်ရေး အခက်တွေ့နေကြရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနဲ့ပတ်သက်ပြီးလည်း ကိုအောင်မြိုင်က အခုလိုရှင်းပြပါတယ်။
“သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်ပွားတော့ ဒီမှာ ကျနော်တို့ NGO INGO တွေဘက်က အခြေခံကျန်းမာရေး ဆေးကုခန်းတွေရှိတယ် ဆိုတော့ ဆေးကုဖို့သွားကြတယ်ဆိုရင် တုပ်ကွေးပေါ့စတစ်ဖြစ်တယ်ဆိုရင် ဆေးကုသမှု ပုံမှန်ရတယ် နောက်ပိုင်းကျတော့ တချို့ကို ကော့်ဘဇားဘက်ကို အခြေခံကျန်းမာရေးဆေးခန်းတွေကနေ ကော့ဇ်ဘဇားဆေးရုံကြီးဘက် လွှဲပေးတာရှိတယ်။ ဆေးခန်းတွေကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တချို့ ခွဲခြားဆက်ဆံခံရတာရှိတယ် အချိန်မပြည့်ခင် မောင်းထုတ်ခံရတာတောင်ရှိတယ်။ နင်တို့ဆီကနေ ကူးစက်ခံရနိုင်တယ်ဆိုပြီးတော့ မောင်းထုတ်တာ ကျနော်တို့မှာ သက်သေအထောက်အထားတွေရှိတယ်။ တချိူ့စခန်းထဲက ဆေးခန်းတွေမှာလည်း ခွဲခြားဆက်ဆံခံရတာ ငြင်းပယ်ခံရတာတွေရှိတယ်။ ဒါမျိုးတွေက အကုန်သက်သေသက္ကာယတွေရှိတယ် အခုလိုဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကို အချိန်မှီကာကွယ်နိုင်ဖို့ နိုင်ငံတကာရော ဘင်္ဂလားဒေ့ရှ်အစိုးရရော INGO NGO UN တွေ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးကူးစက်မှု လျော့နည်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုပါတယ်။”
ဘင်္ဂလားဒေ့ရှ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ အပူချိန်မြင့်မားမှုနဲ့ စိုထိုင်းမှုပမာဏ များပြားမှုစတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်ရာက ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားလာတဲ့အတွက်ကြောင့် ခြင်ကတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးရောဂါလည်း ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အခု ဩဂုတ်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မနှစ်၂၀၂၂ခုနှစ်တုန်းကတော့ ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်သူ ၆ သောင်း၊ ၂ ထောင်ကျော် ရှိခဲ့ပြီး သေဆုံးသူက ၂၈၁ ဦး ရှိခဲ့တာကြောင့် အချိန်ထိ ဒီနှစ်မှာ သေဆုံးသူအရေအတွက်ဟာ တထောင်ကျော်ရှိနေတာကြောင့် မနှစ်ကထက် ပိုများနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ရောဂါပိုးကူးစက်သူ သေဆုံးသူ အရေအတွက်ဟာ ဒီထက်မက ပိုများနိုင်တယ်လို့ သုတေသီတွေနဲ့ လူထုကျန်းမာရေးအရာရှိတွေက ပြောပါတယ်။