[[ ZAWGYI / UNICODE ]]
သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် မြန်မာတို့ အမြင်
အမေရိကန်ပြည်ထောင်စုမှာ သန္ဓေဖျက်ချခွင့်နဲ့ အခြေခံဥပဒေ ဆက်စပ်မှုဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်နေသလို ၊ ထောက်ခံကြိုဆိုသူတွေလည်း ရှိနေပါတယ်။ အမေရိကန်နိုင်ငံတွင်း နေထိုင်ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေကြားထဲမှာလည်း ထောက်ခံသူ ကန့်ကွက်သူ သဘောထားအမြင် အမျိုးမျိုး ရှိနေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို အမျိုးသမီးတွေရဲ့ အခြေခံ ဥပဒေ အခွင့်အရေးအဖြစ် သတ်မှတ်ထားတဲ့ ရာစုနှစ်ဝက် သက်တမ်းရှိ Roe v. Wade စီရင်ထုံးကို တရားရုံးချုပ်က ဇွန်လ(၂၄)ရက်နေ့မှာ ပယ်ဖျက်လိုက်တဲ့အပေါ် ဆန့်ကျင်သူတွေ ရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်အရ ကိုယ်ဝန်ဖျက်ချခွင့် ပြုသင့်-မပြုသင့်ဆိုတာကို သက်ဆိုင်ရာ ပြည်နယ်တွေကပဲ ဆုံးဖြတ်ရတော့မှာ ဖြစ်ပြီး၊ ပြည်နယ်တော်တော်များများမှာ တားမြစ်မယ့် အလားအလာတွေလည်း ရှိနေတာပါ။
အင်ဒီယားနားပြည်နယ်မှာနေတဲ့ ချင်းတိုင်းရင်းသား တဦးဖြစ်သူ ဒေါက်တာ ရိုဒင်းငါကတော့ သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသူ ဖြစ်ပါတယ်။
" အမေရိကန် တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ ခရစ်ယာန်ယုံကြည်ချက် အရပေါ့လေ ဒီ သန္ဓေသားဆိုတာက သန္ဓေတည်ကတည်းက လူဖြစ်လာပြီပေါ့လေ ၊ ဒါက ဘုရားကနေ ကောင်းချီးပေးတဲ့အရာဖြစ်တယ်။ အဲဒီဟာကို သန္ဓေ ဖျက်ချတယ် ဆိုတာက သတ်ပစ်လိုက်တဲ့ သဘောပေါ့နော်။ အဲဒီလို သန္ဓေသား ဖျက်ချခွင့်ကို ပိတ်ပင်တယ်ဆိုတာက ခရစ်ယာန် စံတန်ဖိုးအရ ပြောရရင် ကြိုဆိုရမယ့်ဟာ ဖြစ်တယ်ပေါ့။ တဖက်မှာတော့ တဦးချင်းဆိုင်ရာ အခွင့်အရေးဖက်က ကြည့်ရင် ဒါက အငြင်းပွားစရာတော့ ရှိနိုင်တယ်။ ဒါပေမဲ့ ကျနော်ထင်တယ် အမေရိကားရောက် ကျနော်တို့ မြန်မာပြည်သားများ အထူးသဖြင့် ကျနော်တို့ ချင်းလူမျိုး အများစုကတော့ ဒီ Supreme Court နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြမယ်လို့ ယုံကြည်ပါတယ်။ "
သန္ဓေသားဖျက်ချခွင့် ဆိုင်ရာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ သူကတော့ နယူးမက္ကဆီကို ပြည်နယ်မှာနေထိုင်သူ ပန်းချီအနုပညာရှင် မချောအိသိမ်းပဲ ဖြစ်ပါတယ်။
" ကျမကတော့ ဖျက်သိမ်းတာကို သဘောမတူတဲ့ဘက်မှာ ရှိတာပေါ့နော်။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေက သူတို့ ခန္ဓာကိုယ်ကို သူတို့ပိုင်တယ်ဆိုတော့ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဘယ်အမျိုးသမီးကမှ ကိုယ်ဝန်လွယ်ရတဲ့ကိစ္စကို အလွယ်တကူ ဆုံးဖြတ်ကြတာ ဘယ်သူမှ မရှိဘူး။ ဆုံးဖြတ်ရတဲ့အခါမှာ အကြောင်းရင်းတွေ အများကြီးရှိတယ်။ အဲဒီအကြောင်းရင်းတွေကို နားလည်ဖို့ လိုတယ်။ သူက ဒါကြီးကို တသက်လုံး တောက်လျှောက်ယူသွားရမယ့် လူပေါ့နော်။ အဲဒါကို အပြင်လူက ဒါကိုလုပ်ပါ ဒါမလုပ်ပါနဲ့လို့ ဝင်ဆုံးဖြတ်တာကို ကျမက သဘောမတူဘူး။ နောက်ဆက်တွဲ ဆက်ဖြစ်လာမယ့်ဟာကို တကယ်တန်းရင်ဆိုင်ရမှာက အဲဒီ အမျိုးသမီးပဲလေ၊ အဲဒီလို ရင်ဆိုင်တဲ့အခါကျတော့လည်း ဘယ်သူက ဘယ်လောက် အကူအညီပေးကြမှာလဲပေါ့။ ကာယကံရှင် အမျိုးသမီးက ကိုယ်ဝန် ယူခြင်းမယူခြင်းကို ဆုံးဖြတ်ပိုင်ခွင့် ပေးသင့်တယ်လို့ ကျမက ယူဆလို့ ဒီဟာကို ကန့်ကွက်နေတာဖြစ်တယ်။ "
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချထားပြီး၊ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုလည်း တိုက်တွန်းထားတာပါ။ ကနေဒါနိုင်ငံ Alberta ဆေးကောလိပ်က ကထိက ဒေါက်တာ ဒေါ်ခင်စောဝင်းကတော့ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ အကျိုးအပြစ်တွေကို ခွဲခြားသုံးသပ်ပြပါတယ်။
" ကိုယ်ဝန်နဲ့ပတ်သက်လို့ ကာကွယ်လို့ ရတာတွေက အရင်ကထက်ကို အများကြီး ပိုပြီးတိုးတက်နေတယ်လေ။ တကယ်ကတော့ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ်၊ ကျန်းမာရေးအသိစိတ်ဓါတ် ရှိတယ်.. နောက်ပြီး ကာကွယ်နိုင်တဲ့ဆေးတွေကို လက်လှမ်းမီတယ်ဆိုရင် ကိုယ်ဝန်ကို ဖျက်ချတာထက် မဖျက်ခင်က ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ တကယ်လို့ ကိုယ်က အဓမ္မပြုကျင့်ခံရတယ်ဆိုတာမျိုး အဆင်မပြေဘူး ကိုယ်ဝန်မယူနိုင်ဘူး ဆိုရင်တောင် ကျူးလွန်ပြီးတဲ့အချိန်မှာ ၂ ရက်အထိပေါ့နော် Morning after Pill ဆိုတဲ့ ကာကွယ်ဆေးက ၊ မဖြစ်ခင် ကြိုသောက်တာမျိုး မဟုတ်ပဲနဲ့ ၊ ဖြစ်ပြီး လွန်ပြီးတော့မှ သောက်လို့ရတဲ့ဆေးတွေလည်း ရှိပါတယ်။ ဆိုတော့ အဲဒီလို လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ "
" အဲဒီလို မဟုတ်ပဲနဲ့ ကိုယ်ဝန်ဖျက်ချခွင့် ရှိတယ်ဆိုတဲ့အသိ ဝင်နေရင် ၊ ဖြစ်ချင်ရာဖြစ် ကိုယ်ဝန်ရှိလာတော့မှ ဖျက်ချမယ် ဆိုလို့ရှိရင်ကတော့ ကျန်းမာရေးရှုထောင့်ဖက်က ကြည့်ရင် သိပ်ပြီးတော့ မကောင်းဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဖျက်ချတယ်ဆိုရင် သူက သားအိမ်ကို ခြစ်ရပါတယ်။ အဲဒီလို သားအိမ် ခြစ်ရတဲ့အတွက် တစ်ခါလုပ်တယ် နှစ်ခါလောက်လုပ်တယ် ဆိုရင်တော့ ထားလိုက်တော့ပေါ့။ ဒါပေမဲ့ အကြိမ်ပေါင်းများစွာ လုပ်တယ်ဆိုရင် ဒီသားအိမ်နံရံက ပါးသွားတဲ့အတွက် နောက်ပိုင်း ကိုယ်က တကယ် သားသမီး လိုချင်လာတဲ့အခါကျရင် အဲဒီအချိန်မှာ ကလေးရဖို့ ကိုယ်ဝန်က မမြဲတော့တာမျိုး ဖြစ်လာနိုင်တယ်။ ပြဿနာရှိလာနိုင်တယ်။ "
သမ္မတဟောင်း Donald Trump ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး၊ သူ့လက်ထက်မှာ ခန့်ခဲ့တဲ့ တရားသူကြီးတချို့ရဲ့ ထောက်ခံမှုကြောင့် အခုလို ဆုံးဖြတ်နိုင်ခဲ့တဲ့အပေါ် အောင်မြင်မှုအဖြစ် ဂုဏ်ယူပြောဆိုထားပါတယ်။ အီတလီမှာရှိတဲ့ ဗာတီကန်နန်းတော်ကလည်း ဒီဆုံးဖြတ်ကို ထောက်ခံကြိုဆိုပေမဲ့ ၊ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet အပါအဝင်၊ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau ၊ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဆန့်ကျင် ရှုတ်ချ ထားပါတယ်။
Your browser doesn’t support HTML5
=================
{{ UNICODE }}