ဘက်လိုက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုလိုက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း

Myanmar Women

မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီးကမ္ဘာတဝှမ်းလုံးမှာ အမျိုးသမီးအခွင့်အရေးနဲ့ ကျား မ တန်းတူညီမျှရေးတို့အတွက်အသိအမြင် မျှဝေရေး လှုပ်ရှားမှုများ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်းကို တင်ပြရရင် ၁၉၀၀ ပြည့်နှစ် နောက်ပိုင်း
စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ အမျိုးသမီးအလုပ်သမားများဟာ လုပ်ခလစာ မညီမျှမှု၊မတရားခေါင်းပုံဖြတ်ခံရမှု၊
လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုနဲ့ ထိပါးနှောင့်ယှက်မှု၊ ကျန်းမာရေးနဲ့ သားဆက်ခြားဆိုင်ရာစောင့်ရှောက်ခွင့်များ ဆုံးရှုံးပြီး လူ့အခွင့်အရေးများ ချိုးဖောက်ခြင်း ခံခဲ့ကြရပါတယ်။ ၁၉၀၈ ခုနှစ်မှာတော့အမျိုးသမီးတစ်သောင်းခွဲကျော်ဟာ အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ လမ်းမများပေါ်မှာ ချီတက်ဆန္ဒပြကြပြီး အမျိုးသမီးများ မဲပေးခွင့် ရရှိရေး၊မျှတသော အလုပ်ချိန်သတ်မှတ်ပေးရေး၊အမျိုးသားများနဲ့ လုပ်ခလစာတန်းတူရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ ၁၉၁၀ မှာတော့ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ နိုင်ငံတကာ
အမျိုးသမီးအလုပ်သမားညီလာခံကို ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီက
အမျိုးသမီးဌာနခေါင်းဆောင် ကလာရာဇက်ကင်က အမျိုးသမီးများအခွင့်အရေးတန်းတူညီမျှရရှိရေးအတွက်
နှစ်စဉ် ရက်တစ်ရက် သတ်မှတ်ပြီးနိုင်ငံတိုင်းမှာ ကျင်းပဖို့ အဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ အဲဒီညီလာခံကို နိုင်ငံပေါင်း(၁၇)နိုင်ငံက အလုပ်သမားသမဂ္ဂများ၊ ဆိုရှယ်လစ်ပါတီများမှ အမျိုးသမီး(၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ကလာရာဇက်ကင်ရဲ့ အဆိုကို သဘောတူညီခဲ့ကြပါတယ်။ အဲ့ဒီသဘောတူညီချက်ကြောင့် ၁၉၁၁ ခုနှစ်မှာ မတ်လ (၁၉)ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စတင်သတ်မှတ်ခဲ့ကြပြီး အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

၁၉၁၃ မှာတော့ မတ်လ (၈)ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။ ၁၉၇၅ ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တရားဝင်သတ်မှတ်ပြီး စတင်ကျင်းပခဲ့ပါတယ်။ ယခုနှစ် ၂၀၂၂ ခုနှစ်အတွက်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်ကတော့ Break The Bias "ဘက်လိုက်မှုတွေချက်ချင်းရပ် "ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၀ နောက်ပိုင်း မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို အမျိုးသမီးအဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။ နှစ်စဉ် မတ်လ(၈)ရက်နေ့မှာ အခမ်းအနားပွဲတွေ ပြုလုပ်တာ အပါအဝင် အမျိုးသမီးအခွင့်အရေးများကို အများပြည်သူ သိရှိအောင် လှုံ့ဆော်တဲ့ပွဲတွေ၊အမျိုးသမီးများအခွင့်အရေးနဲ့ဆိုင်တဲ့ စကားဝိုင်းတွေပြုလုပ်ပြီး မီဒီယာတွေကနေ ထုတ်လွှင့်တာတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဘာကြောင့်အမျိုးသမီးများနေ့ အခမ်းအနားပွဲတွေ၊ အမျိုးသမီးအခွင့်အရေးတွေအတွက်စည်းရုံးလှုပ်ရှားမှုတွေ လုပ်ရသလဲဆိုတာကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်လေးက အခုလို ပြောပါတယ်။

"International Women Day” လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတော့ ကမ္ဘာတစ်ဝှမ်းမှာ
ကျင်းပပြုလုပ်လာတာ ကြာခဲ့ပါပြီ။ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအပွင့်ကာလဖြစ်တဲ့ ၂၀၁၁ ကာလလောက်ကမှ စပြီးကျင်းပလာနိုင်တာဖြစ်ပါတယ်။ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးများကို ဂုဏ်ပြုနိုင်ဖို့ဖြစ်ပါတယ်။နံပါတ် ၂ အချက်ကတော့ မူဝါဒချမှတ်သူတွေ၊အစိုးရအဖွဲ့တွေ၊ဥပဒေပြုသူတွေအနေနဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်တွေကို ချမှတ်ထည့်သွင်းနိုင်ရန်အတွက် လှုံ့ဆော်မူတွေ ပြုလုပ်တာဖြစ်ပါတယ်။နံပါတ် ၃ အချက် အနေနဲ့ကတော့ အများပြည်သူတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအရေးကြီးပုံ၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်နိုင်တာတွေကို ပိုမိုသိရှိစေရန်အတွက် အသိပညာပေးဖို့ဖြစ်ပါတယ်။ဒီရည်ရွယ်ချက် အဓိက ၃ ချက်နဲ့ ပဲ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့များနေ့ကိုကျင်းပ ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။အခုလို ခက်ခဲတဲ့ ကာလတွေမှာတော့ကျွန်မတို့ဟာ ပုံစံပြောင်းပြီးတော့ ဆိုရှယ်မီဒီယာတွေ၊အွန်လိုင်းတွေကနေ တစ်ဆင့်
ရနိုင်သမျှနည်းနဲ့ အမျိုးသမီးများနေ့ကို ဆက်လက်ကျင်းပပြုလုပ်နေကြပါတယ်"

မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ကမ္ဘာဘဏ်ရဲ့ ၂၀၂၀ စာရင်းအရ မြန်မာ့လူဦးရေမှာ အမျိုးသမီးက ၅၁.၈ ရာနှုန်းရှိတယ်လို့ သိရပါတယ်။ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံဖွံဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။ ဒါကြောင့်အစိုးရမူဝါဒ ချမှတ်သူတွေဟာ အမျိုးသမီးတွေရဲ့အခွင့်အရေး၊အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ရေးကို အလေးထားဖို့ လိုအပ်တယ်ဆိုတာ အထူးပြောဖို့ လိုလိမ့်မယ် မထင်ပါဘူး။

အခု လတ်တလောဆင်နွှဲနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကြီးကိုကြည့်ရင်လည်းအမျိုးသမီးတွေရဲ့ အင်အား၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အထင်အရှားတွေ့မြင်ကြရမှာဖြစ်ပါတယ်။မြေပြင်ကနေ ခေါင်းဆောင်မှုပိုင်းအထိ အဆင့်တိုင်း၊ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်နေကြတာကို တွေ့ကြရမှာပါ။မြန်မာ့နွေဦးတော်လှန်ရေးကြီးမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကနေ ရွပ်ရွပ်ချွန်ချွန် ပါဝင်ပြီး မတရားမှုကို တိုက်ထုတ်လျက်ရှိတယ်။သမိုင်းရဲ့ အရွေ့တစ်ခုမှာ တတပ်တအားပါဝင်ကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပါဝင်ဆင်နွဲကြဖို့ ဖိတ်ခေါ်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အမျိုသမီး၊လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတာ တွေ့ရပါတယ်။ဒီနှစ်အတွက် သူတို့ရဲ့ဆောင်ပုဒ်ကတော့ "ဘက်လိုက်မှုတွေ ချက်ချင်းရပ်၊အာဏာရှင်စနစ် အမြစ်ဖြတ်" ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမှန်တကယ်ကတော့ အမျိုးသမီးအခွင့်အရေးဆိုတာ လူ့အခွင့်အရေးတစ်ရပ်ပါပဲ။တောင်းယူနေရမယ့် အရာတောင် မဟုတ်ပါဘူး။လူသားတိုင်း ရရှိရမယ့် မွေးရာပါအခွင့်အရေးပါ။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟီလာရီကလင်တန်ကတော့ "လူ့အခွင့်အရေးဆိုတာ အမျိုးသမီး အခွင့်
အရေးပါပဲ။ အမျိုးသမီးအခွင့်အရေးဆိုတာဟာလည်း လူ့အခွင့်အရေးပါပဲ"
(“Human rights are women’s rights, and women’s rights are human rights.” )လို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ၊နှိမ်ချတာ၊ချန်လှပ်ထားခဲ့တာတွေကို ရပ်တန့်ပြီး အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ဒါမှသာ လူ့အဖွဲ့အစည်းကြီးဟာ ပိုမိုဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာမှာဖြစ်ကြောင်းပါ ခင်ဗျား။

==================








