တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သလို၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း အောင်မြင်မှု အများအပြားရမှာဖြစ်တယ်လို့ ဒီကနေ့ တနင်္လာနေ့ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Qiang က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အင်ဒိုနီးရှားမှာ သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ နှစ်ဦးကြားရခဲ့တဲ့ အရေးကြီးတဲ့ သဘောတူညီမှုတွေနဲ့ ပတ်သက်လို့ လက်တွေ့လုပ်ဆောင်ဖို့ အရေးကြီးကြောင်း တရုတ်ဝန်ကြီးချုပ် Li Qiang က တနင်္လာနေ့က ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ကရက် နိဂုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံရဲ့ စာရင်းအင်းတွေအရ ပြီးခဲ့တဲ့နှစ်ထဲ တရုတ်နဲ့ အမေရိကန်ကြား နှစ်ဘက် ကုန်သွယ်မှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၇၆၀ ဘီလီယံရှိခဲ့ပြီး သမိုင်းမှာ စံချိန်သစ်တခု ထပ်တင်ခဲ့ကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်ဟာ စီးပွားရေးအရ နီးနီးစပ်စပ်ရှိနေပြီး အပြန်အလှန် အကျိုးပြုနေတာဖြစ်တယ်လို့ ဝန်ကြီးချုပ် Li ကပြောပါတယ်။
မကြာသေးခင် နှစ်တွေအတွင်း တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ဝေးကွာသွားဖို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့သူတချို့ အမေရိကန်မှာရှိတဲ့ အကြောင်းလည်း ဝန်ကြီးချုပ် Li ကမှတ်ချက်ပြု ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အင်ဒိုနီးရှားမှာ သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံတဲ့အချိန် နှစ်နိုင်ငံ မဟာဗျူဟာမြောက် အရေးပါတဲ့ ကိစ္စရပ်တွေ၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်အပါအဝင် နိုင်ငံစုံ ကော်ပရေးရှင်းကြီးတွေအနေနဲ့ တရုတ်နိုင်ငံ အနာဂါတ်အတွက် အကောင်းမြင်ကြသလို၊ ပူးပေါင်းဆောင်ရွက်မှုက ရလဒ်ကောင်းတွေရဖို့ သေချာတဲ့ လမ်းကြောင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် Li Qiang က သူ့ရဲ့အတွေ့အကြုံတွေနဲ့ ကိုးကားပြောဆိုသွားခဲ့ပါတယ်။
Your browser doesn’t support HTML5