ကလေးငယ်တွေသေဆုံးရတဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကိုင်ဆောင်မှု လွတ်လပ်ခွင့်အပေါ် အမြင်တချို့

တက္ကဆက်ပြည်နယ် Robb မူလတန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းနေသူ (May 25, 2022)

[[ ZAWGYI / UNICODE ]]

ကလေးငယ်တွေသေဆုံးရတဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကိုင်ဆောင်မှု လွတ်လပ်ခွင့်အပေါ် အမြင်တချို့

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က အင်္ဂါနေ့ ပစ်ခတ် သေဆုံးမှုနဲ့ ပတ်သက်လို့ အဲဒီပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းကြား စိုးရိမ်မှုတွေ တိုးပွားနေသလို၊ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကို ပိုပြီး လုပ်သင့်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ မူလတန်းကျောင်း ပစ်ခတ်မှုမှာ လူ(၂၀)ကျော် သေဆုံးခဲ့ရပြီးနောက် ခုလို ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ယူဗားလ်ဒီးမြို့(Uvalde)က Robb မူလတန်းကျောင်းကိုဝင်ပြီး အသက် ၁၈ နှစ်အရွယ် လူသတ်သမားက မောင်းပြန်သေနတ်နဲ့ အင်္ဂါနေ့က ပစ်ခတ်ခဲ့တဲ့အတွက် ကလေး ၁၉ ဦးနဲ့ လူကြီး ၂ ဦး သေဆုံးသွားတဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကနေ အင်္ဂါနေ့ညမှာ တုံ့ပြန် ပြောဆိုလိုက် ပါတယ်။

“အသက် ၁၈ နှစ်ဘဲရှိသေးတဲ့ လူငယ်တယောက်က သေနတ်ဆိုင်တဲ့ဝင်ပြီး မောင်းပြန်သေနတ် ဝယ်လို့ရတယ်ဆိုတာဟာ မှားယွင်းနေပါတယ်။ လူတယောက်ယောက်ကို ပစ်သတ်ဖို့အတွက်မဟုတ်ဘဲ မောင်းပြန်ရိုင်ဖယ်ကို ဘာကြောင့် ဝယ်ဖို့လိုရတာလဲ။ သမင်ကတော့ တောထဲမှာ ကျည်ကာအင်္ကျီဝတ်ပြီး ဘယ်ပြေးနေပါ့မလဲ။ သေနတ်ကုမ္ပဏီတွေဟာ သူတို့အတွက် အမြတ်အစွန်းပိုရတဲ့ ဒီမောင်းပြန်သေနတ်တွေကို ဆယ်စုနှစ် ၂ ခုလောက် တွန်းရောင်းနေခဲ့ကြတာပါ။ ကျနော်တို့မှာ ဒီကုမ္ပဏီတွေကို ရင်ဆိုင်ရဲတဲ့သတ္တိ ရှိသင့်ပါတယ်။”

ကလေးငယ် အများအပြား သေဆုံးခဲ့ရတဲ့ ဒီသတင်းကြောင့် တုန်လှုပ်ရသလို၊ မူလတန်းအရွယ် မိမိရဲ့ ကလေးငယ်အတွက်ပါ စိုးရိမ်ပူပန်စိတ် ဝင်လာမိကြောင်း တက္ကဆက်ပြည်နယ် Houston မြို့နေ မဘေးဘေ က ပြောပါတယ်။

" အခု ဖြစ်သွားတာက မူလတန်းကျောင်းမှာ ဖြစ်သွားတာ ၊ ကလေးလေးတွေလည်း အများကြီး သေသွားတယ်။ နောက်ထပ် သတင်းတွေမှာလည်း ကလေးတွေ ထပ်သေတာဆိုတော့ ပိုပြီးလည်း စိတ်ပူတယ် စိတ်မကောင်းလည်း ဖြစ်မိတယ်၊ ကိုယ့်ကလေး အရွယ်လည်း ဖြစ်တာဆိုတော့။ အဲဒီဖက် ကျောင်းတွေကတော့ အကုန်လုံး ပိတ်ချလိုက်ပြီ။ မိဘ တယောက်အနေနဲ့ ဆိုလို့ရှိရင်တော့ ပိုပြီး စိတ်ပူတယ်၊ နောက် လာမယ့် ကျောင်းဖွင့်ချိန်ကျရင် ကျောင်းတွေကို သူတို့အနေနဲ့ ပိုပြီးတော့ လုံခြုံမှုရှိအောင် ပိုလုပ်သင့်တယ်လို့တော့ မြင်တာပေါ့ ။ ဘာလို့လည်းဆိုတော့ အခုက ကလေးတွေ အများကြီး သေသွားတာဆိုတော့ မိဘတယောက် အနေနဲ့ကတော့ နေ့စဉ်နဲ့အမျှ ရင်ပူရတာပေါ့။ ဘယ်နေရာမှာမှ လုံခြုံမှု မရှိတော့လေ။"

တက္ကဆက်ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ကားဒရိုင်ဘာ လိုင်စင်ပြနိုင်ရင် သေနတ်မျိုးစုံ ဝယ်ယူလို့ရတဲ့ဒေသ ဖြစ်တာကြောင့် ဒါကို မထိန်းချုပ်နိုင်ရင် ဒီလိုမျိုး အလားတူ ဖြစ်ရပ်ဆိုးတွေ ထပ်ကြုံရနိုင်တယ်လို့ Dallas မြို့က ကိုဇော်ထွန်းက ထောက်ပြပါတယ်။

" သေတဲ့လူတွေက အရုပ်လေးတွေလိုပဲ ၊ တန်ဖိုးရှိတဲ့ ကလေးတွေဗျာ ဘယ်လောက် ရင်နင့်စရာ ကောင်းလဲ။ ဒီပြည်နယ်မှာတော့ လက်နက်က သူကိုင်ကိုယ်ကိုင် ပေါ့လေ၊ အဲဒါ Freedom လို ဖြစ်နေတာဆိုတော့ ကိုင်ဆောင်ခွင့်က အဲလိုကို ဖြစ်နေတာ။ ဒီအတိုင်းသာဆို ဒီက လူငယ်တွေကအစ သေနတ်ကလေး တယားယားနဲ့ပဲ။ ပြီးတော့ မူးယစ်ဆေးဝါးတွေကလည်း ရနေတာပဲ လုပ်နေကြတာပဲ ဆိုတော့ ခနခန ပစ်ခတ်မှုဖြစ်ဖို့ များတာကတော့ သေချာတယ်။ တိတိကျကျ ထိန်းချုပ်မယ်ဆိုရင်တော့ ကန့်သတ်ချက်ထားပြီးမှ ကိုင်ဆောင်ခွင့် ပေးသင့်တာပေါ့။ လက်နက် ထိန်းချုပ်ရေးက လိုလားတဲ့လူတွေ ရှိသလို၊ မလိုလားတဲ့ သူတွေလည်း ရှိတယ်။ လိုတဲ့လူတွေကတော့ စည်းကမ်းချက်တွေ ထားစေချင်တာပေါ့။ တချို့တွေ ကျတော့လည်း ဖွင့်ပေးထားပြီးတော့ ကိုင်ဆောင်ချင်တယ် အဲလိုမျိုးတွေပေ့ါ။ ဒီမှာက တဦးတယောက်ထဲမှာကို လက်နက်က လက်နက်ပေါင်း မျိုးစုံ ဝယ်ကိုင်နေကြတာ။ အဲလိုမျိုးပဲ လက်နက် ကြိုက်နှစ်သက်တဲ့ crazy တွေလည်း အများကြီး ရှိကြတယ် ဒီ တက္ကဆက်ပြည်နယ်ထဲမှာ။ ကိုယ်နဲ့သိတဲ့ လူတွေက အစပေါ့။ "

တက္ကဆက်ပြည်နယ်က ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်ဆောင်မှု ဥပဒေနဲ့ပတ်သက်လို့ အဓိပ္ပါယ်ရှိရှိ ပြုပြင်ပြောင်းလဲကြဖို့ လွှတ်တော် အမတ်တွေကို တွန်းအားပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က အလေးအနက် ကတိပြုလိုက်ပါတယ်။ အာရှခရီးစဉ်က ရောက်ရောက်ခြင်းမှာ ခုလို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကလေးငယ်တွေသေဆုံးရတဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကိုင်ဆောင်မှု လွတ်လပ်ခွင့်အပေါ် အမြင်တချို့

==========================

{{ UNICODE }}








