=== [[ ZAWGYI ]] ===
ပြည်သူဘက်ကရပ်တည်တဲ့ CDM သံဝန်ထမ်းများ
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးအဆင့်အပါအဝင် သံရုံးအရာရှိတချို့နဲ့ နိုင်ငံခြားရေးဝန်ထမ်း ရာဂဏန်း အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်ခဲ့တာက နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီကို ထိုးနှက်မှုတရပ် ဖြစ်စေခဲ့တယ်လို့ CDM လုပ်ထားတဲ့ သံအရာရှိတွေက အာဏာသိမ်း ၂ နှစ်ပြည့်ကာလမှာ ပြောကြားလိုက်ပါတယ်။ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် လုပ်ဆောင်နေကြတယ်လို့လည်းပြောပါတယ်။ CDM သံအရာရှိတချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အာဏာသိမ်း (၂) နှစ်ပြည့် အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတချို့နဲ့အတူ နိုင်ငံတကာ မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံအရာရှိတချို့၊ ဝန်းထမ်းတချို့ဟာလည်း အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် သူ CDM လုပ်ကြောင်း ၂၀၂၁ ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီလုပ်ဆောင်ချက်က စစ်အုပ်စုကို အငိုက်မိသွားစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။
ပြည်သူတွေရဲ့လိုလားတောင်းဆိုချက်တွေကို သူ့အနေနဲ့ ထပ်တူ နားလည် လက်ခံတာကြောင့်လည်း CDM လှုပ်ရှားမှုထဲ ပါဝင်လာရတာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA ကို ရှင်းပြပါတယ်။
" ဒီလို CDM လုပ်ဆောင်ခဲ့တာကို ကျနော် လုံးဝ နောင်တမရပါဘူး။ ကျနော် ဂုဏ်လည်းယူပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ရတဲ့အတွက်ကြောင့်။ ကျနော်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တယ် ပြည်သူ့ဝန်ထမ်းတယောက် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဂုဏ်ယူပါတယ်။ ပြည်သူ့ ဝန်ထမ်းတွေ အနေနဲ့ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ဖို့လိုတယ်။ ပြည်သူတွေ ဘာဖြစ်ချင်လဲ၊ ပြည်သူတွေ ဘာဆန္ဒရှိလဲ ဆိုတဲ့ဥစ္စာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာ မကြားချင်ယောင်ဆောင်နေတဲ့ ဥစ္စာတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ "
နယူးယောက် ကုလသမဂ္ဂက ဦးကျော်မိုးထွန်းတင်မကပဲ အမေရိကန်မှာရှိတဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး၊ LA ကောင်စစ်ဝန်ရုံး၊ ဂျာမနီ၊ လန်ဒန်၊ တိုကျို၊ ကမ္ဘောဒီးယား အစရှိတဲ့ဒေသ မြန်မာသံရုံးတွေက သံအရာရှိတွေနဲ့ ဝန်ထမ်းတချို့လည်း CDM လုပ်ခဲ့ကြတာပါ။ ဒီလို နိုင်ငံတကာရောက် မြန်မာသံတမန်တွေရဲ့ CDM လှုပ်ရှားမှုကနေ အထူးသဖြင့်တော့ ကုလသမဂ္ဂလို နိုင်ငံတကာသံတမန်ရေး မျက်နှာစာမှာ စစ်ကောင်စီကိုယ်စားလှယ် နေရာမရနိုင်တာက ထိရောက်မှုတခု ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ရှုမြင်ပါတယ်။
" ဒီ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ အထူးသဖြင့် နိုင်ငံတကာ ဆက်ဆံရေးအပိုင်းကို ကြည့်လိုက်တယ်ဆိုရင် သူတို့လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတဲ့ဟာတော့ အရမ်းပေါ်လွင်ပါတယ်။ ဥပမာ ဒီကုလသမဂ္ဂ မျက်နှာစာမှာဆိုရင် ဒီစစ်တပ်အနေနဲ့ လုံးဝကို .. မတရား စစ်တပ်အနေနဲ့ ဘယ်လိုမှ ကိုယ်စားပြုခွင့် မရဘူးဆိုတဲ့ဥစ္စာကတော့ အခုထိပေါ့နော် အရမ်းကိုပေါ်လွင်နေတယ်ဆိုတဲ့ဥစ္စာ ကျနော်တို့ပြောစရာမလိုအောင်ကို ထင်ထင်ရှားရှား ဖြစ်နေတယ်ပေါ့နော်။ အခု စစ်ကောင်စီဆိုရင် ကြည့်လိုက်ရင် အခြားအခြားသော Platform တွေမှာ(မီဒီယာ စာမျက်နှာတွေမှာ) သူတို့အနေနဲ့ Disinformation/ misinformation (လုပ်ကြံဖန်တီးထားတဲ့ သတင်းအလွဲအမှားတွေ) ပေါ့နော်၊ သူတို့ ဝါဒဖြန့်ချင်တဲ့ Propaganda တွေကို လုပ်နေတာတွေရှိတယ်။ ဒါပေမဲ့ ဒီနိုင်ငံတကာ ဆက်ဆံရေးမှာပေါ့.. အထူးသဖြင့် နယူးယောက် ကုလသမဂ္ဂ မျက်နှာစာမှာတော့ ဘာပဲပြောပြော ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ဥစ္စာ၊ နောက်ပြီး ပြည်သူတွေ ရင်ဆိုင်နေရတဲ့ဥစ္စာ အားလုံးအားလုံးပေါ့နော်၊ နေ့စဉ်ဓူဝ ဖြစ်နေတဲ့ အချက်အလက်တွေကို ကျနော်တို့က နိုင်ငံတကာအသိုင်းအဝိုင်းကို တောက်လျောက် အသိပေးနိုင်တဲ့ အတွက်ကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီက လုပ်ချင်တဲ့ ဝါဒဖြန့်တာတွေကို အတိုင်းအတာတခုထိတော့ တားဆီးနိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် နိုင်ငံတကာကို သူတို့ လိမ်လည်လှည့်ဖျားလို့ မရဘူးဆိုတဲ့ဥစ္စာတော့ ဒီအချက်တခုထဲကကိုပဲ တော်တော် တာသွားတယ်လို့တော့ ကျနော် ပြောလို့ရပါတယ်ခင်ဗျ။ "
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိနဲ့ဝန်ထမ်း (၁,၀၀၀)ကျော်ရှိတဲ့အနက် မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှာ ခုချိန်ထိ CDM လုပ်ထားသူ သံတမန်(၁၀၀)ကျော်ရှိတာကြောင့် ၁၀% လောက် CDM ဝင်ထားကြတာပါ။ အဲဒီအထဲမှာ နိုင်ငံတကာက မြန်မာသံရုံး အရာရှိနဲ့သံဝန်ထမ်း စုစုပေါင်း(၂၂)ဦး CDM လုပ်ထားကြပါတယ်။
ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးပြီး အစောပိုင်းမှာ ရုံးတက်ရင်း CDM လုပ်ခဲ့တဲ့ ဦးကျော်စွာထွန်းကလည်း သံတမန်တွေရဲ့ CDM လှုပ်ရှားမှုက နွေဦးတော်လှန်းရေးအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
" ကျနော်တို့ ၈၈ မှာတုန်းက သံတမန် မပါတဲ့အတွက်ကြောင့် သူတို့ရဲ့(စစ်အုပ်စုရဲ့) လုပ်ဆောင်မှု အများကြီး ထိရောက်ကျယ်ပြန့်သွားတယ်။ ကျနော်တို့အခု လက်ရှိမှာ သံတမန်တွေ ပါလာတဲ့အတွက်ကြောင့်၊ လက်ဦးမှု ယူနိုင်မှု၊ နေရာယူထားမှု .. နောက် သတင်းဖြန့်ကျက်နိုင်မှု - သတင်းဖြန့်ကျက်နိုင်မှုဆိုတာ လက်တွေ့ဖြစ်ပျက်နေတဲ့ မြေပြင်အနေအထားတွေရဲ့သတင်း ဖြန့်ကျက်နိုင်မှုတွေက အများကြီး တာသွားပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီရဲ့ မတရားမှုတွေကို ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲဒီလို ဖေါ်ထုတ်နိုင်တာကြောင့် စစ်ကောင်စီက လက်ရှိအချိန်ထိ သူတို့လိုချင်သလို လုပ်ချင်သလို ပုံဖေါ်လို့မရဘူး ဆိုတဲ့ဟာကို ဖြစ်ပေါ်လာစေတာပေါ့။ အဲဒီတော့ ကျနော်တို့ သံတမန်တွေ ပါလာတယ်ဆိုတဲ့ဟာက ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုထဲမှာ တစ်ခု ပါဝင်တယ်လို့ပြောလို့ရပါတယ်ခင်ဗျ။ "
ဦးကျော်မိုးထွန်းကို ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂)အရ နိုင်ငံတော်သစ္စာ ဖေါက်ဖျက်ပုန်ကန်သူအဖြစ် ၂၀၂၁ မတ်လ(၂၁)ရက်မှာ စစ်ကောင်စီက ကြေညာ ဖမ်းဝရမ်း ထုတ်ထားသလို၊ ဦးကျော်မိုးထွန်းနေရာမှာ ဝါရှင်တန်ဒီစီ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ခုထိ မအောင်မြင်နိုင်ပဲ လက်လျော့ထားပုံတယ် ရတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စစ်အုပ်စုကို အကာအကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံကြီးတွေကတောင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ဒီဇင်ဘာ ဆုံးဖြတ်ချက်မှာ ဗီတိုအာဏာမသုံးတော့ပဲ လက်ရှောင်သွားတာကို ကြည့်ရင် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက လက်မခံနိုင်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်ပါတယ်။
" ဟို ..သူတို့ရဲ့ ကိုယ်စားတော့ ကျနော်ပြောလို့ မရဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်မြင်တဲ့ အမြင်ကိုတော့ ပြောလို့ရမှာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ကြည့်လိုက်ရင် ၂၀၀၇ ခုနှစ်က ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အဆိုမူကြမ်းတခု တင်ခဲ့ဖူးတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားကနေပြီးတော့ ဗီတိုသုံးပြီး Double Veto ကိုသုံးပြီးတော့ ပယ်ချခဲ့တဲ့ဟာ တစ်ခု ရှိခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ အခု ၂၀၂၂ မှာတော့ သူတို့တွေ ဒီလိုမျိုး ဗီတိုသုံးခွင့် ရှိသော်လည်းပဲ မသုံးခဲ့ဘူးပေါ့နော်။ အဲဒါကတော့ ထင်ရှားပါတယ်ပေါ့နော်၊ မြေပြင်မှာ ဒီလောက် သတ်ဖြတ်နေတဲ့ဥစ္စာတွေ၊ မြေပြင်မှာ လူတွေပေါ် ဒီလောက် မတရားကျင့်နေတဲဟာတွေကို သူတို့ သိတယ်ဆိုတဲ့ဟာက သူတို့ရဲ့ဒီလုပ်ဆောင်ချက်က ပြနေပါတယ်။ နောက်တခုကလည်းပေါ့နော် အာဆီယံနိုင်ငံတွေ အတွင်းမှာလည်း မြေပြင်မှာဖြစ်နေတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဥစ္စာကို ကောင်းကောင်း နားလည်သဘောပေါက်တဲ့ နိုင်ငံတွေကလည်း ဒါတွေက မဖြစ်သင့်ဘူးဆိုတဲ့ ဥစ္စာတွေ တောက်လျောက်ပြောနေတဲ့ဟာတွေ ရှိတာကလည်းပေါ့နော်၊ ကျနော်တို့ ပြည်သူတွေရဲ့ အသံကိုကြားသလို ၊ အဲလိုမျိုး ဒေသတွင်း နိုင်ငံတွေရဲ့ အသံကိုလည်း ကြားတယ်ဆိုတဲ့ဥစ္စာ ဒီမှာပေါ်လွင်နေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အခြားနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေ ခံစားနေရတဲ့ဥစ္စာကို ကိုယ်ချင်းစာပြီး ဒီတိုင်း လက်ပိုက်ကြည့် မနေကြဘူးလို့တော့ ဒီဥပမာက ပြတော့ပြနေပါတယ်။ "
စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ မြန်မာစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန်သံအမတ်ကြီးကို ဆက်ပြီး မစေလွှတ်တော့ပဲ သံတမန်အဆင့်ကို လျော့ချထားပါတယ်။ တဖက်မှာ ဝါရှင်တန်ဒီစီက အမေရိကန်ဆိုင်ရာ မြန်မာသံရုံးမှာလည်း အရင် သံအမတ်ကြီး ဦးအောင်လင်း တာဝန်ပြီးဆုံးသွားပြီးနောက် မြန်မာသံအမတ်ကြီးအသစ်ကို စေလွှတ်ခြင်းမရှိပဲ အဲဒီထက် တဆင့်နိမ့်တဲ့ ရာထူးနေရာအတွက် ဦးသက်ဝင်းဆိုသူကို မြန်မာသံအမတ်အဖြစ် နေပြည်တော်က စေလွှတ်ခဲ့ပါတယ်။
အရင်ကဆိုရင် ဝါရှင်တန်ဒီစီ မြန်မာသံရုံးဟာ နိုင်ငံအတွက် သံတမန်ရေးကြိုးပမ်းဖို့ သက်ဝင်လှုပ်ရှားခဲ့ပေမဲ့ ၊ ခုတော့ ဆက်သွယ်ရေးရုံးအဆင့်လောက်သာ ရှိတော့တယ်လို့ သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ဦးကျော်စွာထွန်းက ပြောပါတယ်။
" ကျနော်တို့ မြန်မာသံရုံးအပါအဝင် ဝါရှင်တန်မှာရှိတဲ့ သံရုံးတွေဆိုတာက ကမ္ဘာပေါ်မှာ သြဇာတိက္ကမကြီးတဲ့ အမေရိကန်က သံတမန်အသိုင်းအဝိုင်းနဲ့ တိုက်ရိုက် ထိတွေ့ရတယ်။ နိုင်ငံ့အကျိုးအတွက် ထိတွေ့ပြီး စကားပြောရတဲ့နေရာပေါ့နော်။ ပြောမယ်ဆိုရင် Active ဖြစ်ခဲ့တယ်ပေါ့။ လက်ရှိအနေအထားမှာ ဘာဖြစ်သွားလဲဆိုတော့ ဒီသံရုံးကြီးက အဆောက်အဦပဲရှိတယ်။ Correspondent ရုံးတခုအနေနဲ့ပဲ ရှိတော့တယ်။ သံတမန် ဆက်ဆံရေးဆိုတဲ့ဟာမှာ ဘာမှမရှိတော့ဘူး။ လက်ရှိမှာ အမေရိကန်ကိုယ်နှိုက်ကိုက သံတမန်အဆက်အသွယ်မှာ မြန်မာသံရုံးနဲ့ကို Favoritism ဘာတခုမှ မရှိဘူး။ အဲဒီတော့ အမေရိကန်လို နိုင်ငံကတောင် မရှိတာ ဝါရှင်တန်မှာရှိကြတဲ့ အခြားသောသံရုံးတွေကလည်း သူတို့လုပ်တဲ့ အစီအစဉ်တွေ ပွဲတွေမှာ ဖိတ်ကြားခြင်း ဘာတခုမှ မရှိတော့ဘူး။ "
ဦးကျော်စွာထွန်းရဲ့ အခုလို ဝေဖန် ပြောဆိုမှုနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေ ပိုသိနိုင်ဖို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံြဖေကြားခြင်း မရှိပါဘူး။
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူအခု ရရှိထားတဲ့ အခွင့်အလမ်းတွေကနေ မြန်မာပြည်သူတွေရဲ့ လိုလားတောင်းဆိုချက်ကို နိုင်ငံတကာက ဝိုင်းဝန်း အကောင်ထည်ဖေါ် ဆောင်ရွက်ပေးလာမယ့်အထိ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။
" အားလုံး သိတဲ့အတိုင်းပေ့ါနော်။ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ မေ လောက်ထဲက စပြီးတော့ ကြည့်လိုက်ရင် ပြည်သူတွေက လမ်းတွေပေါ်မှာ ပလာကဒ်တွေ ကိုင်ပြီးတော့ (Responsibility to Protect) R2P ကို တောင်းဆိုနေတဲ့ဥစ္စာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ စစ်တပ်က Fighter Jet တွေ သုံးပြီးတော့ မတရား ဗုံးကြဲနေတာတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီးတော့ စက်သေနတ်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ဥစ္စာတွေ ရှိခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ဒီဖက် ကုလ မျက်နှာစာမှာ မိန့်ခွန်းတွေထဲမှာ တောက်လျောက်ပဲ R2P ရဲ့ principles ကို apply လုပ်ဖို့ ၊ နောက်ပြီးတော့ လေကြောင်းသွားတဲ့ဥစ္စာတွေကို ဟန့်တားပေးနိုင်ဖို့အတွက် No Fly Zone တို့၊ နောက်ပြီး လေယာဉ်ဆီ Jet Fuel တင်သွင်းတဲ့ဥစ္စာတွေကို တားဆီးပိတ်ပင် ပေးဖို့ ကျနော်တို့တောက်လျောက် တောင်းဆိုခဲ့တာ ရှိတယ်ပေါ့နော်။ ဒါတွေက ကိုယ့်ရည်မှန်းချက် မဖြစ်ရင်၊ ကိုယ် မျှော်လင့်ထားသလို ဖြစ်မလာရင်တော့ သူသူကိုယ်ကိုယ်ပေါ့နော် စိတ်ပျက်မိကြမှာပဲ။ ကျနော်လည်း ပြည်သူထဲက ပြည်သူ တယောက်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ disappointed ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အဆိုတခု ချမှတ်နိုင်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ လိုလားတဲ့အချက်လက်တွေ တော့ အပြည့်အဝ ပါလာတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အဲဒါက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုဖြစ်တယ်။ Legally binding (လိုက်နာရမယ့်ဆုံးဖြတ်ချက်) ဖြစ်တယ် ၊ ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ တခါမှ မရှိသေးတဲ့ ဆုံးဖြတ်ချက်တခုတော့ ကျနော်တို့ ချနိုင်ခဲ့တဲ့ဟာတော့ ရှိတာပေါ့နော်။ တဖက်ကလည်း Multilateral (နိုင်ငံစုံ ပါဝင်ဆုံးဖြတ်ရမှာ) ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံထဲက လုပ်ချင်တဲ့ဥစ္စာတွေကို တပြိုင်နက်ထဲမှာ တနေရာထဲမှာ တချိန်ထဲမှာ လုပ်ဖို့ဆိုတဲ့ဥစ္စာကတော့ Multilateralism ရဲ့ သဘောသဘာဝအရ ခက်ခဲတယ်ဆိုတာ အားလုံးလည်း သိပါတယ်ပေါ့နော်။ တချိန်ထဲမှာပဲ ပြောရရင်တော့ ဒီလိုမျိုးကိစ္စ တွေဟာ အချိန်ယူ ဆောင်ရွက်ရတဲ့ ဥစ္စာတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီးတော့ Crime Against Humanity တို့ War Crime စစ်ရာဇဝတ်မှုတို့ ကျူးလွန်နေတဲ့ ဒီ စစ်တပ်ခေါင်းဆောင်ပိုင်းက လူတွေကို တချိန်ရောက်ရင်တော့ အနှေးနဲ့အမြန် ဆိုသလို အရေးယူသွားနိုင် လိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ် ပေါ့နော်။"
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နှစ်အတော်ကြာ တာဝန်ထမ်းလာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလထဲ NLD အစိုးရက တာဝန်ပေးခဲ့တာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ကို၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးသင့်တယ်ဆိုပြီး သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ PRIO က ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည် စာရင်း ၅ ခုထဲ ဒီရက်ပိုင်းမှာပဲ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။
Your browser doesn’t support HTML5
=== {{ UNICODE }} ===