စီးပွားရေးအကြပ်အတည်းတွေ ကြုံရပြီး ကြွေးမြီမဆပ်နိုင်တဲ့အတွက် ဒေဝါလီခံထားရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ လူမှုဖူလုံရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်း သီရိလင်္ကာအတွက် အလားတူ ငွေကြေး အကူအညီ ပြီးခဲ့တဲ့ မတ်လက ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒေါ်လာ သန်း ၅၀၀ လောက်ကို ဘဏ္ဍာရေးအသုံးစရိတ်အတွက် သုံးမှာဖြစ်ပြီး ဒေါ်လာ သန်း ၂၀၀ ကတော့ ငွေကြေးအကြပ်အတည်းကြောင့် အဆိုးဝါးဆုံး ထိခိုက်ခဲ့ရသူတွေအတွက် လူမှုစောင့်ရှောက်ရေး အကူအညီပေးဖို့ ဖြစ်ပါတယ်။ သီရိလင်္ကလာရဲ့ စီးပွားရေး တည်ငြိမ်မှု ရှိလာဖို့၊ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲဖို့နဲ့ ဆင်းရဲသားတွေ ဘေးအန္တရာက် ကျရောက်နိုင်တဲ့ နွမ်းပါးသူတွေကို ကာကွယ်ဖို့အတွက် ကမ္ဘာဘဏ်က ဗဟာဗျုဟာချ ဆောင်ရွက်နေတဲ့အကြောင်း သိရိလင်္ကာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Faris Hadad-Zervos က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရေရှည်အထောက်အပံ့နဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်ဆိုရင်၊ စိမ်းလမ်းစိုပြေတဲ့၊ အကြပ်အတည်းတွေကို ကြံ့ကြံ့ခံပြီး အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်လို့ ပြောပါတယ်။
သမိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေးအကြပ်အတည်းတွေ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီတွေ ဆပ်နိုင်အောင် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF က ပြီးခဲ့တဲ့ မတ်လ ဒေါ်လာ ၃ ဘီလျံ နီးပါး ပေးအပ်ရေး အတည်ပြုထားပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ တခြား ငွေကြေးအဖွဲ့အစည်းတွေဆီကနေ နောက်ထပ် ဒေါ်လာ ၄ ဘီလျံလောက် ရမယ်လို့လည်း မျှော်လင့်ထားပါတယ်။
Your browser doesn’t support HTML5