[Unicode/Zawgyi]
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က House of Fine Art အနုပညာ ပြတိုက်မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှု လက်ရာတွေကို သီးသန့် ခင်းကျင်း ပြသတဲ့ ပြပွဲတရပ် ကျင်းပခဲ့ပါတယ်။ ပန်းချီ အနုပညာလုပ်ငန်းတွေမှာ အမျိုးသားတွေပဲ အဓိက လွှမ်းမိုးထားပြီး အမျိုးသမီး အနုပညာရှင်တွေ နည်းပါးမှုကို မီးမောင်းထိုးပြဖို့ ဖြစ်သလို၊ အမျိုးသမီး အနုပညာရှင်တွေ ပိုမို ပေါ်ထွန်းလာရေး အားပေးရာ ရောက်ဖို့အတွက် ဒီပြပွဲကို စီစဉ်ခဲ့ကြတာပါ။ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှု လက်ရာတွေကိုပဲ သီးသန့်ခံစားနိုင်မယ့် ဒီ အထူးပြပွဲအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ၊ Mayfair အရပ်မှာရှိတဲ့ House of Fine Art ၊ HOFA လို့ အတိုကောက်ခေါ်တဲ့ အနုပညာ ပြတိုက်မှာ နိုင်ငံ ၉ နိုင်ငံက နာမည်ကြီး အမျိုးသမီး အနုပညာရှင် ၁၂ ဦးရဲ့ လက်ရာတွေကို အထူးပြပွဲအဖြစ် စုစည်း ပြသခဲ့တာပါ။ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ သမိုင်းဝင်လ ဖြစ်တဲ့ မတ်လထဲမှာ ဒီပြပွဲကို အထူးစီစဉ် ကျင်းပတာဖြစ်ပြီး မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။
အမျိုးသမီးတွေရဲ့ အနုပညာ ဖန်တီးမှု လက်ရာတွေကိုပဲ သီးသန့် ခင်းကျင်းပြသထားတဲ့ ဒီပြပွဲကိုတော့ အံ့မခမ်း အနုပညာ လက်ရာတွေ အဖြစ် The Divine လို့ နာမည်ပေးထားပါတယ်။ ပန်းချီ အနုပညာဖန်တီးမှု လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု ဘယ်လောက် နည်းပါးနေတယ်ဆိုတာကို ဒီပြပွဲက အဓိက မီးမှောင်းထိုးပြလိုတာ ဖြစ်သလို၊ ဒီအခြေအနေ ပြောင်းလဲနိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အွန်လိုင်းအနုပညာ ရောင်းချမှုလုပ်ငန်း Artsy ရဲ့ ၂၀၁၉ ခုနှစ် စစ်တမ်း အချက်အလက်တွေ အရ ကမ္ဘာတဝန်း အနုပညာပြခန်း ၃,၀၅၀ ကို လေ့လာခဲ့တာမှာ ဒီပြခန်းတွေရဲ့ ၄၈ % လောက်မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေက ၂၅ နဲ့ ၂၅ % အောက်သာ ပါဝင်တာ တွေ့ရပြီး ပြခန်းတွေရဲ့ ၁၀ % လောက်မှာတော့ အမျိုးသမီး အနုပညာလက်ရာတွေ ပြသထားတာ လုံးဝကို မရှိတာ တွေ့ရပါတယ်။
ဒါကြောင့် အခုလို အထူးပြပွဲမှာ သူ့ပန်းချီလက်ရာတွေ ပြသခွင့်ရလို့ ကံကောင်းတယ်လို့ အိုင်ယာလန် ပန်းချီအနုပညာရှင် Mary Ronayne က ပြောပါတယ်။
“တခြားသူတွေထက် ကျမ ပို ကံကောင်းတယ်လို့ ခံစားရပါတယ်။ ကျမ လောက် ကံမကောင်းကြတဲ့ တခြား အမျိုးသမီး အနုပညာရှင်တွေရဲ့ ကိုယ်စား ခုလို ရှေ့ထွက် တင်ပြခွင့်ရတာကို ဝမ်းသာရပါတယ်။ အမျိုးသမီး အနုပညာရှင်တွေ နည်းပါးလွန်းပြီး ကွာဟလွန်းတဲ့ ဒီအခြေအနေ မရှိတော့မယ့် အချိန်ကို တကယ်ပဲ တွေ့မြင်ချင်ပါတယ်။ ခုထိတော့ ကျမတို့ မရောက်သေးပါဘူး။ ဘက်လိုက်မှုတွေ ရှိနေသေးသ၍ ကျမတို့ အမျိုးသမီး အနုပညာရှင်တွေ အတွက် ရှေ့ထွက် ပြောဆိုနေကြရဦးမှာပါပဲ။”
အခုပြပွဲမှာ Mary Ronayne ရဲ့ အနုပညာဖန်တီးမှုလက်ရာ ၄ ခု ပါဝင်ပါတယ်။ သူ့လက်ရာတွေထဲမှာ အမျိုးသမီးတွေ နှင်းလေ ျှာစီးနေတာ၊ နေ့လည်ခင်း ဝိုင်းဖွဲ့ လက်ဖက်ရည် သောက်နေတာတွေကို ရယ်မော ပျော်ရွှင်စရာဖြစ်အောင် ပေါ့ပေါ့ပါးပါး ဖန်တီးပြီး မြင်လိုက်တာနဲ့ နှစ်လိုဖွယ် ဖြစ်အောင် တမင် ပုံဖော်ခဲ့တယ်လို့ သူက ပြောပြပါတယ်။
“ဒီပြပွဲမှာ ကျမ လက်ရာ ပန်းချီကားကြီး ၄ ကား ပြထားပါတယ်။ ကြွေဆေးသုံးပြီး ဆွဲထားတာပါ။ ဒါက တခြား ဆေး တွေနဲ့ လုံး၀ မတူပါဘူး။ ပန်းချီ အနုပညာပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ရှာလို့ရတဲ့ပစ္စည်း မဟုတ်ပါဘူး။ B&Q အိမ်သုံးပစ္စည်းဆိုင်မျိုးကို သွားရတာပါ။ ဒါက အိမ်သုတ်ဆေး တမျိုးပါ။ ကျမရဲ့ အနုပညာ လက်ရာတွေကို ရယ်မောပျော်ရွှင်စရာ ဖြစ်အောင်လည်း ဖန်တီးထားပါတယ်။ မြင်လိုက်တာနဲ့ နှစ်လိုဖွယ် ဖြစ်ပြီး တဖြည်းဖြည်းချင်း ဆက်ကြည့်ရင်းနဲ့မှ ကျမ ဒီမှာ ဘာ ဖော်ပြချင်တာလဲ ဆိုတာကို ခံစားရစေချင်ပါတယ်။ ကျမတို့ ကလေး ဘ၀ ကလိုပေါ့။ အရင်ဆုံး အရောင်တွေကို ကြည့်မယ်။ ပြီးရင် နည်းနည်းချင်း ပိုမြင်လာ ပိုခံစားလာရတာမျိုးပေါ့။”
ကမ္ဘာတဝန်းက အနုပညာပြခန်းတွေမှာ အမျိုးသမီးတွေရဲ့ အနုပညာ လက်ရာတွေ ကိုယ်စားပြုပါဝင်မှု အားနည်းတာကို HOFA ပြတိုက်ကတော့ ပြောင်းလဲဖို့ကြိုးစားနေပါတယ်။ ဒီနှစ် ၂၀၂၂ ခုနှစ်တွင်း သူတို့ပြတိုက်မှာ ပြသတဲ့ ပြပွဲတွေမှာ တယောက်တည်း solo ပြပွဲပဲဖြစ်ဖြစ်၊ အုပ်စု တင်ဆက်မှုပဲ ဖြစ်ဖြစ် ပြပွဲအားလုံးရဲ့ ၅၀ % မှာ အမျိုးသမီးလက်ရာတွေ ပါဝင်အောင် လုပ်သွားမယ်လို့ HOFA ပြတိုက်က ကတိပေးထားပါတယ်။ ဒါဟာ တကယ့်ကို ဝမ်းသားစရာပါလို့ Mary Ronayne က ပြောပါတယ်။
"လက်ရှိမှာ အမျိုးသမီး အနုပညာရှင်တွေကို အသားပေး ဖော်ပြတဲ့ ပြတိုက် ဘယ်နှစ်ခုများ ရှိလဲ။ HOFA (ဟိုဖာ) ပြတိုက်က ဒါကို ကောင်းကောင်း ထောက်ပြလိုက်တာပါ။ ဒါကြောင့် ခုလို အမျိုးသမီး အနုပညာရှင် ၁၂ ဦး ကိုယ်စား ဝမ်းသာရပါတ်ယ။ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း ခုလို ဆက်လုပ်သွားနိုင်အောင် ကျမတို့ လုပ်ရပါမယ်။”
ဒီပြပွဲမှာ ပါဝင် ပြသခွင့်ရတဲ့ အနုပညာရှင် နောက်တဦးကတော့ မက္ကဆီကို နိုင်ငံက Susana Anaya ပါ။ သူကတော့ သုံးဘက်မြင် အနုပညာ လက်ရာပုံစံတခု ဖန်တီးထားပြီး သူ့ရဲ့ အနုပညာဖန်တီးမှု အတော်များများက တပေါင်းတစည်းတည်း ဖြစ်မှုကို ဖော်ပြလေ့ရှိပါတယ်။
“သူ့ဟာသာ ဖြစ်လာတဲ့ ဝင်္ကပါ တခုလို ပုံစံမျိုး ဖန်တီးထားတာပါ။ အလွှာတိုင်းမှာ အထပ်ပေါင်းများစွာ အထပ်ထပ် လုပ်ထားပါတယ်။ တခါတရံ သိပ်တွေးလေ့မရှိတဲ့ ပုံစံမျိုး၊ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာမျိုး ဖန်တီးထားတာပါ။”
သူ့ရဲ့ ဖန်တီးမှုကို အဆင့်ပေါင်းများစွာ အချိန်ပေး လုပ်ဆောင်ခဲ့ရပေမဲ့ နောက်ဆုံးထွက်လာတဲ့ ရလဒ်ကို အရမ်း ကျေနပ်ခဲ့ရတယ်လို့ Susana Anaya က ပြောပါတယ်။ ဒီပြပွဲမှာ ပါဝင်တာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ အနုပညာ လက်ရာတွေကို ပြသဖို့ တခုတည်း မဟုတ်ဘဲ၊ ကိုယ့်ရဲ့အနုပညာ လက်ရာတွေကို ဖော်ပြခွင့် မရကြသေးတဲ့ လက်ရှိကာလ အနုပညာရှင် အမျိုးသမီးတွေကိုရော၊ တချိန် အတိတ်က အနုပညာရှင် အမျိုးသမီးတွေကိုပါ ကိုယ်စားပြုနိုင်ဖို့အတွက် ဖြစ်ပါတယ်လို့ Anaya က ပြောပါတယ်။
"ကိုယ့်ရဲ့ အနုပညာနဲ့ ခံစားချက်တွေကို ထုတ်ဖော် ပြသခွင့် မရခဲ့ကြတဲ့ လူမသိ သူမသိ အမျိုးသမီး အနုပညာရှင် အားလုံးကို ဒီနေရာမှာ ကိုယ်စားပြုခွင့် ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ သူတို့အားလုံးဟာ ကျမအတွက် သူရဲကောင်းတွေပါ။”
ပန်းချီ အနုပညာဖန်တီးမှု လုပ်ငန်းတွေမှာ အောင်မြင်ကျော်ကြားသူ အများစုက အမျိုးသားတွေပါ။ အမျိုးသမီးအနုပညာရှင်တွေ အများအပြား ရှိပေမဲ့လို့ သူတို့ အောင်မြင်ကျော်ကြားလာအောင် အသိအမှတ်ပြု မြေတောင်မြှောက်ပေးမှုတွေ ကတော့ နည်းနေပါသေးတယ်။ ဒါကြောင့် ခေတ်သစ် မော်ဒန် အနုပညာရှင် အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ သမိုင်းမှာ ရှိခဲ့ကြတဲ့ အနုပညာရှင် အမျိုးသမီးတွေပဲဖြစ်ဖြစ် သူတို့ရဲ့လက်ရာတွေကို ခုလို ပြတိုက်တွေမှာ ခင်းကျင်းပြသပေးဖို့ အင်မတန် အရေးကြီးတယ်လို့ HOFA ပြတိုက်ရဲ့ အရောင်းဌာန အကြီးအကဲ Alex Pirinoli က ပြောပါတယ်။
"ခေတ်သစ်အမြင်နဲ့ပဲ ကြည့်ကြည့်၊ သမိုင်း အခြေအနေကိုပဲ ပြန်ကြည့်ကြည့် အနုပညာ ဖန်တီးမှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ အမျိုးသမီး အနုပညာရှင်တွေရဲ့ တည်ရှိမှုတွေက အရေးကြီးလို့ ကျနော်တို့ HOFA (ဟိုဖာ) ပြတိုက်က ယုံကြည်ပါတယ်။ ခုချိန်မှာ အမျိုးသမီး အနုပညာရှင်တွေ အင်မတန် နည်းပါးနေပါသေးတယ်။ ပန်းချီ အနုပညာ လုပ်ငန်းမှာ လူသိများတဲ့ အမျိုးသမီး အနုပညာရှင်လို့ မေးရင် ၅ ယောက်လောက်ပဲ ထင်ထင်ရှားရှား ပြောနိုင်ကြမယ် ထင်ပါတယ်။ ဒီအထဲမှာ Firda Kahlo ပါကောင်း ပါ ပါလိမ့်မယ်။ ဒီလို အမျိုးသမီး အနုပညာရှင်တွေ နည်းပါးလွန်းတဲ့ အခြေအနေကို လစ်လျူရှု မထားသင့်ဘူးလို့ ထင်ပါတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။”
HOFA ပြတိုက်ရဲ့ အခု အထူးပြပွဲမှာတော့ တောင်ကိုရီးယား၊ အိုင်ယာလန်၊ သြစတြေးလျ၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနား၊ ပြင်သစ်၊ တရုတ်နဲ့ မက္ကဆီကို စတဲ့ နေရာဒေသစုံက အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ခုလို အမျိုးသမီး အနုပညာရှင်တွေရဲ့ လက်ရာတွေကိုပဲ သီးသန့် စုစည်းပေးထားတဲ့အတွက် အနုပညာ လက်ရာတွေ စုဆောင်းသူတွေ အတွက်လည်း အလွယ်တကူ ခံစားနိုင်၊ အားပေး ဝယ်ယူနိုင်တဲ့ အခွင့်အလမ်း ရစေပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ထဲမှာ အမျိုးသား အနုပညာရှင်တွေရဲ့ လက်ရာတွေကိုပဲ ပိုပြီး လိုလားတဲ့ ဘက်လိုက် အတွေးတွေ ရှိနေတာကို သတိပြုမိ လာစေတယ်လို့ အနုပညာလက်ရာတွေကို စုဆောင်းသူ Jane Sweet က ပြောပါတယ်။
“ခုလို တနေရာတည်းမှာ ကြည့်ခွင့်ရဖို့က ကျမ အတွက် တကယ်ပဲ အရေးကြီးပါတယ်။ ဝယ်သူတွေအတွက်က အနုပညာလက်ရာတွေကို ဝယ်ဖို့ ပဲဖြစ်ဖြစ်၊ ကြည့်ဖို့ပဲ ဖြစ်ဖြစ် ခုလို တစုတစည်းတည်း တွေ့ခွင့်ရဖို့ အရေးကြီးပါတယ်။ ကျမ အနေနဲ့ ဒီအနုပညာရှင်မှ၊ ဟို အနုပညာရှင်မှ ဆိုတာမျိုး မရှိပေမဲ့လို့ ကျမ အရင်က စုဆောင်းထားတဲ့ အနုပညာလက်ရာတွေကို ပြန်ကြည့်ရင်တော့ အမျိုးသားတွေရဲ့ လက်ရာတွေက ပိုများနေပါတယ်။ အမျိုးသား အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ကျမ ပို သဘောကျတာ မှန်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အနုပညာ လက်ရာတွေကိုလည်း စုဆောင်းချင်ပါတယ်။ အမျိုးသမီးတွေရဲ့ အနုပညာာ ဖန်တီးမှု လက်ရာတွေကလည်း အံ့မခန်းပါ။ ဒါတွေကို မြင်တွေ့ရဖို့ပဲ ဒီကို လာခဲ့တာပါ။ အရင်က ရှိခဲ့တဲ့ အမျိုးသမီး အနုပညာရှင်တွေ၊ နောက်ထပ် ပေါ်ထွက်လာဦးမယ့် သူတွေ၊ အခု ဒီမှာရှိနေကြတဲ့ အမျိုးသမီး အနုပညာရှင်တွေ…ဒီလို အမျိုးသမီးတွေရဲ့ အံ့မခမ်း အနုပညာလက်ရာတွေကို မြင်ရဖို့က အင့်မတန် အင်မတန်ကို အရေးကြီးပါတယ်။
HOFA ပြတိုက်က အမျိုးသမီးအနုပညာရှင်တွေရဲ့ ဒီအထူးပြပွဲကိုတော့ မတ်လ ၈ ရက်နေ့ကနေ ၂၂ နေ့အထိ သီတင်း ၂ ပတ်ကြာ ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီအထူးပြပွဲ ကနေ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာတွေကို လူတွေ ပိုမို သတိပြု အာရုံစိုက်လာဖို့သာ မက အမျိုးသမီး အနုပညာရှင်တွေ ရှားပါးတဲ့ အခြေအနေကို ပြောင်လဲပစ်နိုင်ဖို့ ပြပွဲ စီစဉ်သူတွေနဲ့ အမျိုးသမီး အနုပညာဖန်တီးသူတွေက မေ ျှာ်လင့်နေကြတာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။
===================================
[Unicode]