အတွေးသစ်၊ပုံစံသစ်တွေနဲ့ ချဉ်းကပ်ရမယ့် နွေဦးတော်လှန်ရေး

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်လာသူများကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တနေရာတွင်တွေ့ရစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၁)

လက်ရှိအကြပ်အတည်းကနေ စစ်ကောင်စီ ရုန်းထွက်နိုင်မလား။

မြန်မာစစ်ကောင်စီဟာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်မလား။ အခုလိုမေးခွန်းထုတ်တာကတော့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ့ (USIP)က ၂၀၂၃၊ဩဂုတ်လ ၁၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့ခေါင်းစဉ်ပါ။ USIP ရဲ့ အကြီးတန်းအကြံပေး Priscilla Clapp နဲ့ USIP နဲ့ Wilson Center တို့မှာ ဧည့်ပညာရှင်နဲ့ global Fellow အဖြစ်ဆောင်ရွက်နေတဲ့ ရဲမျိုးဟိန်းတို့ ရေးသားတဲ့ဆောင်းပါးဖြစ်ပါတယ်။

မေးခွန်းထုတ်မယ်ဆိုလည်း ထုတ်စရာပါပဲ။ လတ်တလော စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေ အရပ်ရပ်က စစ်ကောင်စီအတွက် အတော်လေးဘေးကျပ်နံကျပ်အနေအထားလို့ဆိုရမှာပါ။ စစ်ရေးမှာလည်း ကာလရှည်အထိုင်ချ တပ်စွဲထားခဲ့တဲ့ ရှေ့တန်းစစ်မျက်နှာက စခန်းကုန်းတွေ တစ်ခုပြီးတစ်ခု ကျရှုံးနေတာတွေ့ရသလို ထိန်းချုပ်နယ်မြေတွေလည်း တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံးနေပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများနေသလို တပ်ထိပ်ပိုင်း ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ စကခ၊ ဒစခ မှူးတွေလည်း အပြောင်းအရွှေ့၊ အဖြုတ်အထုတ်တွေများလာနေတာ တွေ့ရပါ
တယ်။ အနှစ် ၇၀ ကျော်သက်တမ်းရှိတဲ့ အခိုင်မာဆုံးအင်စတီကျူးရှင်းကြီးလို့ သမုတ်ကြ၊ ညွှန်းဆိုကြတဲ့ မြန်မာစစ်တပ်ထဲမှာ အလှုပ်အရမ်းများနေပြီး တည်ငြိမ်မှု အကင်းမဲ့ဆုံးအနေအထားမျိုးကို ရောက်နေပြီလို့ အကဲခတ်တွေကဆိုကြပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးမှာလည်း တရားဝင်မှု မရပါဘူး။ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရဆီက ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ လက်နက်အားကိုးနဲ့အာဏာကို မတရားလုယူခဲ့တာကို ပြည်သူလူထုကလုံးဝလက်မခံပါဘူး။တိုင်းရင်းသားပြည်သူတွေရဲ့ မကြုံစဖူးကြီးမားတဲ့ဆန့်ကျင်တော်လှန်မှုကို စစ်ကောင်စီရင်ဆိုင်နေရတာပါ။ ထို့အတူပါပဲ စစ်ကောင်စီဟာ နိုင်ငံတကာမှာလည်း အသိအမှတ်ပြုခြင်း မခံရပါဘူး။အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရသလို ကမ္ဘာ့ကုလသမဂ္ဂမှာလည်း ခုချိန်ထိ စစ်ကောင်စီကို ကိုယ်စားပြုတဲ့၊ အသိအမှတ်ပြုတဲ့ နေရာမရပါဘူး။ အမေရိကန်ပြည်ထောင်စုကဆိုရင် မြန်မာစစ်ကောင်စီကို သံတမန်အဆင့်လျှော့ချ ဆက်ဆံတာတွေ့ရပါတယ်။ ရန်ကုန်သံရုံးမှာ အမေရိကန်က သံအမတ်ကြီးအဆင့် မထားတော့ပဲ အဆင့်နှိမ့်ပြီး သံရုံးယာယီတာဝန်ခံသာထားရှိပါတယ်။

စစ်ကောင်စီလက်ထက် စီးပွါးရေးအနေအထားကတော့ အထူးပြောစရာကို လိုမယ်မထင်ပါဘူး။ ဝင်ငွေတွေကျဆင်း၊အလုပ်အကိုင်တွေရှားပါး၊ ကုန်စျေးနှုန်းတွေ ဆက်တိုက်တက်နေတာတွေက သက်သေသာဓကပါပဲ။ဘယ်လောက်တောင် အခြေအနေဆိုးလဲဆို လတ်တလောအခြေအနေမှာဆိုရင် ကုန်သွယ်ရေးကိုင်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေး အရေးယူခံရတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ပို့ကုန်၊ သွင်းကုန်လိုင်စင်ချပေးမယ့်သူ၊ လက်မှတ်ထိုးပေးမယ့်သူ မရှိလို့ လုပ်ငန်းရှင်တွေအခက်တွေ့နေတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ ကုန်စည်အဝင်၊အထွက် ရပ်သလောက်နီးပါးဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြားနေရပါတယ်။

ပြောရရင် စစ်တပ်ကအာဏာသိမ်းလိုက်ချိန်ကစလို့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးအထိုင် အားလုံးပျက်စီး
သွားခဲ့ပါပြီ။ ဒါကြောင့်လည်း USIP ဆောင်းပါးက စစ်ကောင်စီဟာ ဒီအကျပ်အတည်းကနေရုန်းထွက်
နိုင်မလား။ စစ်ကောင်စီဟာ ဒီအကြပ်အတည်းကို ကျော်နိုင်မလားလို့ မေးခွန်းထုတ်ထားတာပါ။ Priscilla နဲ့ ရဲမျိုးဟိန်းတို့ သုံးသပ်ရေးသားထားတာကို လေ့လာကြည့်ရအောင်ပါ။

အာဏာသိမ်းချိန်ကစလို့ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ချေမှုန်းလာခဲ့တဲ့ စစ်ကောင်စီဟာ သူရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေ လျော့ကျသွားစေဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပေးခဲ့တယ်။ဒီလိုတွေ့ဆုံပေးတာဟာ သူ့တပ်တွင်းကလူတွေကို နှစ်သိမ့်မှုပေးတာဖြစ်နိုင်သလို စစ်ကောင်စီတရားဝင်မှုရရေးအတွက် နိုင်ငံတကာကို တွေ့ဆုံဆွေးနွေးရေးဆိုတာနဲ့ ဆွဲဆောင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။ အဲဒီ နှစ်ခုအနက် ဒုတိယအကြောင်းရင်းက ပိုဖြစ်နိုင်ပါတယ်။ စစ်ကောင်စီဟာ လက်ရှိအကြပ်အတည်းက ထွက်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကဒ်ကို ထုတ်သုံးခဲ့တာပါ။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအတွက် ဘာမှ အလုပ်မဖြစ်ခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ အနေအထား၊ နိုင်ငံရေးဖြစ်တည်မှုက ပုံစံအသစ်ပါ။ အဲဒီပုံစံသစ် နိုင်ငံရေးက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှု အဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ ထူထောင်ရေးနဲ့ စစ်တပ်ဟာ အရပ်သားအစိုးရထိန်းချုပ်မှုအောက်မှာရှိရေးတို့ဖြစ်ပါတယ်။ စစ်ကောင်စီဟာ မတူကွဲပြားတဲ့ မျိုးဆက်တွေပါဝင်တဲ့ ခေါင်းဆောင်သစ်တွေရဲ့ ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ PDF တွေရဲ့ နယ်မြေထိန်းချုပ်မှု ပိုမိုကျယ်ပြန့်လာတာနဲ့အတူ စစ်တပ်ကိုလည်း ပိုဖိအားပေးလာနိုင်တာ တွေ့ရတယ်။ အတိတ်ကရှိခဲ့တဲ့နိုင်ငံရေး ပုံစံအဟောင်း မဟုတ်တော့ဘူး။အနာဂတ်နိုင်ငံတော်ဟာ ပုံစံအသစ်ဖြစ်တယ်။စစ်တပ်လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကဖြေရှင်းရေးဆိုတာ ပုံစံဟောင်းဖြစ်တဲ့အပြင် စစ်တပ်နဲ့ အရပ်သားအီလစ်တချို့
ကြား ဖြေရှင်းလို့ရနိုင်တဲ့ အချိန်ကာလ မဟုတ်တော့ဘူး။ ဒါ့အပြင် ၂၀၁၁ ကစတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပျက်သွားခဲ့ပါပြီ။ ရှုပ်ထွေးတဲ့ အခြေအနေတွေကြားမှာပဲ အရွေ့နှေးတယ်လို့ဆိုနိုင်ပေမဲ့ အုပ်ချုပ်မှုပုံစံသစ်ပေါ်လာနေပြီ။အဓိကကျတဲ့ အင်အားစုတွေကတော့ NUG၊ EAOs တွေနဲ့ NUCC တို့ဖြစ်တယ်။

ဆောင်းပါး အဆုံးသတ်မှာ Priscilla နဲ့ ရဲမျိုးဟိန်းတို့က မြန်မာ့အရေးဖြေရှင်းမယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အဓိကအချက် ၄ ချက်ကို ဖော်ပြထားပါတယ်။အဲဒီ ၄ ချက်ကတော့ စစ်ကောင်စီဟာ နယ်မြေအများစုကို မထိန်းထားနိုင်တော့တဲ့ အပြင် အပေါ်စီးအနေအထားရဖို့ မဖြစ်နိုင်တော့ဘူး။၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ NLD နဲ့ စစ်တပ်တို့ကြားမှာပဲ ဖြေရှင်းရမယ့် အချိန်ကာလ မဟုတ်တော့ဘူး။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာ့အကျပ်အတည်းကို ဘယ်လိုပါဝင် ကူညီဖြေရှင်းပေးရမလဲဆိုတာ အခြေအနေသစ်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုရှာဖွေပြီး အလုပ်လုပ်သင့်တယ်။ နောက်ဆုံးတစ်ချက်ကတော့ တော်လှန်ရေးအင်အားစုတွေကြားမှာ အခုထက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့ ပိုပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့လိုအပ်တယ်လို့ ဖြစ်ပါတယ်။


Priscilla နဲ့ ရဲမျိုးဟိန်းတို့ ဆောင်းပါးက ရှင်းပါတယ်။ စစ်ကောင်စီဟာ အတိတ်ကလို နိုင်ငံကို မထိန်းချုပ်နိုင်တော့ဘူး။ အပေါ်စီးအနေအထားလည်း မရနိုင်တော့ဘူး။ ဒီကနေ့ အခြေအနေဟာ အသစ်ဖြစ်တယ်။ ဒါကြောင့် နည်းလမ်းဟောင်းတွေ၊စဉ်းစားပုံအဟောင်းတွေနဲ့ အလုပ်မဖြစ်တော့ဘူး။ ပုံစံသစ်၊နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဖို့လိုတယ်လို့ဆိုထားပါတယ်။


နိဂုံးချုပ်အနေနဲ့ ကိုလံဘီယာတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခရှာရီဘားမန်း(Sheri Berman)ရဲ့
မှတ်ချက်စကားကို ကိုးကားပါရစေ။ အဲဒါကတော့ "အကျပ်အတည်းတစ်ခုကို အသုံးချနိုင်ဖို့က အချက် နှစ်ချက်ပါပဲ။
ခင်ဗျားဘာဖြစ်ချင်တာလဲဆိုတာ သေချာသိဖို့နဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းက ရှင်းလင်းနေဖို့ပါပဲ” တဲ့။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဆိုပြီး ရှင်းရှင်းလင်းလင်းရှိတာမို့ အဲဒီပန်းတိုင်ကို ဘယ်လိုအရောက်သွားနိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်ရမှာပါ။