အမှတ်( ၁ ) စစ် ဆင်ရေးအထူးဖွဲ့မှူး (ကစထ-၁ မှူး) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ စစ်တပ်အရာရှိကြီးတချို့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရတယ်ဆိုတဲ့ သတင်းတွေ ဩဂုတ်လ ပထမပတ်အတွင်းမှာထွက်ပေါ်ခဲ့ပါတယ်။ ဒု ဗိုလ်ချုပ်ကြီး တေဇကျော်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။ အခုလို စစ်တပ်ရဲ့ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးကို ဘာလို့ ဖမ်းဆီးစစ်ဆေးတယ်ဆိုတာတော့ ရှင်းရှင်းလင်း မသိရပါဘူး။ ထုံးစံအတိုင်း စစ်ကောင်စီဟာ စစ်တပ်တွင်းမှာ ဖမ်းဆီး စစ်ဆေးတာတွေ၊အရေးယူတာတွေကို လူသိ ရှင်ကြားထုတ်ပြန်လေ့မရှိတဲ့အတွက် အခုလိုထွက်ပေါ်လာတဲ့ သတင်းတွေ ဟုတ်၊ မဟုတ်။ မှန်၊မမှန်ဆိုတာ အတည်ပြုဖို့တော့ ခက်ခဲပါတယ်။
ဇူလိုင် ၂၉ ရက်နေ့ မဇ္ဈိမသတင်းမှာလည်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနဲ့ တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်ကလာတဲ့ အထူးအဖွဲ့က လာရောက် ဖမ်းဆီးခဲ့တယ်။ ဇူလိုင် ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနဲ့ အခြားသော စစ်ဘက်အရာရှိနှစ်ဦးကို နေပြည်တော်က ဖမ်းဆီးပြီး ရာထူးက ဖယ်ရှားခဲ့တယ်လို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ၂၀၂၃၊မတ်လ ၂၇ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး ဖမ်းဆီးထိမ်းသိမ်းခြင်းခံရတယ်လို့ မီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။စစ်ကောင်စီကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုတာမျိုး၊သတင်းထုတ်ပြန်တာမျိုး မရှိပါဘူး။ဒါပေမဲ့ ၂၀၂၃၊ ဇွန် ၁၆ ရက်နေ့မှာတော့ ဗိုလ်ချုပ်မြတ်သက်ဦးကို လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလောက်အထိ စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊ အဆင့်မြင့်စစ်တပ်အရာရှိကြီးတွေ၊ဖမ်းဆီးခြင်းခံရတာ၊ ရာထူးကဖယ်ရှားခံရတာမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေတပ်ချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ မတွေ့ခဲ့ရဖူးဘူးလို့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး လေ့လာသူတစ်ဦးကဆိုပါတယ်။ ဒါကြောင့်လည်း Myanmar Now က "အဖြုတ်အထုတ်များသည့် မင်းအောင်လှိုင်အောက် ဘဝမရေရာသည့် စစ်ဗိုလ်ချုပ်များ”လို့ ခေါင်းစဉ်ပေးကာ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါးမှာ "အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်အောက်တွင် နေပြည်တော်ရှိ ထိပ်သီးဗိုလ်ချုပ်ကြီးများသာမက စစ်တိုင်းမှူးများပါ မကြာခဏ အဖြုတ်ခံ၊ အထုတ်ခံနေရသည်ဖြစ်ရာ ပခုံးထက်၌ အပွင့်အခက်များဝေဆာသော်လည်း ဘဝမရေမရာဖြစ်နေသည်” လို့ မှတ်ချက်ပေးကာ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ဇင်မင်းထက်၊ ဒုဗိုချုပ်ကြီးသန်းလှိုင်၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မြောက်ပိုင်းတိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ အရှေ့တောင်တိုင်းတိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့ဖြစ်စဉ်တွေကို ဥပမာပေးကာ စစ်ဗိုလ်ချုပ်တွေရဲ့ ဘဝ မရေရာ၊မသေချာမှုတွေကို ရေးသားထားပါတယ်။
စစ်တပ်တွင်းမှာ ရာထူးတိုးပေးတာ၊ရာထူးကနေဖြုတ်တာတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ဇင်ယော်ရဲ့ပြောကြားချက်ကိုလည်း Myanmar Now က အခုလိုဖော်ပြထားပါတယ်။ “အခုကျတော့ ဒီလိုမဟုတ်တော့ဘူး။ မင်းအောင်လှိုင်က ဟစ်တလာထက် ဆိုးသွားတဲ့ အနေအထားပဲ။ ဘာကြောင့်လဲဆိုတော့ သူ့အမိန့်ကို မနာခံရင်၊ သူနဲ့ လက်မတွဲရင်၊ သူခိုင်းတဲ့အတိုင်း မလုပ်ရင် ဖြုတ်ထုတ်သတ်ပဲ။ အခု စစ်ဗိုလ်ချုပ်တွေရဲ့ဘဝက ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့အဖြစ်ပဲ” လက်ရှိအခြေအနေမှာ စစ်ဗိုလ်ချုပ်တွေဟာ ဒီနေ့မှာတိုင်းမှူး နောက်နေ့မှာ ဘာဖြစ်မယ်ဆိုတာ မသေချာ၊ မရေရာတော့ဘူး။ အဲဒီလို ဖြစ်နေတဲ့စစ်ကောင်စီလက်အောက်စစ်တပ်အခြေအနေကို အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ (USIP)နဲ့ Wilson Center တို့မှာ သုတေသနပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ရဲမျိုးဟိန်းက "ထင်သလောက်အင်အားမရှိပဲ တရှိန်ထိုး အင်အားကျဆင်းချိနှဲ့လာတဲ့ မြန်မာစစ်ကောင်စီတပ်”ဆိုတဲ့ စာတမ်းတစ်စောင်ရေးသားခဲ့ပါတယ်။ အဲဒီစာတမ်းကို USIP က ၂၀၂၃၊ မေလက ဖော်ပြခဲ့ပါတယ်။ အဲဒီစာတမ်းမှာ စစ်တပ်အင်အားဟာ အာဏာမသိမ်းမီအချိန်က ခန့်မှန်းကြသလို ၃ သိန်းကနေ ၄ သိန်ကြား မရှိပဲ လက်ရှိအချိန်မှာ စစ်တပ်အင်အား တစ်သိန်းခွဲခန့်သာရှိပြီး တကယ့် တိုက်ခိုက်ရေးအင်အားဟာ ၇၀,၀၀၀ ခန့်သာရှိတယ်လို ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့တိုက်ပွဲတွေမှာ အကျအဆုံးများနေတာ၊ တပ်ပြေးတွေပိုများလာသလို တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်း ခိုလှုံလာကြတာ၊ တပ်တွင်းအခြေအနေတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေတာ၊ စစ်သားသစ် စုဆောင်းဖို့ခက်ခဲလာတာတွေကြောင့် စစ်ကောင်စီ စစ်တပ်ဟာ မြန်မြန်ဆန်ဆန်ပဲ အင်အားကျဆင်းကာ ချိနှဲ့နေပြီလို့ ရဲမျိုးဟိန်းက ရေးသားပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ခုခံတော်လှန်ရေးအင်အားစုတွေကို နိုင်နင်းအောင် ထိန်းချုပ်နိုင်ပြီး နိုင်ငံကို တည်ငြိမ်အောင်လုပ်နိုင်မယ်လို့ ယူဆတာဟာ ကျိုးကြောင်းဆီလျှော်မှု မရှိတော့ဘူး။ ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာ့အရေးမှာ ချဉ်းကပ်ပုံတွေပြောင်းလဲသင့်တယ်လို့ ဦးရဲမျိုးဟိန်းက ထောက်ပြထားပါတယ်။
သေချာတာကတော့ စစ်ကောင်စီဟာ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး၊ ပြန်လည်တည်ငြိမ်အောင်လည်း လုပ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို နိုင်ငံရေးအကဲခတ်တွေ၊ ပညာရှင်တွေက မငြင်းခုံကြပါဘူး။ စစ်ကောင်စီအလွန်ကာလမှာ ဘာတွေဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်သင့်သလဲဆိုတဲ့အပေါ်မှာပဲ ငြင်းခုံကြတာပါ။ ဒီလိုအချိန်မှာပဲ စစ်ကောင်စီဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကာ/လုံအစည်းအဝေးခေါ်ကာ အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးပါတယ်။ တိုင်းပြည် အေးချမ်းတည်ငြိမ်မှု မရှိသေးလို့လို့ အကြောင်းပြပါတယ်။
စစ်ကောင်စီက ဒီလိုအကြောင်းပြတာကို ဦးကျော်ဇံသာကတော့ ဗွီအိုအေ အယ်ဒီတာဆွေးနွေးခန်းမှာ "နိုင်ငံတော် အေးချမ်းမှု မရှိသေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မေးရမယ့်မေးခွန်းက အဲဒီလိုနိုင်ငံတော်အေးချမ်းမှု မရှိအောင် ဘယ်သူကလုပ်နေတာလဲဆိုတဲ့ဟာက အဓိကကျမယ့် မေးခွန်းဖြစ်တယ်လို့ ထင်ပါတယ်။ ပထမဦးစွာ ၂၀၂၀ ရွေးကောက်ပွဲပြီးတော့ ဒီမိုကရေစီလမ်းကြောင်းဟာ ပိုပြီးပီပြင်လာမယ်။ ရှေ့ကို အေးအေးချမ်းချမ်းဆက်သွားရလိမ့်မယ်လို့ လူတိုင်းမျှော်လင့်ထားကြတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဲဒါကိုဖျက်သိမ်းပြီးတော့ သူတို့အာဏာသိမ်းလိုက်ကတည်းက နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုဟာ ပျက်ပြားသွားခဲ့ပြီဖြစ်ပါတယ်။ အခုလည်းပဲ နိုင်ငံအေးချမ်းတည်ငြိမ်အေးချမ်းမှု မရှိတာ အမှန်ပါပဲ။ သူတို့က တည်ငြိမ်အေးချမ်းအောင် တစ်ခုမှလုပ်တာမှ မရှိတာ။ သူတို့လုပ်နေသမျှဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေလို့ ပြောချင်ပါတယ်”လို့ သုံးသပ်ပြောကြားခဲ့တာတွေ့ရပါတယ်။
ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ဟာ အတော်ရှင်းပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့လို့သာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရကာ တိုင်းရင်းသားပြည်သူတွေ အထွေထွေအကြပ်အတည်းနဲ့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းပါ။
Your browser doesn’t support HTML5