ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုနဲ့ ထပ်တိုး အရေးယူ အမှုဖွင့် လိုက်တယ်လို့ သူ့မိသားစုကပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုသိန်းထိုက်ဦးက ပြောပြမှာပါ။
မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော်ဆိုသူက မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့ပြီး တရားရင်ဆိုင်နေချိန်မှာ၊ အခုထပ်ပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)နဲ့ထပ်မံတရားစွဲဆိုခံရတာဖြစ်တယ်လို့ သူ့ရှေ့နေက ပြောပြပါတယ်။
"ရုံးချိန်းမှာတရားသူကြီးကဖတ်ပြတယ်။ အဲမှာကNUG သမ္မတ ဦးလရှီးလ၊ သယံဇာတ ဝန်ကြီးအဆင့်ရှိတဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမ ဒေါ်ဂျာထွယ်ပန် သူတို့တွေနဲ့ လိုင်ဇာမှာတွေ့ ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲထားတယ်ဆိုတာပြောတယ်။ အမှုကို ၂၁ရက်နေ့စစ်မယ်ရှင့်"
ကနဦး စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် စွဲချက်တင်သင့်မသင့်ဆုံးဖြတ်ဖို့ ၂ ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးရမယ့် အဆင့်ရောက်နေပြီ လို့ရှေ့နေကပြောပါတယ်။
"အဲအမှု ၂ခုကတော့ အိုင်အိုကိုစစ်ပြီးပြီ။ နောက်တချိန်းက ၂၁ရက်နေ့ အဲနေ့မှာလျှောက်လဲချက်ပေါ့ စွဲချက်လျှောက်လဲချက်ပေါ့။ စွဲချက်လျှောက်လဲချက်ပေးမှာဖြစ်တယ်။ ပြီးမှ လျှောက်လဲချက်တင်ရမှာပါ။"
ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့သွားချိန်မှာ အခုလိုဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ် ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးကအတည်ပြုပါတယ်။
ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး၊ KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သတ်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးနောက်၊ ဆရာတော်နဲ့တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆွမ်ဆွန်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။
လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။
ဒေါက်တာခလမ်းဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode]