စိတ်ဖိစီးမှု နောက်ထပ်ကိုင်တွယ်ဖြေရှင်းသင့်ပုံ

စိတ်ဖိစီးမှုအကြောင်းရင်း ဖြေရှင်းကာ၊ ကျန်းမာပျော်ရွှင်ပြီး သဘာဝနဲ့ထိစပ် နေထိုင်စားသောက်ပုံ ပြောင်းတာအပြင်၊ တခြားဖြေရှင်းနိုင်တာတွေ ရှိပါသေးလား။

စိတ်ဖိစီးမှုအကြောင်းရင်း အဖြေရှာတာ၊ ကျန်းမာပျော်ရွှင်ပြီး သဘာဝနဲ့ထိစပ်တဲ့ နေထိုင်စားသောက်ပုံ ပြောင်းတာအပြင်၊ ဖြေရှင်းနိုင်တဲ့ နည်းတွေရှိသေးတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

သဘာဝအလှတရားနဲ့ ထိစပ်နေထိုင်တာအပြင်၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး သိုက်သိုက်ဝန်းဝန်း နေတာကလည်း စိတ်ဖိစီးမှုလျော့ကျစေပါတယ်။ ဥပမာ နယူးယောက်က အီတလီ အသိုင်းအဝန်းအနေနဲ့ အချင်းချင်း ပုံမှန်လည်ပတ်မှု၊ တွေ့ဆုံပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်လေ့ကြောင့် အသက်ရှည်ရှည် နေနိုင်တာကို တွေ့ရှိထားပါတယ်။ ဒါကြောင့် မိသားစုဝင်တွေနဲ့ ပုံမှန်ချိတ်ဆက်ပြောဆို နေထိုင်တာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စုပြီးစားသောက်တာ၊ တွေ့ဆုံပွဲတွေ လုပ်တာတွေကို အလုပ်အားလပ်ချိန်မှာ လုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဘာသာရေးအလုပ် လုပ်ခြင်းဖြင့်လည်း ဘဝရဲ့ စိတ်ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ တရားထိုင်တာ (Meditation) ဒါမှမဟုတ်၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒီနေရာမှာ မိနစ်အနည်းငယ် ဝင်လေ-ထွက်လေကို အာရုံစိုက်တာကြောင့် ဘဝအခက်အခဲမျိုးစုံကို မတွေးမိတော့ဘဲ စိတ်အနားရစေပါတယ်။ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ် သက်ဆိုင်ရာ ဘာသာရေးကျောင်းကန်တွေ သွားပြီး ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်တာကြောင့် စိတ်ချမ်းမြေ့ပြီး စိတ်ဖိစီးမှုကနေ အနားရ ပြန်သက်သာလာစေနိုင်ပါတယ်။

တချိန်ထဲမှာအရင်တပတ်ပြောခဲ့တဲ့ စိတ်ဖိစီးမှုအကြောင်းရင်း အဖြေရှာရလာတာ (ဥပမာ - အလုပ်ကိစ္စ၊ စာမေးပွဲ) အတွက် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ဇယား ကြိုပြင်ဖို့လည်း လိုပါတယ်။ ပို အမြန်အရေးကြီးတာတွေ အရင်ဦးစားပေးလုပ်ပြီး၊ နောက်အရေးပါနိုင်တာတွေကို နောက်ဆက်လုပ်ဖို့ အချိန်ဇယားဆွဲတာပါ။ အခုလိုလုပ်ခြင်းက အလုပ်တွေအားလုံးကို တချိန်ထဲရော ပိုစဉ်းစားပြီး ဝန်ပိကာ မနိုင်မနင်း စိတ်ပူပန်တာမျိုး မဖြစ်စေဖို့ပါ။ ဒါ့အပြင် အာရုံစိုက်ပြီး ထိမိတဲ့နည်းနဲ့ လုပ်တာမျိုးကလည်း လုပ်ဖို့ဆွဲထားတဲ့အချိန်ထက် စောပြီးကာ အထောက်အကူပြုစေနိုင်ပါတယ်။

ဒါ့အပြင် အချိန်ဇယားပြည့်သွားချိန် ရောက်လာတဲ့ နောက်ထပ်တာဝန်တွေကို အားနာပြီး လက်ခံတာမျိုး မဟုတ်ဘဲ၊ ခွဲဝေလုပ်တာ၊ ငြင်းတာမျိုး လုပ်နိုင်ပါတယ်။ မနိုင်ဝန်ပိပြီး စိတ်ဝန်ထုတ်ဝန်ပိုးအဆင့် ဖြစ်မလာစေဖို့ပါ။ တချို့အလုပ်သဘာဝအရ အကုန်လုံးကို မိမိတစ်ဦးတည်း ကိုယ်တိုင်လုပ်စရာ မလိုအပ်လျှင်၊ တခြားသူတွေနဲ့ ခွဲဝေလုပ်ကိုင်တာ၊ အကူအညီတောင်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားသူတွေနဲ့တင် လုပ်နိုင်တာမျိုးဖြစ်လျှင်လည်း၊ လုံးဝလွှဲပေးတာမျိုး လုပ်သင့်ပါတယ်။

တချိန်ထဲမှာ စိတ်ဖိစီးမှု လျော့ချနိုင်ဖို့ နောက်ထပ်ရှောင်ရန်တွေလည်း ရှိပါသေးတယ်။ အရင် အစပိုင်းမှာပြောခဲ့သလို စိတ်ဖိစီးမှုများလာချိန် လုပ်လာတတ်တဲ့ ပိုဆိုးစေနိုင်တာတွေ မလုပ်မိစေဖို့ပါ။ ဒါတွေကတော့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေကို စိတ်ဖြေစရာအဖြစ် အများကြီး သောက်သုံးမိတာ၊ အစားတွေအများကြီး စိတ်အလိုလိုက်စားမိတာ၊ ဘယ်သူနဲ့မှ မဆက်ဆံတော့ဘဲ အလုပ်သွားလိုက် အိမ်မှာနေလိုက်နဲ့ အထီးကျန် ကြိတ်ခံစားနေတာ၊ ဘာမှမလုပ်ဘဲ အကြာကြီး ထိုင်ပြီး ရုပ်မြင်သံကြား (TV) ကြည့်နေတာ၊ ဖုန်းထိုင်ပွတ်နေတာမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။

အကယ်၍ အခုလိုနည်းတွေနဲ့ စိတ်ဖိစီးတာ မသက်သာဘဲ ပိုဆိုးလာပြီး ရောဂါအဆင့်ဖြစ်တဲ့ စိတ်ကျတာ (Depression)၊ စိတ်ပူပန်မှုလွန်ကဲတာ (Anxiety) စတာ တွေဖြစ်လာလျှင်တော့ ကုသမှု (Therapy) ခံယူဖို့လိုပါတယ်။ အခုလို စိတ်ပိုင်းဆိုင်ရာရောဂါအဆင့်အတွက် စကားပြောပြီး တိုင်ပင်ဆွေးနွေးနိုင်မဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ဆက်သွယ်ဖြေရှင်းသင့်ပါတယ်။ တကယ်တော့ ဒီစိတ်ဖိစီးမှု (တစ်ဦးချင်း/အများနဲ့ဖြစ်တာ) က လူတိုင်းကြုံတွေရတတ်ပြီး၊ ဖြေရှင်းဖို့ အဖြေလည်း ရှိတတ်ပြီးသားဖြစ်တာမို့ ရင်ဆိုင်ဖြေရှင်းဖို့သာ နောက်ဆုံးအရေးကြီးတာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စိတ်ဖိစီးမှု နောက်ထပ်ကိုင်တွယ်ဖြေရှင်းသင့်ပုံ