ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို ကူညီပေးရေး အခက်ကြုံနေ

မေလ(၁၅)ရက်နေ့က စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ယင်းမာပင်နယ်တွင်း- ရွာသာကျေးရွာနဲ့ နှောရိုးကျေးရွာ မီးလောင်ပြင် မြင်ကွင်း။ ( Photo: Courtesy)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်တွေမှာ မီးဘေးသင့်နေတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မီးဘေးသင့် ရွာတွေအတွက် ပြန်လည်ထူထောင်ရေး ကူညီပေးတာတွေ ရှိနေပြီး၊ စစ်ကောင်စီအဖွဲ့တွေနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ ရွာတွေကိုတော့ ကူညီပေးနိုင်ဖို့က အခက်တွေ့နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခအားကောင်းတဲ့ နေရာတွေထဲ စစ်ကိုင်းတိုင်းထဲက အညာဒေသတွေလည်း ပါဝင်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့် ပြေးလွှားနေရသလို၊ တချို့ဒေသခံတွေမှာလည်း နေအိမ်မီးထဲ ပါသွားလို့ ရွာလုံးကျွတ် မီးဘေးသင့်နေရတဲ့ အခြေအနေမှာ ရှိနေတာပါ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မီးဘေးသင့်နေတဲ့ ကျေးရွာပေါင်းက ၁၀ ရွာကျော်လောက် ရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချနေထိုင်တဲ့ အနီးတဝိုက်က ကျေးရွာ ၇ ရွာဆီကိုတော့ အကူအညီပေးနိုင်ဖို့ ခက်နေပြီး၊ ကျန်တဲ့ရွာတွေကိုသာ လတ်တလောစားသောက်ဖို့အတွက် လိုအပ်တာတွေကို ကူညီပေးနိုင်တာပါ။ မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီနဲ့ အခြေခံ မီးဖိုချောင်သုံး ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကလည်း တချို့ရွာတွေကို ကူညီပေးနိုင်ဖို့ အခက်တွေ့နေပုံကို အခုလိုပြောပါတယ်။

"ယင်းမာပင်က တရွာကကျတော့ ဝေခဲ့ပြီးပြီပေါ့နော်။ ဒါပေမဲ့ ယင်းမာပင်နဲ့ ကနီအစပ်၊ ချင်းတွင်းမြစ်ကမ်း ဘေးနဲ့နီးတဲ့ ရွာတွေကကျတော့ အထိုင်စခန်း ချထားတယ်ပေါ့နော်။ အဲဒီ ပစ်ကွင်းကို ယူထားတဲ့အတွက် တပ်စွဲထားတယ်ပေါ့နော်။ အဲလိုကျတော့ အဲဘက်တွေတော့ မသွားရဘူး။ မသွားနိုင်ဘူး ဆိုတာက အဲဒီဘက်နဲ့ နီးတဲ့ရွာတွေ ဆိုတော့လေ စစ်ကြောင်းတွေကလည်း မကြာခဏ ထိုးနေတဲ့အတွက်ကြောင့် အဲဒီဘက် အခြေအနေကတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ကျန်တဲ့ရွာတွေကကျတော့ မီးဘေးသင့် ပြည်သူတွေကို ဒီပြင့် အဖွဲ့အစည်းတွေကလည်း လှူကြတာ တွေ့တယ်။"

ယင်းမာပင်မြို့နယ်ထဲမှာ အရင်က မီးရှို့ခံထားရတဲ့ ရွာတရွာကတော့ ပြန်အခြေချ နေနိုင်ပြီလို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက နောက်ထပ်မီးဘေးသင့် ရွာတွေထဲမှာ ဆားလင်းကြီးမြို့နယ်မှာလည်း ကျေးရွာပေါင်း ၁၇ ရွာ ရှိနေပါတယ်။ မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေပေါင်းက ၈၀၀ ကျော်အထိ ရှိနေတာပါ။

"မီးဘေးသင့် ကျေးရွာပေါင်းကတော့ ၁၇ ရွာရှိတယ်။ ရှို့ခံလိုက်ရတဲ့ အိမ်ခြေပေါင်းကတော့ ၈၀၀ ကျော်ပေါ့နော်။ အခု အဖွဲ့အနေနဲ့ ကူညီထားတဲ့ အိမ်ခြေပေါင်းကတော့ ၄၀၈ အိမ်ရှိပြီ။ ကျန်တဲ့ အိမ်ခြေတွေကကျတော့ အဖွဲ့မပေါ်ပေါက်ခင်က ရှို့ခံထားရတဲ့ ရွာတွေဆိုတော့ အခြေကျသွားတဲ့ အခြေအနေတွေလည်း ရှိပါတယ်။"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ရွာတွေမှာ ဒေသခံတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေ ရှိပေမယ့် တချို့ရွာတွေကတော့ အခြေချနိုင်ဖို့ ခက်ခဲနေပါတယ်။ စစ်ကောင်စီအဖွဲ့တွေ အနီးနားမှာရှိနေတဲ့ ရွာတွေကိုတော့ အကူအညီပေးသူတွေ သွားနိုင်ဖို့ အခက်ကြုံနေတာပါ။

မီးဘေးသင့်ပြည်သူတွေ အခြေချနေထိုင်ဖို့ အကူအညီတွေအပြင် စားသောက်ဖို့အတွက်လည်း အကူအညီတွေက လိုအပ်နေတာပါ။ စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်ချုပ်ရေးအာဏာ ကြေညာထားတဲ့ ၁၁ မြို့နယ်ထဲ ယင်းမာပင်နဲ့ ဆားလင်းကြီးလည်း ပါဝင်ပါတယ်။

Your browser doesn’t support HTML5

ယင်းမာပင်နဲ့ ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို ကူညီပေးရေး အခက်ကြုံနေ

[Unicode]








