တရုတ်နိုင်ငံမှာ ကိုဗစ်-19 လှိုင်းကြောင့် သေဆုံးမှုများနေချိန်၊ ပေါ်လာတဲ့ မျိုးကွဲသစ်တွေအပေါ် ဒီကုဆေးတွေ ဘယ်လောက်ထိရောက်မှု ရှိသလဲဆိုတာကို အများပြည်သူ သိချင်လာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
ဒီမျိုးကွဲသစ်တွေ (အိုမီခရွန်မျိုးကွဲစိတ် XBB.1.5 နဲ့ BA.5 တွေအပါအဝင်) က ကိုဗစ်ကိုယ်ခံအားတချို့အပေါ် ကျော်လွှားသွားခဲ့တာကြောင့်၊ အမေရိကန်မှာ အဓိကသုံးခဲ့တဲ့ Monoclonal Antibody အုပ်စုဝင် ကုဆေးတွေ ထိရောက်မှုကျသွားခဲ့ပါတယ်။ ဒါကြောင့် တခြားဆေးတွေရဲ့ ထိရောက်မှုအပေါ် မေးခွန်းတွေ ထွက်ပေါ်လာချိန်မှာ၊ မကြာခင်က ဂျပန်နိုင်ငံက လက်တွေ့စမ်းသပ်ခဲ့ပြီး New England ဆေးဂျာနယ်မှာပါလာတဲ့ တွေ့ရှိချက်အရ ကျန်တဲ့ ဆေး ၃ မျိုးဖြစ်တဲ့ သောက်ဆေး Paxlovid နဲ့ Molnupiravir အပြင်၊ အကြောဆေး Remdesivir တို့ ဆက်ထိရောက်နေတယ်လို့ ဆိုပါတယ်။ ဒီအထဲ Paxlovid တံဆိပ်အမည်ရှိ ဆေးကတော့ နိုင်ငံတကာမှာ အသုံးများလာပြီး၊ မြန်မာနိုင်ငံမှာလည်း Molnupiravir နဲ့အတူ ရရှိနေချိန်၊ Remdesivir အကြောဆေးကတော့ မြန်မာနိုင်ငံမှာ သိပ်မရသေးပါဘူး။
အခုလိုအချိန်မှာ ဒီတရုတ်မျိုးကွဲသစ်တွေက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ရောက်နိုင်ခြေရှိနေပြီး၊ အမေရိကန်နိုင်ငံမှာလို တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေကို ကန့်သတ်စစ်ဆေးတာနဲ့၊ ဒီ သုံးနိုင်တဲ့ဆေးတွေကို စနစ်တကျသုံးစွဲနိုင်ဖို့က အရင်အသက်ဆုံးမှုများခဲ့တဲ့ အတွေ့အကြုံအရ အရေးကြီးလာပါတယ်။ အမေရိကန်မှာတော့ ဒီဆေးတွေကို၊ ကိုဗစ်ဖြစ်လျှင် အသက်ထိခိုက်တာအပါအဝင် ပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်အထက်တွေ၊ အသက် ၆၅ နှစ်မကျော်လျှင်လည်း အဝလွန်သူတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကိုဗစ်စစ်ဆေးတွေ့ရှိအပြီး လက္ခဏာပြတာနဲ့ ချက်ချင်းပေးပါတယ်။ အခုလို ဒီဆေးပေးနေတဲ့ ရောဂါအခံရှိသူတွေထဲ ကင်ဆာ၊ HIV AIDS ကိုယ်ခံအားကျရောဂါ၊ လေးဘက်နာအဆစ်ရောင်တာလို ကိုယ့်ကိုယ်ခံအားကို ပြန်တိုက်တဲ့ (Auto-immune) ရောဂါရှိသူ၊ ကျောက်ကပ်နဲ့ အသည်းမကောင်းသူ/ အစားထိုးထားသူ၊ ကျောက်ကပ်ဆေးနေရသူ၊ အသည်းကြွပ်/ခြောက်နေသူ (Liver Cirrhosis ခေါ် ရေဖျင်းစွဲတာ)၊ အဆုပ်မကောင်းသူ (COPD)၊ Steroid (Prednisolone) ဆေး ရေရှည်သောက်နေရသူ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အသက် ၆၅ နှစ်အောက် ကျန်းမာရေး ကောင်းနေသူတွေမှာတော့ Paxlovid အပါအဝင် ဒီဆေးတွေကို မသုံးသင့်ပါဘူး။ အကြောင်းက ဒီလူမျိုးတွေအတွက် ထူးထူးခြားခြား ထိရောက်မှုမရှိတာအပြင်၊ ဒီဆေးတွေရဖို့ အသက်တမျှ အရေးကြီးတဲ့ အထက်ပါသူတွေကို အသက်ကယ်ပေးနိုင်တဲ့ ဆေးလှုဒါန်းပေးမူမျိုး ဖြစ်စေနိုင်လို့ပါ။ တချိန်ထဲမှာ မြန်မာနိုင်ငံမှာလည်း အခုလို ရောဂါအခံမရှိဘဲ ကျန်းမာရေးကောင်းနေသူတွေထဲ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး (Sinopharm ၊ Sinovac စတာ) တွေအပြင်၊ ပိုကောင်းတဲ့ အိန္ဒိယထုတ် (Covishield) နဲ့ အမေရိကန်ထုတ် ပိုအဆင့်မြင့်တဲ့ ကာကွယ်ဆေးတချို့ (Pfizer နဲ့ Moderna ကုမ္ပဏီဆေးတွေ) ရထားသူတွေလည်း ရှိနေတာအပြင်၊ အရင်တုန်းက ကိုဗစ်ကိုယ်တိုင်ဖြစ်ပြီး၊ နောက်ဆုံး ကိုဗစ်မျိုးကွဲသစ်တွေကို တစုံတရာခံနိုင်ရည် ရထားပြီးသားဖြစ်နိုင်ခြေ ရှိပါတယ်။
အထက်မှာပြောခဲ့တဲ့ ကိုဗစ်ဖြစ်လာလျှင် ပြင်းထန်နိုင်တဲ့ သက်ကြီးတွေ (၆၅နှစ်အထက်)၊ အဝလွန်သူတွေနဲ့ ရောဂါအခံရှိသူတွေအတွက် Paxlovid အပါအဝင် ဒီကုသမှုမှာသုံးတဲ့ဆေးတွေကြောင့် အသက်သေဆုံးမှု လျော့ကျစေတာအပါအဝင်၊ နောက်ဆုံးတွေ့ထားတဲ့ အကျိုးထိရောက်မှုတွေ ရှိပါသေးတယ်။ ဒီအကျိုးသက်ရောက်မှုတွေကတော့၊ ဖြစ်လာတဲ့ ကိုဗစ်ကို ပိုမဆိုးစေတာ (အကြီးအကျယ် မပြင်းထန်စေတာ)၊ ရက်အနည်းငယ်ချီ (၂ ရက်မှ ၆ ရက်အတွင်း) ပိုမြန်မြန်သက်သာစေတာနဲ့ ကိုဗစ် ရေရှည်ဖြစ်တာ (Long Covid) မျိုး လနဲ့ချီအထိ နောက်ဆက်တွဲခံစားရတာ လျှော့ချပေးနိုင်တာတွေပါ။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
==== Unicode =====