လျှပ်စစ်မီးမရလို့ ပြည်သူတွေနဲ့ စက်မှုလုပ်ငန်းတွေ အခက်ကြုံ

လျှပ်စစ်မီး (photo: MOEP facebook)

=== [[ ZAWGYI ]] ===

လျှပ်စစ်မီးမရလို့ ပြည်သူတွေနဲ့ စက်မှုလုပ်ငန်းတွေ အခက်ကြုံ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းကစပြီး လျှပ်စစ်ဓါတ်အားဖြန့်ဝေမှု ပိုအားနည်းလာတဲ့ အတွက် နယ်ရောမြို့တွေမှာပါ အခက်ကြုံနေကြရတဲ့အပြင် မီးစက်မောင်းဖို့ စက်သုံးဆီလည်း ဝယ်မရတာကြောင့် စီးပွါးရေးလုပ်ငန်းတွေပါ အကြီးအကျယ် ထိခိုက်လာနေတယ်လို့ စီးပွါးရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဘာ့ကြောင့် အခုလောက်အထိ မီးတွေ ပျက်နေပြီး စက်သုံးဆီတွေကလည်း အဝယ်ရ ခက်လာတာပါလဲ။ ပြည်သူတွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စီးပွါးရေးလုပ်ငန်းတွေအတွက် ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာတွေကို စီးပွါးရေးလုပ်ငန်းရှင်တွေကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပိုပြတ်လာတာကို အမည်မဖေါ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက -

" ဖေဖေါ်ဝါရီအကုန် မတ်လဆန်းကစပြီး မီးက ခပ်စိပ်စိပ် ပျက်လာတယ်။ နယ်တွေမှာ ပိုဆိုးတာပေါ့။ အချိန်နဲ့ မီးပေးဖို့ တရားဝင်ထုတ်ပြန်ပြီး ဓါတ်အားကို လျော့ချလိုက်တယ်။ အဲဒီကနေ တရက် ၄ နာရီ ခုဆို ရန်ကုန်မှာ ၈ နာရီပေါ့ ဒါက တရားဝင်သတ်မှတ်ထားတာ။ ခုဆို နေအိမ်တွေမှာ ၄ နာရီလောက်ပဲ ပေးတော့တယ်။ ကြားထဲမှာ အလျဉ်းသင့်ရင် သင့်သလို ပျက်နေတာပါပဲ။ "

ခုနောက်ပိုင်း မီးပျက်တာ ပိုဆိုးလာတာ ဘာကြောင့်ဖြစ်နိုင်သလဲ ဆိုတာကိုလည်း နောက်ထပ် အမည်မဖေါ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦး ပြောတာက -

" ဒီရက်ပိုင်း မီးပျက်တာ ဆိုးဆိုးရွားရွား ပိုဖြစ်လာတယ်။ အရင်ထဲက မြန်မာတနိုင်ငံလုံး သုံးစွဲမှုအားရဲ့ ၅၀% လောက်ကိုပဲ ထုတ်ပေးနိုင်တာလေ။ အဲဒီတော့ စုစုပေါင်း စက် တပ်ဆင်အင်အားက (၄,၈၀၀) ကျော် မဂ္ဂါဝပ်လောက် ရှိတယ်ဆိုပေမယ့် တကယ်ထုတ်ပေးနေတာ (၄၀၀၀)ပတ်ဝန်းကျင်လောက်ပဲ ရှိတာပါ။ အဲဒီကာလအတွင်းမှာ LNG Gas နဲ့ ထုတ်တဲ့ စက်ရုံ ၂ ရုံက သာကေတရယ်၊ သီလဝါ စီမံကိန်းမှာရယ် ရှိတာ။ အဲဒီ ၂ ခုပေါင်း ၇၅၀ မဂ္ဂါဝပ်လောက် ထုတ်တာ။ အဲဒါတွေ ရပ်သွားပြီ။ ခု လောပိတက ပို့နေတဲ့ တာဝါတိုင်တွေ ဖျက်ချိုး ခံရတယ်လို့ ပြောတယ်။ အဲဒါကြောင့် (၂၅၀)လောက် National Grid ထဲကို ဝင်မလာဘူး။ (၁၀၀၀)လောက် အဲဒီမှာ ပြတ်သွားတော့ ပထမ (၄၀၀၀)လောက်ကနေ (၃၀၀၀) မဂ္ဂါဝပ်လောက်ပဲ ထုတ်နိုင်တော့တယ်လို့ သိရတယ်။ အဲဒီခါကျတော့ စုစုပေါင်း သုံးနေတဲ့ ဝင်အားထက် အရင်ထဲကလည်း တဝက်လောက်ပဲ ပေးနေနိုင်တာ၊ အဲဒီထဲမှာ ၂၅ % လောက်က ထပ်ပြီးတော့ ပြတ်သွားတဲ့အခါကျတော့ အခုလိုမျိုး အချိန်တိုင်း ဖြတ်ပြီး မီးပေးနေရတဲ့ အနေအထားမျိုး ဖြစ်သွားရတာ။ "

ဘာကြောင့် ခုလောက်ထိ ဖြစ်လာနိုင်တာကိုလည်း ပထမ စီးပွားရေးလုပ်ငန်းရှင်က -

" အဓိကတော့ နိုင်ငံခြားငွေ မလုံလောက်ဖြစ်သွားတာပေါ့။ အစိုးရက ပေးနေတဲ့ မီးတွေက မလုံလောက်ဘူး။ ခုနောက်ဆုံး အင်တာနေရှင်နယ်က LNG နဲ့ပေးတဲ့ V-Power သင်္ဘောကြီးကလည်း ထွက်သွားတယ်ပေါ့။ နောက်ပြီးတော့ မိုးတွင်းကလည်း ကုန်သွားပြီဆိုတော့ ထုံစံအတိုင်း နွေရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ မီး တအားကို မပေးနိုင်တော့တဲ့ အခြေအနေရောက်သွားတယ်။ ကြားထဲမှာ အဓိကတော့ ဒေါ်လာ နိုင်ငံခြားသုံးငွေ လိုအပ်ချက်ကြီးတဲ့ အချိန်မှာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက် မီးစက်တွေဆိုရင်လည်း စက်သုံးဆီ စရိတ်တွေက တက်လာတယ်၊ အဲဒီဟာတွေ အားလုံးပေါင်းဆုံ လိုက်တဲ့ အချိန်မှာ မီးရဲ့ပြသနာက အကြီးကြီး ဖြစ်နေတာပေါ့။ "

အဲဒီတော့ မီးပျက် ဆီ ဝယ်ရခက်တာရဲ့ သက်ရောက်မှုကို မေးရာမှာ ဒုတိယ စီးပွားရေးလုပ်ငန်းရှင်က -

" လူနေအိမ်တွေဆိုရင်လည်း ဆိုးတာပဲ၊ မီးက ပျက်တဲ့အချိန်က များနေတာကိုး။ နောက်တခါ စက်ရုံတွေ ဆေးရုံတွေပေါ့ .. အများစုက မီးစက်သုံးတယ်ဆိုတော့ မီးစက်သံ တညံညံပေါ့။ မီးစက်သုံးရတော့ လျှပ်စစ်ခ ပေးရတာထက် ဒီဇယ်ဖိုး ပိုပေးရတော့တာပေ့ါ။ အဲဒီတော့ ဒီဇယ်ဆီကလည်း တဖြည်းဖြည်း ပြတ်လာတယ်ပြောတယ်။ ဒီဇယ် ဝယ်ရခက်လာသလို ဂျန်နနေရတာ လည်ဖို့လည်း ခက်လာတယ်။ စားရိတ်လည်း ပိုကြီးလာတယ်၊ တချို့ စက်ရုံတွေဆို ရပ်နားထားရတယ်။ ပြည်သူကတော့ အခုလို နိုင်ငံရေး စီးပွားရေး အခြေအနေ အကျပ်တည်းကြားမှာ များစွာသောဒုက္ခတွေကို ခုချိန်ထိ ခံနေရတုန်းပါပဲ။ "

ဒီလို စီးပွားရေး အကျုးိသက်ရောက်မှုအပေါ်မှာ ပထမ စီးပွားရေးလုပ်ငန်းရှင်ကလည်း -

" နေ့တဓူဝ ထမင်းချက်တာ ရေတင်တာတို့က အချိန် မမှန်တော့ဘူး။ ရေမရှိရင် ဘာမှ လုပ်လို့မရဘူး ရန်ကုန်မှာကလေ။ ရေတင်ဖို့ကျတော့ မီးစက်ပြသနာကလည်း မီးစက်မှာထည့်ဖို့ စက်သုံးဆီကလည်း ခုက ပြတ်သလောက် ဖြစ်သွားပြီ။ အိမ်မှာသုံးဖို့ ဒီဇယ် လိုက်ရှာရဦးမှာ။ ဆိုင်မှာ မရောင်းတော့ဘူး ဝယ်လို့ မရတော့ဘူး။ ဆိုင်ကြီးတွေရဲ့ ဆိုင်းဘုတ်မှာတော့ 'ဘယ်ဈေး .. ဘယ်ဈေး'ဆိုပြီးတော့ ကားနဲ့သွားထည့်လို့ ရပါတယ်။ ဒါပေမဲ့ ရန်ကုန်အပြင် ထွက်လိုက်ရင် ဈေးက မတရားကြီးနေတယ်။ ဖုန်းတောင် အားသွင်းဖို့ ခက်သွားပြီ။ နောက်ပိုင်းကျရင် ဆုတောင်းရုံမှတပါး ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ နိုင်ငံခြားလိုငွေ ဘယ်လိုပြန်ဖြည့်မလဲဆိုတာ စီမံခန့်ခွဲတဲ့ သူတွေရဲ့အပေါ်မှာပဲ မူတည်တော့မယ်။ "

အဲဒီတော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းသင့်ပါသလဲလို့ မေးရာမှာ ဒုတိယ စီးပွားရေးလုပ်ငန်းရှင်က -

" အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ၂၀၁၅-၂၀၃၀ ပေါ့လေ။ အဲဒါကို ဆောင်ရွက်ခဲ့တာ အရှိန်ရခါစပေါ့နော် ၂၀၁၉ ဒီဇင်ဘာမှာဆိုရင် တနိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်ရဲ့ ၅၀% ရပြီဆိုပြီးတော့ ကြေညာခဲ့တယ်လေ။ အဲဒီတော့ ဒီကနေ့ ၂၀၂၃ ခုနှစ်အချိန်မှာ ၆၅% လောက် ရနေလောက်ပြီလို့ မှန်းထားခဲ့ပေမယ့် ခု တကယ်တမ်းက ၃၅% လောက်ပဲ ရနိုင်တဲ့အခြေအနေ ဖြစ်နေတာပေါ့။ ခုဟာက နိုင်ငံရေး စီးပွားရေး အခြေအနေက ရှုတ်ရှက်ခတ်နေသေးတဲ့အခါကျတော့ ရိုက်ခတ်မှုတွေ ရှိနေတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဒီ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး ၁၅နှစ် စီမံကိန်းကိုပေါ့နော် သေသေချာချာ ကောင်းအောင် ပြန်လုပ်သွားဖို့ လိုပါတယ်။ သို့သော်လည်း နိုင်ငံရေး စီးပွားရေး အခြေအနေတွေအပေါ် အများကြီး မူတည်ပါတယ်။ "

အဲဒီ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းထဲမှာ နျူကလီယားစွမ်းအင် မပါပဲ၊ လောင်စာဆီ စွမ်းအင်အပြင် ရေအားလျှပ်စစ်နဲ့ ခေတ်မီ နေရောင်ခြည်၊ လေအားသုံး လျှပ်စစ်ထုတ်လုပ်မှုတွေ ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Your browser doesn’t support HTML5

လျှပ်စစ်မီးမရလို့ ပြည်သူတွေနဲ့ စက်မှုလုပ်ငန်းတွေ အခက်ကြုံ

=== {{ UNICODE }} ===















