ပါလက်စတိုင်း ပြဿနာ

အစ္စရေးက ဂီတပွဲတော်ကို ဟာမက်စ်အဖွဲ့တွေဝင်ရောက် တိုက်ခိုက်အပြီးမြင်ကွင်း (အောက်တိုဘာ ၁၀၊ ၂၀၂၃)

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ပြဿနာရဲ့ နောက်ခံသမိုင်းနဲ့ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ဘယ်လိုရှိပါသလဲ။ ဒီပဋိပက္ခအကြောင်း ထဲထဲဝင်ဝင်သိရှိနားလည်နိုင်အောင် ၂၀၂၀ ခုနှစ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ် (Peace to Prosperity) ကို ကြေညာအပြီး ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာ ရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ အရေးကြီးတဲ့ ပြဿနာတရပ်ကတော့ ပါလက်စတိုင်းပြဿနာ ဖြစ်တယ်။ အမေရိကန်သမ္မတ အဆက်ဆက်ဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အားထုတ်တာ ဒါမှမဟုတ် ယုတ်စွအဆုံး အားထုတ်ပြတာတွေ လုပ်ခဲ့ကြတယ်။ အခုနောက်ဆုံး ဒေါ်နယ်ထရမ့်က အငြင်းပွါးနေတဲ့ ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တယ်။ တဆက်တည်းမှာပဲ ပါလက်စတိုင်းပြဿနာ ပြေလည်ရေး သူ့ရဲ့ အစီအစဉ်ဆိုပြီး ကြေညာလိုက်တယ်။ ဒီနေရာမှာ အမေရိကန်ပါဝင်ပတ်သက်လာပုံမပြောခင် ပါလက်စတိုင်းသမိုင်းကို အကျဉ်းရုံး နောက်ကြောင်းပြန်ကြည့်သင့်တယ်။

နောက်ခံသမိုင်း အကျဉ်းချုပ်
အခု ပါလက်စတိုင်းဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က ဂျူးလူမျိုးတို့ရဲ့နိုင်ငံတည်ရှိခဲ့ပြီးနောက် ပါရှန်အင်ပါယာ၊ ရောမအင်ပါယာတို့ အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတယ်။ ခရစ်နှစ် ၇ ရာစု မှာ မူဆလင်တို့ လက်အောက် ကျရောက်တယ်။ နောင်အခါ အော်တိုမန် အင်ပါယာထဲ သိမ်းသွင်းခံရတာ ပထမကမ္ဘာစစ်ဖြစ်ချိန်ထိပဲ။ အော်တိုမန်အင်ပါယာဆိုတာ အခုတူရကီနိုင်ငံကို ဗဟိုပြုတည်ထောင်ခဲ့တဲ့ အစ္စလာမ်အင်ပါယာဖြစ်တယ်။
ပါလက်စတိုင်းသားတွေဟာ နှစ်ပေါင်း ၆၀၀ လောက် အော်တိုမန်အင်ပါယာထဲ နေသားကျလာခဲ့ရာက ၁၉ ရာစုအလယ်ပိုင်းလောက်မှာ အော်တိုမန်လက်အောက်ခံ အီဂျစ်နယ်စားကို ပုန်ကန်ကြတယ်။ ဒါဟာ ပါလက်စတိုင်းသားတို့ စတင်နိုးကြားမှုလို့ ယူဆနိုင်တယ်။
၁၉ ရာစု မကုန်ဆုံးခင် ပါလက်စတိုင်း လူဦးရေ ၃ သိန်းကျော် ရှိတဲ့အနက် ၂ သောင်းခွဲက ဌာနေ ဂျုးလူမျိုးတွေ ဖြစ်တယ်။ တကယ်တော့ အခုအခါ ရန်သူတွေ ဖြစ်နေကြတဲ့ ဂျုးနဲ့အာရပ်တို့ဟာ သမိုင်းမတင်မီခေတ်ကတည်းက သွေးနှောခဲ့ကြတဲ့ တအူတုံဆင်းတွေလို့ သုတေသီတွေကဆိုကြတယ်။ အာရပ်နဲ့ ဂျူးဘာသာစကားတို့ဟာလဲ ဆီးမိုက် (Semite) ဘာသာစကားအုပ်စုဝင်တွေ ဖြစ်တယ်လို့ ဘာသာဗေဒသုတေသီ တချို့ထောက်ပြခဲ့ကြတယ်။
ဒါပေမဲ့ ခေတ်သစ်ပိုင်းရောက်လာတော့ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ဟာ ခါးသီးတဲ့ရန်သူတွေ ဖြစ်နေကြတယ်။
ဇီယွန်ဝါဒ (Zionism)
သူတို့ ၂ အုပ်စု အကြားရန်စောင်မှု အစပျိုးတာကတော့ ပါလက်စတိုင်းမှာ ဂျူးနိုင်ငံထူထောင်ရေး လှုပ်ရှားမှု စတင်လာချိန်မှာလို့ ဆိုရလိမ့်မယ်။
ဒီလို ဂျူးနိုင်ငံ ထူထောင်ရေး ရည်ရွယ်တဲ့ ဂျူးအမျိုးသားရေးဝါဒီအသင်းကြီးကို ၁၈၉၇ မှာ ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုး သတင်းစာဆရာ သီအိုဒို ဟာဇယ်လ် (Theodor Herzl) စတင်တည်ထောင်တယ်။ အဲဒီလိုမျှော်မှန်းတဲ့ အယူအဆကို ဇီယွန်ဝါဒလို့ခေါ်တယ်။ အဲဒီအယူအဆအရ ဥရောပက ဂျူးတွေအများအပြား ပါလက်စတိုင်းကို ဝင်ရောက်အခြေချလာကြတယ်။ ဒေသခံ အာရပ်တွေဆီက မြေတွေ ဝယ်ယူကြတယ်။
အစောပိုင်းမှာ အာရပ်တွေက ဒါကို ခပ်ပေါ့ပေါ့ သဘောထားခဲ့ပေမယ့် ၁၉၀၈ မှာ အော်တိုမန်အင်ပါယာကို ခေတ်သစ်တူရကီအသွင် ပြောင်းချင်တဲ့ Yong Turk Revolution (တူရကီလူငယ်လှုပ်ရှားမှု) ဖြစ်ပြီးတဲ့နောက် ပါလက်စတိုင်းမှာ “ဂျူးဆိုရှယ်ဒီမိုကရက် လေဘာပါတီ” ပေါ်ပေါက်လာသလို Al-Ftat ခေါ် “အာရပ်လူငယ် မြေအောက် လှုပ်ရှားမှု” စတင်လာတယ်။
အာရပ် အမျိုးသားရေးစိတ်ဓာတ်လဲ အရှိန်တက်လာပြီး ဇီယွန်ဝါဒကို အန္တရာယ်အဖြစ် ရှုမြင်လာကြတယ်။ ပြည်ပကဝင်ရောက်လာတဲ့ ဂျူးတွေကို မြေယာရောင်းချမှုကိုလဲ အပြင်းအထန်ကန့်ကွက်လာကြတယ်။

၁၈၉၇ မှာ ဂျူးအမျိုးသားရေးဝါဒီအသင်းကြီးကို တည်ထောင်သူ ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုး သတင်းစာဆရာ သီအိုဒို ဟာဇယ်လ် (Theodor Herzl)

ပထမကမ္ဘာစစ်နှင့် ပါလက်စတိုင်း
ပထမကမ္ဘာစစ် အရှေ့အလယ်ပိုင်း စစ်မြေပြင်ဟာ အာရပ်အမျိုးသားရေးဝါဒီတွေနဲ့ ဗြိတိသျှအင်ပါယာ ကတဘက် ဂျာမနီနဲ့ သူ့ရဲ့မဟာမိတ် အော်တိုမန်အင်ပါယာတို့ ကတဘက် တိုက်ကြတဲ့ ဇာတ်ခုံဖြစ်တယ်။
အာရပ်တွေက အော်တိုမန်အင်ပါယာလက်အောက်က လွတ်မြောက်ရေး အာရပ်နိုင်ငံတွေ ထူထောင်နိုင်ရေး မျှော်လင့်ချက်နဲ့ ဗြိတိသျှတို့ကို ကူညီကြတာဖြစ်တယ်။ (Lawrence of Arabia ရုပ်ရှင်ကားဟာ ဒီဖြစ်ရပ်ကို အခြေခံ ဇာတ်လမ်းဆင်ထားတာဖြစ်တယ်။)
မက္ကမဟွန်း-ဟူစိန် သဘောတူညီချက် (McMahon-Hussein Agreement)
ဗြိတိသျှတို့က ပထမကမ္ဘာ စစ်ပြီးရင် အာရပ်နယ််မြေတွေကို အာရပ်လူမျိုးတွေလက်ထဲ ပြန်ထည့်ပေးမယ်လို့ ကတိပေးပြီး ၁၉၁၅ မှာ မက္ကမဟွန်း-ဟူစိန် သဘောတူညီချက် ပြုလုပ်ခဲ့တယ်။ ဒီသဘောတူညီချက်အရ ပထမကမ္ဘာစစ်ပြီးရင် အော်တိုမန် (တူရကီ)တို့ လက်အောက်က အာရပ်နယ်မြေ တွေကို သူတို့ ပြန်ရလိမ့်မယ်လို့ အာရပ်တွေက မှတ်ယူခဲ့ကြတယ်။
ဒီ မက္ကမဟွန်း-ဟူစိန် သဘောတူညီချက် ဟာ အရှေ့အလယ်ပိုင်းသမိုင်းကို လွန်စွာရှုပ်ထွေးစေပြီး ဗြိတိသျှတို့ကပဲ ဂျုးနိုင်ငံတည််ထောင်ဖို့သဘောတူထားတဲ့ “ဘယ်လ်ဖိုကြေညာချက်” (Belfour Declaration) နဲ့ တိုက်ရိုက် ဆန့်ကျင်နေတယ်။
ဘယ်လ်ဖို ကြေညာချက် (Balfour Declaration)
ဂျူးတွေက ပါလက်စတိုင်းမှာ ဂျူးနိုင်ငံထူထောင်ရေး ပိုစိုင်းပြင်းလာကြချိန်မှာ ဗြိတိန်ဟာ အမေရိကန်ကို သူတို့ဘက်က ဝင်တိုက်စေချင်တာ အပါအဝင် စစ်ရေးမဟာမိတ် မျှော်မှန်းချက်တွေကြောင့် ငွေကြေးလောကရဲ့အထင်ကရ ဂျူးသူဌေးကြီး ရော့သ်ချိုင်းလ် (Rothschild) ဆီကို ထိုစဉ်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အာသာ ဘယ်လ်ဖို (Arthur Balfour) က စာတစောင် ရေးလိုက်တယ်။ အမေရိကန်ရဲ့နိုင်ငံရေးအဆုံးအဖြတ်မှာ စီးပွါးရေးအင်အားကောင်းတဲ့ ဂျူးတွေရဲ့လွှမ်းမိုးမှုက အတော်အရေးပါတယ်။
ဘယ်လ်ဖိုကြေညာချက်လို့ လူသိများလာတဲ့ ဒီစာဟာ ဂျူးတွေအလိုကျ ပါလက်စတိုင်းမှာ နိုင်ငံထူထောင်ခွင့် ပေးမယ်ဆိုတဲ့ သဘောဖြစ်ပေမယ့် မလိမ့်တပတ် အသုံးအနှုန်းတွေ သုံးထားတယ်။ ဂျူးနိုင်ငံလို့ တိုက်ရိုက်မဆိုပဲ ဂျူးအမျိုးသားဌာနေ (Jewish national home) ထူထောင်ရေးကို ဗြိတိန်အစိုးရ (His Majesty’s Government) က ထောက်ခံတယ်လို့ မပြောပဲ မျက်နှာသာပေးရှုမြင်တယ် (view with favour) လို့ပြောထားတယ်။
တနည်းအားဖြင့် ဘယ်လ်ဖိုကြေညာချက်ဟာ အာရပ်တွေကို နားရှုပ်အောင် လှည့်စားထားတယ်၊ အာရပ်တိုရဲ့ထောက်ခံမှုကိုလဲ မဆုံးရှုံးရအောင် မလိမ့်တပတ် ရေးထားတာဖြစ်တာလို့ ပြောရမှာဖြစ်တယ်။
တချိန်တည်းမှာပဲ ဗြိတိန်နဲ့ပြင်သစ်တို့ဟာ ဆိုက်-ပီကို သဘောတူညီချက် (Syke-Picot Agreement 1916) ကို ချုပ်ဆိုပြီး ကမ္ဘာစစ်ပြီးဆုံးရင် ပြိုကွဲတော့မယ့် အော်တိုမန်အင်ပါယာ လက်အောက်ခံ အာရပ်နယ်မြေတွေကို ခွဲဝေထိန်းချုပ်သွားဖို့ စီစဉ်ထားကြတယ်။
ပထမကမ္ဘာစစ်ပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) က ဒီဒေသကို နိုင်ငံကြီးတချို့တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်တဲ့နယ် မန်းဒိတ် (Mandate) အဖြစ်ထားရှိဖို့ ဆုံးဖြတ်ချက်ချပြီး ပါလက်စတိုင်းဒေသဟာ ဗြိတိသျှ စောင့်ရှောက်ခံ နယ်မြေဖြစ်လာတယ်။ ဆီးရီးယား လက်ဘနွန်တို့က ပြင်သစ် စောင့်ရှောက်ခံနယ်မြေတွေ ဖြစ်လာတယ်။

ဘယ်လ်ဖိုကြေညာချက်လို့ လူသိများတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အာသာ ဘယ်လ်ဖို (Arthur Balfour) ရေးသားခဲ့တဲ့စာ (နိုဝင်ဘာ ၂၊ ၁၉၁၇)

ပါလက်စတိုင်းကို ၂ ခြမ်းခွဲခြင်း
ပထမကမ္ဘာစစ်ပြီး ဥရောပနိုင်ငံတချို့မှာ အထူးသဖြင့် နာဇီတွေအာဏာရလာတဲ့ ဂျာမနီမှာ ဂျူးဆန့်ကျင်ရေး အရှိန်မြင့်လာတာနဲ့အမျှ ပါလက်စတိုင်းဒေသမှာ အခြေချဖို့ဝင်ရောက်လာတဲ့ ဂျူးလူမျိုးဦးရေ အဆမတန် များပြားလာသလို အာရပ်လူမျိုးတို့ရဲ့ တုံ့ပြန် ဆန့်ကျင်မှုတွေလဲ ပြင်းတန်လာတယ်။ ၁၉၃၆-၃၉ မှာ ပါလက်စတိုင်းအာရပ်တွေ ပုန်ကန်ထကြွတယ်။
၁၉၄၇ မှာ ပါလက်စတိုင်းဒေသကို လွတ်လပ်သောအာရပ်နိုင်ငံနဲ့ လွတ်လပ်သော ဂျူးနိုင်ငံ ဆိုပြီး ၂ နိုင်ငံ အဖြစ်ခွဲခြမ်းဖို့ ကုလသမ္မက စီစဉ်တယ်။ ဂျေရုဆလင်နဲ့ ဘယ်သလဟမ် (Bethlehem) တို့ကို ကုလသမဂ္ဂလက်အောက်ထား ဖို့စီစဉ်တယ်။ နှစ်ဘက်လုံးက မကြိုက်ဘူး။
ဒါပေမယ့် ဂျူးလူမျိုး အများစုက ဒီအစီအစဉ်ကို လက်ခံကြတယ်။ အာရပ်ခေါင်းဆောင်တွေက လက်မခံဘူး။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာမဲခွဲတော့ ၃၃ နိုင်ငံ ထောက်ခံ ၁၃ နိုင်ငံကန့်ကွက် ပြီး ၁၀ နိုင်ငံက ကြားနေခဲ့တယ်။ ပါလက်စတိုင်း အာရပ်တွေနဲ့ ပါလက်စတိုင်းဝန်းကျင် အာရပ်နိုင်ငံတွေက ဆန့်ကျင်ပြီး၊ ပါလက်စတိုင်းနေ အာရပ်လူများစုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ကုလသမဂ္ဂမှာ ဒီလို ၂ ခြမ်းခွဲပိုင်ခွင့် ရှိရဲ့လားဆိုတာ နိုင်ငံတကာ တရားရုံး (ICJ) ကို တင်ခဲ့ပေမယ့် အရေးနိမ့်သွားတယ်။
အဲဒီနောက် ကုလသမဂ္ဂအစီအစဉ်ကို ၂၉ နိုဝင်ဘာ ၁၉၄၇ မှာ အတည်ပြုပြီးမကြာခင်ပဲ အာရပ်တွေက စတိုက်တယ်။
ဗြိတိန်ရဲ့ မန်းဒိတ် သက်တမ်း မကုန်ခင်တရက်အလို ၁၄ မေ ၁၉၄၈ မှာ ဒေးဗစ် ဘန်ဂူရီးယန်း (David Ben-Gurion) က အစ္စရေး နိုင်ငံ ထူထောင်ကြောင်းကြေညာလိုက်တာနဲ့ ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ စတင်တော့တယ်။
ဂျော်ဒန်၊ ဆီးရီးယား၊ အီဂျစ်နဲ့ အီရတ်တို့က အစ္စရေးကို ၀ိုင်းတိုက်ကြပေမယ့် အစ္စရေးပဲ အနိုင်ရတယ်။ ဂျူးနိုင်ငံအတွက် သတ်မှတ်ပေးထားတဲ့ နယ်နမိတ်ကိုကျော်လွန်ပြီး အာရပ်တို့အတွက်သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကိုပါ သိမ်းပိုက်လိုက်ကြတယ်။
ဆီးရီးယား လက်ဘနွန် အီဂျစ်တို့ဟာ အစ္စရေးနဲ့ ၁၉၄၉ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် အစ္စရေးမသိမ်းပဲကျန်နေတဲ့ နယ်မြေတွေဖြစ်တဲ့ ဂါဇာကမ်းမြောင်နဲ့ ဂျော်ဒန်မြစ် အနောက် ဘက်ကမ်းကို အီဂျစ် နဲ့ ဂျော်ဒန် (Transjordan) တို့က သိမ်းပိုက်တယ်။ ဂျေရုဆလင်မြို့ အရှေ့ခြမ်းကို ဂျော်ဒန်၊ အနောက်ခြမ်းကို အစ္စရေးတို့သိမ်းယူတယ်၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဟာ နောက်တော့ ဂျော်ဒန်နိုင်ငံထဲပါဝင်သွားတယ်။

Tel Aviv မြို့မှာ ဒေးဗစ် ဘန်ဂူရီးယန်း (David Ben-Gurion) က အစ္စရေး နိုင်ငံ ထူထောင်ကြောင်းကြေညာချက်ဖတ်ကြားနေစဉ် (မေ ၁၄၊ ၁၉၄၈)

အစ္စရေးနှင့် အမေရိကန်
အမေရိကန်အနေနဲ့ အစဉ်အလာအားဖြင့် အစ္စရေးကို အရှေ့အလယ်ပိုင်းမှာ အရေးကြီးတဲ့ မဟာမိတ်အဖြစ် သတ်မှတ်ပြီး စစ်ရေးစီးပွါးရေး အထောက်အကူတွေ အဆမတန်ပေးတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းက အာရပ်နိုင်ငံတွေနဲ့ သင့်မြတ်ငြိမ်းချမ်းရေးကိုလဲ အားပေးတယ်။ ပါလက်စတိုင်းအာရပ်နိုင်ငံ ပေါ်ထွန်းစေချင်တယ် လို့ဆိုတယ်။
အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ အကြားစစ်ပွဲတွေ ထပ်ခါ တလဲလဲ ဖြစ်ပွါးပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကတော့ အလှမ်းဝေးဆဲ။
စစ်ဖြစ်ဖြစ်တိုင်းလဲ အစ္စရေးကပဲ အနိုင်ရပြီး ပါလက်စတိုင်းအတွက် သတ်မှတ်ပေးထားခဲ့တဲ့နယ်မြေ ကျန်အိမ်နီးချင်းအာရပ်နယ်မြေတွေကို သိမ်းပိုက်ခဲ့တယ်။
အခုအချိန်ထိ အစ္စရေးသိမ်းပိုက် အာရပ်နယ်မြေတွေကတော့ ပါလက်စတိုင်းနယ်မြေတွေဖြစ််ကြတဲ့ “ဂါဇာကမ်းမြောင်ဒေသ”၊ “ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း” နဲ့ “ ဂျေရုဆလင် အရှေ့ဘက်ခြမ်း” တို့ဖြစ်တယ်။
ဒီသိမ်းပိုက်နယ်မြေတွေက ပြန်ဆုတ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတရားရုံးတို့က ဆုံးဖြတ်ပေမယ့် မလိုက်နာဘူး။ အဲဒီနယ်မြေသစ်တွေမှာ ဂျူးလူမျိူးတွေကို အခြေချနေထိုင်ဖို့ ကူညီစီစဉ်ပေးတယ်။ ဆီးရီးယားဆီက သိမ်းပိုက်တဲ့ ဂိုလန်ကုန်းမြင့်ဟာ စစ်ရေးအရ အချက်အခြာကျတယ်လို့ အကြောင်းပြတယ်။ ပြန်မပေးဘူး။
ဂျေရုဆလင်အရှေ့ပိုင်း
၁၉၄၈ စစ်ပွဲအပြီး ဂျေရုဆလင်အရှေ့ပိုင်းကို ဂျော်ဒန်သိမ်းပိုက်ခဲ့တယ်။
၁၉၄၉ မှာ အစ္စရေးလ် နိုင်ငံထူထောင်ပြီးနောက် အမေရိကန်က အသိအမှတ်ပြုတဲ့အခါ ဂျေရုဆလင်ကို နိုင်ငံတကာကြီးကြပ်မှုအောက် ထားရှိဖို့သဘောတူခဲ့တယ်။ အစ္စရေးလ် မြို့တော်အဖြစ်သတ်မှတ်ရေးကိုရော ဂျော်ဒန်ရဲ့ဒုတိယမြို့တာ်အဖြစ်သတ်မှတ်တာကိုပါ ကန့်ကွက်ခဲ့တယ်။ ၁၉၆၄ စစ်ပွဲအပြီး ဂျေရုဆလင်အရှေ့ပိိုင်းကို အစ္စရေးလ်သိမ်းပိုက်တော့လည်း အမေရိကန်က ကန့်ကွက်ခဲ့တယ်။ ဂျေရုဆလင်ရှေ့ရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ်လို့ ဆိုတယ်။
၁၉၈၈ မှာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ဂျေရုဆလင်အရှေ့ပိုင်းကို ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ်သတ်မှတ်တယ်။ ဒါကို ၂၀၁၇ မှာ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အသင်းကြီး (OIC) က အသိအမှတ်ပြုတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တပ်ဖွဲ့ဝင်များ (ဇွန် ၅၊ ၁၉၆၇)

ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်
၂၀၁၇ မှာ ဒေါ်နယ်ထရမ့် (Donald Trump) အမေရိကန်သမ္မတဖြစ်လာပြီးတဲ့နောက် အရှေ့ဂျေရုဆလင်မှာ ဂျူးတွေ အခြေနေထိုင်မှု ၆၀% ထိ မြင့်မားလာတယ်။ အာရပ်တို့ အိမ်ယာဆောက်လုပ်ခွင့်ကတော့ ၃၀% ထက်မပိုရဆိုပြီး ၁၉၉၁ ကတည်းက ကန့်သတ်ခံထားရတာဖြစ်တယ်။
အာဏာရလာပြီး သိပ်မကြာခင်မှာပဲ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်အစိုးရက ကြေညာတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဒီကြေညာချက်ကို ရှုတ်ချဖို့ဆုံးဖြတ်တာ အမေရိကန်က ဗီတိုသုံးပယ်ချခဲ့တယ်။ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများက အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို လက်မခံ ဝေဖန်ကြတယ်။
၂၀၁၈ မှာ အစ္စရေးလ်ဆိုင်ရာ အမေရိကန်သံရုံးကို လက်ရှိ တဲလ်အဗစ် (Tel Aviv) ကနေ ဂျေရုဆလင် ကိုရွှေ့တယ်။ ဂါဇာမှာ ပါလက်စတိုင်းအာရပ်တွေ ဆန္ဒပြကန့်ကွက်တာ အစ္စရေးပစ်ခတ်လို့ အများအပြားသေတယ်။
၂၈ ဇန်နဝါရီ ၂၀၂၀ မှာ သမ္မတဒေါ်နယ်ထရမ့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အစီအစဉ်ကို အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ကြေညာတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတာညာဟု (Benjamin Netanyahu) သူ့ဘေးနားမှာ ရှိတယ်။ ပါလက်စတိုင်းကိုယ်စားလှယ်ကိုတော့ မဖိတ်ဘူး။
ဒီငြိမ်းချမ်းရေး အစီအစဉ်ဆိုတာကို သမ္မတထရမ့်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ သားမက်လည်းဖြစ်တဲ့ ဂျူးလူမျိုး စီးပွါးရေးလုပ်ငန်းရှင် ဂျရဲဒ် ခုရှ်နာ (Jared Kushner) ဦးဆောင်ရေးဆွဲတာ ဖြစ်တယ်။

အမေရိကန်အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတာညာဟု (ဇန်နဝါရီ ၂၈၊ ၂၀၂၀)

အရေးကြီးတဲ့ အချက်တွေကို ပြောရမယ်ဆိုရင်
အစ္စရေးသိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းမှာ ဂျူးတွေအခြေချနေထိုင်တဲ့ နယ်မြေတွေကို အစ္စရေးလက်ထဲ အပြီးထည့်ပေးရမယ်၊ အာရပ်နယ်မြေတွေကိုဖြတ်ပြီး အစ္စရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းထားရှိပေးရမယ်။ ဒီနယ်မြေတွေကို သိမ်းပိုက်ထားတာဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ကမ္ဘာ့နိုင်ငံအများစုက သတ်မှတ်ထားတာဖြစ်တယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိတဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးဆိုတဲ့ ကာလတာရှည်ရည်မှန်းလာခဲ့တဲ့ ကိစ္စကို ဘေးဖယ်ထားတယ်။
ဒီအစီအစဉ်ရဲ့ နာမည်အပြည့်အစုံကတော့ Peace to Prosperity (ငြိမ်းချမ်းရေးမှ သာယာဝပြောရေးသို့ ) ဖြစ်ပြီး အထက်ပါ နယ်မြေခွဲဝေရေး အစီအစဉ်ကို လက်ခံရင် ပါလက်စတိုင်းတို့အတွက် အဲဒီမှာ ၁၀ နှစ်အတွင်း ဒေါ်လာ သန်းပေါင်းငါးသောင်း ( ၅၀ ဘီလီယံ) ဖိုး မြှုပ်နှံမယ်၊ အလုပ်အကိုင်ပေါင်း တသန်း ဖန်တီးပေးမယ်လို့ ဆိုထားတယ်။
ရှေ့အလားအလာ
ဒါပေမဲ့ ပါလက်စတိုင်းတို့က ယတိပြတ်ပယ်ချထားတယ်။ လုံခြုံရေးကောင်စီမှာလည်း ပါလက်စတိုင်းလိုလားတဲ့ နိုင်ငံတွေက ဦးဆောင်ပြီး အစီအစဉ်ကိုရှုတ်ချဖို့ အားထုတ်ကြမှာဖြစ်တယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ ဆန့်ကျင်ကန့်ကွက်မှုတွေရှိလာရင် အမေရိကန်က ဗီတိုသုံးပယ်ချမှာပဲလို့ အစ္စရေးသတင်းစာတွေက ရေးတယ်။
လောလောဆယ်မှာတော့ ဒေါ်နယ်ထရမ့်ရဲ့ငြိမ်းချမ်းရေး အစီအစဉ်ကို ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန် ၊ပြင်သစ် ၊ အီတလီ စတဲ့ နိုင်ငံတွေ အပါအဝင် အာရပ်နိုင်ငံတွေ ဖြစ်ကြတဲ့ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဘာရိန်း၊ ယူအေအီး နဲ့ မော်ရိုကိုတို့နဲ့ တကွ ၂၃ နိုင်ငံက ထောက်ခံထားတယ်လို့ ၁၀ ဖေဖေါ်ဝါရီ ၂၀၂၀ နေ့ထုတ် Washington Examiner သတင်းစာမှာရေးထားတယ်။
ထောက်ခံသူတွေရဲ့သဘောထားကတော့ စစ်ဒဏ်ကြောင့် မျိုးဆက်နဲ့ချီ လူလုံးမလှ ဖြစ်လာကြတဲ့ လူတွေအတွက် ဒီအစီအစဉ်က ရရှိလာမယ့် တည်ငြိမ်မှု သာယာဝပြောမှု ဖွံ့ဖြိုးတိုးတက်မှုတွေကို လက်ခံသင့်တယ်ဆိုတဲ့သဘောလို့ ယေဘုယျအားဖြင့်ပြောနိုင်တယ်။
အခြားတဘက်မှာ လက်မခံလိုသူတွေကတော့ ပါလက်စတိုင်းသားအာရပ်တွေရဲ့အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံ လိုအပ်တယ်။ အစ္စရေးလ်တို့ နိုင့်ထက်စီးနင်းထားတဲ့ နယ်မြေတွေအားလုံး ပြန်ရမှဖြစ်မယ်၊ လုံးပြန်ရမှဖြစ်မယ် ဆိုတဲ့ သဘောထားမျိုးလို့ ဆိုနိိုင်တယ်။
အချုပ်ပြောရရင်တော့ “ငြိမ်းချမ်းသာယာဝပြောရေး” နဲ့ “အမျိုးသားရေးစိတ်ဓါတ်” အားပြိုင်တဲ့ အခြေအနေလို ဆိုရလေမလားပဲ။ ရလဒ်မှန်ကို သိရှိနိုင်ဖို့ နှစ်အတော်ကြာလိမ့်အုံးမယ်။