Your browser doesn’t support HTML5
ရန်ကုန်မြို့ ဆေးရုံတော်တော်များများက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေကြချိန်မှာ ပြည်သူလူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်း Fever clinic တွေက ပြည်သူတွေကျန်းမာရေးအတွက် တဘက်ကနေ ကူညီစောင့်ရှောက်ပေးနေပါတယ်။ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြုံလာရင် အကူအညီရအောင် ဘယ်လို လုပ်နိုင်မလဲဆိုတာ Fever clinic ရန်ကုန်ကွန်ယက်က ဆရာဝန် ဒေါက်တာကျော်မင်းထွန်း ကို မစုမြတ်မွန် က ဆက်သွယ်မေးထားပါတယ်။
မေး ။ ။ VOA မြန်မာပိုင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ အခုမြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မြို့မှာ ဆေးရုံတော်တော်များများက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အချိန်မှာ ဆရာတို့လိုမျိုး လူထုအခြေပြုတဲ့ ဖျားနာကုဆေးခန်း Fever Clinic တွေက CDM လှုပ်ရှားမှုကို ဘယ်လိုမျိုး ပံ့ပိုးနေတယ်ဆိုတာကို အရင်ဆုံး သိပါရစေရှင့်။
ဖြေ ။ ။ မင်္ဂလာပါ။ ကျနော်တို့ Fever Clinic တွေက ရန်ကုန်မြို့မှာဆိုရင် (၂၉) ခု လက်ရှိရှိနေပြီ။ အခုအချိန်မှာ ပြည်သူလူထုတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်း သွားလာဖို့ ခက်ခဲနေတဲ့ အချိန်ဖြစ်နေတယ်။ အဲဒီအခြေအနေမှာ ကျနော်တို့ Fever Clinic တွေက တစိတ်တပိုင်းနဲ့ လူနာတွေကို ပြည်သူလူထုတွေကို စောင့်ရှောက်ကုသမှုပေးလို့ရအောင် နာတာရှည်ရောဂါ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံး အစရှိတဲ့ လူနာတွေကို ကြည့်ရှုပေးတယ်။ စောင့်ရှောက်ကုသပေးတယ်။ အဲဒါအပြင် အခုဆိုရင် အရေးပေါ်လူနာတွေ injuries ပြုတ်ကျတယ်၊ ချော်လဲတယ်၊ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်တယ်။ အဲဒီအတွက်လည်း medical care cover အနေနဲ့လည်း ဖွင့်ထားတယ်။ ဖွင့်ပြီးတော့ လက်ရှိကျနော်တို့ လုပ်ကိုင်နေတာက စေတနာရှင် volunteer ဆရာဝန်တွေနဲ့ ကျနော်တို့ လုပ်ကိုင်နေပါတယ်။ Fever Clinic ဖွင့်ကတည်းက စေတနာရှင် volunteer ဆရာဝန်တွေပါမယ်။ သူနာပြု၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့အစည်းတွေပါတယ်။ အဲဒီအင်အားစုနဲ့ ရပ်တည်နေတယ်။ ကျနော်တို့လည်း အစိုးရဆရာဝန် မဟုတ်ဘူး။ အပြင်ကဆရာဝန်တွေ။ ဒါပေမဲ့ စေတနာရှင် volunteer ဆရာဝန်တစ်ယောက်အနေနဲ့ ပြည်သူလူထုတွေ ကျန်းမာရေးစောင့်ရှောက်မှုရအောင် ကူညီပံ့ပိုးပြီးတော့ ကြည့်ရှုမှုပေးနေတာပါ။ အခုအချိန်အထိလည်း လူနာတွေကို ကြည့်ရှုပေးနေပါတယ်။
မေး ။ ။ အခုလက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံတော်တော်များများက ဆရာဝန်တွေ ဆေးဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အချိန်မှာ ဆရာတို့လိုမျိုး ဖျားနာမှု ဆေးခန်းတွေကနေ Fever Clinic တွေကနေ လူနာတွေကို အခမဲ့ ကူညီ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်ဆိုတော့ ဆေးရုံတွေမှာရှိတဲ့ facilities မျိုး ပစ္စည်းကိရိယာ ပြည့်စုံမှုပိုင်းကော လုံလောက်မှု ရှိတယ်လို့ ပြောနိုင်လား ဆရာ။
ဖြေ ။ ။ ကျနော်တို့က အဓိက Network လုပ်ထားတယ်။ Community Fever Clinic Yangon Network လုပ်ထားတယ်။ ကျနော်တို့ဆီကို လာပြတဲ့ လူနာတွေအနေနဲ့ ကျနော်တို့ဆီမှာ facilities ကတော့ ဆေးရုံလောက်တော့ မစုံဘူး။ ကျနော်တို့အနေနဲ့ လူနာတစ်ယောက်ကို အသက်မသေတဲ့အထိ ထိန်းနိုင်တယ်။ ပြီးတော့ ရောဂါကို emergency ကို အရှင်းမပျောက်တောင်မှ ရောဂါသက်သာအောင် ထိန်းပေးလို့ရတယ်။ ပြီးတော့ အဲဒီလူနာကို refer ပြန်လွှဲမယ်ဆိုရင် Private ဆေးရုံတွေ၊ ဆေးခန်းတွေ ရှိတယ်။ အဲဒီမှာဆိုရင် ဆရာဝန်ကြီးတွေ ထိုင်တယ်။ ကျနော်တို့က ဆရာဝန်ကြီးတွေကို inform လုပ်တယ်။ ဆရာကြီးရေ ဒီလူနာက ဒါဖြစ်တယ်။ ဆရာကြီးတို့ဆီ လွှဲချင်တယ်။ လူနာက ပိုက်ဆံသိပ်မတတ်နိုင်ဘူး။ ဆရာကြီးတို့ကတဆင့် စရိတ်မျှအနေနဲ့ ဆောင်ရွက်ပေးထားတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ ရှိတယ်။ အဲဒီကို ကျနော်တို့က ပြန်လွှဲရတယ်။ ပြန်လွှဲတဲ့အခါမှာ လူနာအတွက်လည်း အဆင်ပြေသွားတယ်။ နောက်တစ်ခုက ကျနော်တို့ဆီမှာ ဆေးရုံကားု standby ရှိတယ်။ ကျနော်တို့ဆီမှာ ဆေးရုံကား နှစ်စီး၊ သုံးစီး အမြဲအဆင်သင့် ရှိတယ်။ လူနာတစ်ယောက် အရေးပေါ်ဖြစ်တယ်ဆိုရင် ချက်ချင်းဆေးရုံကားပေါ်တင်၊ ချက်ချင်လွှဲပို့ပြီး၊ ဆရာကြီးတွေကို ကြိုတင်အကြောင်းကြားပြီးတော့ ဆရာကြီးတို့ထံ လွှဲပေးတာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။
မေး ။ ။ အဲဒီလိုမျိုး ပြောတဲ့နေရာမှာ အရေးပေါ်ခွဲစိတ်ကုသမှုလိုတဲ့ လူနာမျိုးတွေဆိုရင် ဆရာတို့ ဘယ်လိုမျိုး ဆောင်ရွက်ပေးပါသလဲရှင့်။
ဖြေ ။ ။ အရေးပေါ်ခွဲစိတ်ဖို့ လူနာတွေဆိုရင် နှစ်မျိုးရှိတယ်။ မွေးလူနာ မွေးမယ်၊ ဗိုက်နာတယ်။ အရေးပေါ်လူနာအဖြစ် သတ်မှတ်တယ်။ နောက်တစ်ခု ရုတ်တရက်ကြီး ဗိုက်အောင့်တယ်။ အူအတတ်ပေါက်၊ ယောင်တယ်။ ရုတ်တရက်ကြီး အရမ်းအန်တယ်ပြုတယ်။ အရေးပေါ်ဖြစ်တယ်ဆိုရင် ကျနော်တို့က Private ဆေးရုံတွေ၊ ဆေးခန်းတွေကို ချိတ်ထားတယ်။ ညပိုင်းဖွင့်ကြတဲ့ ဆေးရုံတွေကို ကျနော်တို့က ဆေးရုံကား ထောက်ပံ့ရေးအဖွဲ့တွေနဲ့ ချိတ်ထားတယ်။ လူနာတွေ တစ်ခုခုဖြစ်တယ်ဆိုရင် Ambulance Service တွေက မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရှိတယ်။ လူနာကောက်တင်ပြီးတော့ ကျနော်တို့ကို ဆက်သွယ်တယ်။ လှမ်းဖုန်းဆက်ပြီးတော့ လူနာအခြေအနေ ပြောပြတယ်။ ကျနော်တို့ကတဆင့် ချက်ချင်းတိုက်ရိုက်လွှဲလိုက်ရတယ်ဆိုရင် တိုက်ရိုက်ဆေးရုံကို လွှဲတယ်။ တိုက်ရိုက်လွှဲလို့မရတဲ့ Case ဆိုရင် နည်းနည်းလေး အရေးပေါ် ရှုပ်ထွေးနေတဲ့ Case ဆိုရင် ဆရာကြီးတွေကို ဖုန်းဆက်ပြီးတော့ သူတို့ပြောတဲ့ ဆေးရုံကို ပြန်လွှဲရတဲ့အပိုင်းတွေ ရှိတယ်။
တော်တော်များများလဲ အခမဲ့ ပရဟိတဆေးရုံတွေ ရှိတယ်။ ဥပမာ ဘားလမ်းဆေးရုံမျိုးဆိုရင် မူစလင် ကုသိုလ်ဖြစ် ဆေးရုံမျိုးဆိုရင် မွေးလူနာကို အရေးပေါ်အနေနဲ့ မွေးဖွားလို့ရအောင် ဆောင်ရွက်ထားတာ ရှိတယ်။ တချို့မြို့နယ်တွေ၊ ရပ်ကွက်တွေဆိုရင်လဲ များသောအားဖြင့် Ambulance Service တွေက သိတယ်။ အဲဒီမှာဆိုရင် မွေးလူနာအတွက်ကော၊ အရေးပေါ် emergency အတွက်ကော Fever Clinic က ညပိုင်းတွေ ပိတ်လိုက်ပြီ။ ညပိုင်းတွေအတွက်ကို လူနာအရေးပေါ် Trauma Emergency တွေ ရှိတယ်။ ပရဟိတအဖွဲ့အစည်းတွေ ဖွင့်ထားတဲ့ ဆေးခန်းလေးတွေ ရှိတယ်။ ဆေးရုံအသေးလေးတွေ ရှိတယ်။ အဲဒီမှာ ခွဲစိတ်ခန်းအသေးလေးတွေ ရှိတယ်။ မွေးဖွားခန်းအသေးလေးတွေ ရှိတယ်။ အဲဒီနေရာတွေကို ပရဟိတအဖွဲ့တွေ ချိတ်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်နီးစပ်ရာခေါ်သွားပြီးတော့ အဲဒီမှာ အရေးပေါ်အခြေအနေမှုမျိုး လုပ်ဆောင်မှုပေးပြီးတော့ အိမ်ပြန်ပို့ပေးလိုက်တယ်။ အဲဒီလိုမျိုးတွေ ဆောင်ရွက်ထားပါတယ်။
မေး ။ ။ စောစောက ပြောသွားသလိုမျိုး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေကလည်း လူနာတွေကို အခမဲ့၊ တချို့ကလဲ စရိတ်မျှပြီးတော့ ကုသပေးနေတာတွေ တွေ့ရပါတယ်ဆိုတော့ အဲဒီလိုမျိုး ကုသလို့ရအောင် ဆရာတို့က ဘယ်လိုမျိုး ချိတ်ဆက်ပြီးတော့ ကူညီပေးလို့ရတဲ့ အစီအစဉ်တွေ လုပ်ထားပါလဲရှင့်။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ တိုက်ရိုက် အဲဒီဆေးရုံတွေကို တိုက်ရိုက်လွှတ်လို့ မရဘူး။ ကျနော်တို့က အပြင်က ဆရာဝန်တွေ။ အစိုးရအဖွဲ့ ဆရာဝန်တွေ မဟုတ်ဘူး။ အဲဒီဆေးရုံမှာ ပင်တိုင်ဆရာဝန်တွေ ရှိတယ်။ အစိုးရ ဆရာဝန်တွေ ရှိတယ်။ အဲဒီဆရာဝန်တွေကို ကျနော်တို့က လှမ်းဆက်သွယ်ပြီးတော့ အကူအညီတောင်းရတယ်။ လူနာအနေအထားက ဒီလိုဖြစ်နေပြီ၊ အဲဒီမှာ ဆရာကြီးနာမည်ဖြစ်ဖြစ်၊ ဆရာမကြီးနာမည်ဖြစ်ဖြစ် လွှဲလိုက်မယ်ဆိုရင်၊ ဆရာမကြီးဖြစ်ဖြစ်၊ ဆရာဝန်ကြီးဖြစ်ဖြစ်တို့က ဆေးရုံကို လှမ်းပြောလိုက်တယ်။ ပြင်ဆင်ပြီးတော့ ကုသမှု ဆောင်ရွက်မှုတွေ လုပ်ပေးလိုက်ပါလို့ ပြောလိုက်ရင် လက်ခံပြီးတော့ ဆောင်ရွက်ပေးတယ်။ တိုက်ရိုက်သွားမယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်လောက်ဘူး။
Refer လုပ်တဲ့စနစ်နဲ့ Networking နဲ့ သွားနေတယ်ဆိုတော့ အဲဒီလိုသွားမယ်ဆိုရင်တော့ လူနာတွေအနေနဲ့ အဆင်ပြေတယ်။ ဘယ်လိုမှ ချိတ်ဆက်လို့ မရတဲ့ အခြေအနေဆိုရင်တော့ ပရဟိတအဖွဲ့တွေ ထောင်ထားတဲ့ ဆေးခန်းလေးတွေ ရှိတယ်။ Emergency ဆိုရင် အဲဒီကို ခေါ်သွားပြီး ခဏထိန်းထားပြီးမှ မိုးလင်းလောက်မှ သက်ဆိုင်ရာ ဆေးရုံတွေကို ပြန်လွှဲတဲ့အပိုင်းတွေလည်း ရှိပါတယ်။ နောက်ဆုံး လူနာက တချို့အပိုင်းတွေမှာ တပ်မတော်စစ်ဆေးရုံကို လွှဲပေးလိုက်ရတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီအပိုင်းတွေတော့ လူနာရဲ့ ဆုံးဖြတ်ချက်၊ လူနာကိုမေးတယ်။ ကျနော်တို့ ဘယ်လိုမှ မရဘူး။ တပ်မတော် စစ်ဆေးရုံကို လွှဲပေးမယ်။ လူနာအနေနဲ့ သွားချင်လား။ တချို့လူနာတွေက သွားချင်တယ်။ တချို့က မသွားချင်တဲ့အပိုင်းတွေ ရှိတယ်။ မသွားချင်တဲ့အပိုင်းကြတော့ နောက်ဆုံးအဆင်ပြေအောင် လုပ်ရတဲ့အပိုင်းလေးတွေ ရှိတယ်။ အဲဒီအခါကြတော့လဲ ချိတ်ဆက်ပြီးတော့ လူနာအဆင်ပြေအောင် ဆောင်ရွက်လိုက်တာတွေ ရှိပါတယ်။
မေး ။ ။ အခုနက ဒေါက်တာကျော်မင်းထွန်း ပြောတဲ့အထဲမှာ ဆရာကြီးတွေ၊ ဆရာမကြီးတွေဆိုတာက အထူးကုဆရာဝန်ကြီးတွေကို ပြောတယ်လို့ နားလည်ပါတယ်။ အဲဒီလိုမျိုး ဆရာတို့နဲ့ ချိတ်ဆက်ပြီးတော့ လူနာတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အထူးကုဆရာဝန်တွေ၊ ဆရာဝန်ကြီးတွေ၊ ဆရာဝန်မကြီးတွေက အများကြီးရှိပါသလားရှင့်။
ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ ရှိပါတယ်။ CDM လက်ရှိ လုပ်ဆောင်နေတဲ့ ဆရာကြီးတွေ၊ ဆရာဝန်မကြီးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလဲ ဆရာမကြီးတွေ၊ ဆရာဝန်မကြီးတွေကိုလည်း တဘက်တလမ်းကနေ Supporting အနေနဲ့ ကျနော်တို့က ဝိုင်းဝန်းကူညီပြီးတော့ ပံ့ပိုးပေးတဲ့ အနေနဲ့လည်း လုပ်ဆောင်နေတယ်။ လူနာတွေကိုလည်း တဘက်တလမ်းကနေ အပြင်ဆရာဝန်တွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ တဘက်တလမ်းကနေ ကူညီပံ့ပိုးနေတယ်။ အဓိက လူနာတွေကို မနစ်နာအောင်။ လက်ရှိ ဆေးရုံတွေ ပိတ်ထားတဲ့အပေါ်မှာ လူနာတွေအတွက်လဲ နောက်ဆုံး အသက်ဆုံးရှုံးမှုနည်းအောင်၊ အသက်မဆုံးရှုံးရအောင် အဓိက အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျနော်တို့ ကြားခံအနေနဲ့ ဆောင်ရွက်ပေးတယ်။ လူနာတွေအတွက်ကို အဓိက ကြည့်ရှုပြီးတော့ လုပ်ပေးပါတယ်။
မေး ။ ။ ဆရာပြောသလို ကုသမှုလိုနေတဲ့ လူနာတွေကို ကူညီနိုင်ဖို့အတွက် ဆရာတို့က လုပ်ပေးနေတယ်ဆိုတော့ ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် လိုအပ်တဲ့လူနာနဲ့ အခုစောင့်ရှောက်မှု ပေးနေတဲ့ အင်အားမျှတယ်လို့ ပြောလို့ရသလား။
ဖြေ ။ ။ အခုအနေအထားတော့ အဆင်ပြေနေသေးတယ်။ အခုအချိန်အထိတော့ ရသလောက် လူနာတွေကို အစွမ်းကုန် လက်ရှိလူအင်အားနဲ့ ဆရာဝန်၊ ပရဟိတအဖွဲ့အစည်းအင်အားနဲ့ အလှုရှင်အင်အားနဲ့ ကျနော်တို့ ရအောင် Run နေတယ်။ အကုန်လုံး ချိတ်ဆက်ပြီး Networking နဲ့ သွားနေတယ်။ လူတွေက စည်းစည်းလုံးလုံးနဲ့ ဆရာဝန်တွေအားလုံးလည်း သွားပြီးတော့ Teamwork တစ်ခု ဖွဲ့ထားတဲ့အပေါ်မှာ အခုအချိန်အထိတော့ အဆင်ပြေနေပါသေးတယ်။
မေး ။ ။ ဒီလိုမျိုး CDM ကာလကြီးမှာ လူနာတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လာတယ်ဆိုရင် ဘာလုပ်သင့်တယ်ဆိုတာကို ဆရာအနေနဲ့ ပြောနိုင်ပါလဲရှင့်။
ဖြေ ။ ။ တစ်ခုခု နာမကျန်းမာတာပဲဖြစ်ဖြစ် ရောဂါတစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်ဖြစ်၊ ပြီးတော့ Trauma – major or minor ဖြစ်ဖြစ် ရလာခဲ့ရင် မြို့နယ်ရပ်ကွက်တွေမှာ Ambulance Service တွေ ရှိတယ်။ ဆေးရုံကားကူညီမှုတွေကို ချက်ချင်းချိတ်ဆက် အကူအညီတောင်း - သူတို့တွေက ချက်ချက်အကူအညီပေးတယ်။ အကုန်လုံးက ကူညီချင်ကြတယ်။ ထိထိရောက်ရောက် ကူညီပေးတယ်။ ဆေးရုံကားတွေနဲ့ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် မူတည်ပြီးတော့ မွေးလူနာလား၊ ခွဲစိတ်ဖို့လူနာလား။ Minor, Major သူတို့ဘာသာ ခွဲပြီးတော့ ဘယ်သွားရမယ်၊ ဘယ်ပို့ရမယ်ဆိုတာကို သူတို့ဘာသာ သူတို့လမ်းနဲ့ သက်ဆိုင်ရာ လူနာတွေ မနစ်နာအောင် အတတ်နိုင်ဆုံး Center တွေကို လွှဲပြောင်းပေးပြီး လုပ်ဆောင်ပေးတယ်။ အဲဒီ information ကို ပေးချင်ပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာက အခုလက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ ပါဝင်နေတဲ့အတွက်ကြောင့်မို့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ထိခိုက်တယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလားရှင့်။
ဖြေ ။ ။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာတော့ အဓိက ကလေးတွေမှာဆိုရင် ကလေးကာကွယ်ဆေး ထိုးတာ၊ တိုက်တာနဲ့ တခြားဒေသန္တရပိုင်းဆိုင်ရာ ပြည်သူ့ကျန်းမာရေးအပိုင်းမှာတော့ နည်းနည်းလေးတော့ အားနည်းမှု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကလေးကြတော့ များသောအားဖြင့် နည်းနည်းလေး အားနည်းချက် ပုံစံလေး တွေ့ရတယ်။ လူကြီးကြတော့ အဆင်ပြေတယ်။ ကလေးကြတော့ နောက်ဆုံး ကလေးဆေးရုံ Private ကလေးဆေးရုံတွေကိုလည်း ကျနော်တို့ ပြန်လွှဲရတယ်။ ချိတ်ဆက်ပြီးတော့ ကလေးဆေးရုံသွား လုပ်ရတယ်။ အခုဆိုရင် ခွေးကိုက်တဲ့ လူနာတွေလည်း ရှိတယ်။ ခွေးရူးကာကွယ်ဆေး ထိုးဖို့ အခက်ရှိတယ်။ နောက်ဆုံး စရိတ်မျှအနေနဲ့ Private ဆေးရုံ၊ ဆေးခန်းတွေကို ကျနော်တို့ကတဆင့် ပြောပေးတာ ရှိတယ်။ လူနာ မတတ်နိုင်ဘူး၊ တချို့လူနာကတော့ တတ်နိုင်တယ်။ Full Course ပိုက်ဆံအပြတ် ကွက်တိပေးနိုင်ပြီး၊ တချို့ကြတော့ မတတ်နိုင်ဘူး။ စရိတ်မျှ တစ်ဝက် သို့မဟုတ် ခုနှစ်ဆယ်ရာခိုင်နှုန်းဖြစ်ဖြစ် အဲဒီလိုတွေ ပေးသွားတာ ရှိတယ်။ အဓိက ပြည်သူ့ကျန်းမာရေးအနေနဲ့ ချိတ်ဆက်တဲ့အပိုင်းနဲ့ဆို ရအောင်၊ အစွမ်းကုန် လူနာတွေအတွက်ကို အကောင်းဆုံး မြို့နယ်ကျန်းမာရေးဌာနကတဆင့် မေးပြီးတော့ ဒီလူနာကတော့ ဒါဖြစ်တယ်။ နောက်ဆုံး အကောင်းဆုံး စီစဉ်ပေးလိုက်တယ်။
အဓိကတော့ ကလေးလူနာတွေပါ။ မေးခွန်းတာတွေက ကာကွယ်ဆေး ထိုးချင်တယ်။ ဘယ်နေ့ထိုးလို့ရသလဲ။ နောက် သားအိမ်ခေါင်း ကာကွယ်ဆေးထိုးချင်တယ်။ ဘယ်နေ့ထိုးလို့ရသလဲ။ အဲဒီလိုမျိုးလေးတွေ ရှိတယ်။ တီဘီဆေး ထိုးချင်တယ်။ ဘယ်နေ့ထိုးလို့ရသလဲ။ တီဘီဆေး ထိုးတဲ့အပိုင်းမှာဆိုရင်လဲ NGO အဖွဲ့တွေဆီက တီဘီဆေးထုတ်လို့ရတဲ့ စင်တာလေးတွေ ရှိတယ်။ အဲဒီမှာ နှစ်ပိုင်း ရှိတယ်။ ဆေးယဉ်းပါးတီဘီဆေး ပေးတဲ့ စင်တာရှိတယ်။ နောက် တီဘီကုသတဲ့ စင်တာ ရှိတယ်။ အဲဒီနှစ်ခုကိုပဲ နောက်ဆုံး ပရဟိတတွေ ဖွင့်ထားတဲ့ ဆေးခန်းတွေမှာ ပြန်ထိုင်ပြီးတော့ တီဘီလူနာတွေကို ချိတ်ဆက်ပြီးတော့ တီဘီဆေးထုတ်လုပ်ရအောင် ဆောင်ရွက်ပေးတယ်။ အဓိကကြောက်တာက တီဘီဆေး ပြတ်သွားရင် အစကနေ ပြန်ထိုးရမယ်။ ဆေးယဉ်းပါးဘက်ကို ပြောင်းသွားမယ်။ အဲဒီလိုတွေ ဖြစ်မှာစိုးလို့ တီဘီဆေးကို ရအောင် ဆောင်ရွက်ပေးပြီးတော့ ဆေးထုတ်ပေးတဲ့ ဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ပေးတယ်။ တချို့လူနာတွေက သောက်လက်စ ဆေးထုတ်လို့ မရတော့ဘူး။ အဲဒီအခါကြတော့ ဆေးထုတ်လို့ရမယ့် အပိုင်းလေးတွေကိုရအောင် ဆောင်ရွက်ပြီးတော့ ကူညီဆောင်ရွက်ပေးတယ်။ အဲဒီလိုတွေ လုပ်ထားပေးတယ်။ ကလေးလူနာကြတော့ ကလေးဆေးရုံတွေနဲ့ ချိတ်ဆက်ပေးတယ်။ အဲဒီလိုလေးတွေ ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်မှုအပိုင်းတွေလည်း လုပ်ဆောင်ပေးနေပါတယ်။ အတတ်နိုင်ဆုံး ဘာပဲဖြစ်ဖြစ် ကျန်းမာအောင် ဒီကာလမှာ နေကောင်းအောင်နေပါ။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာကျော်မင်းထွန်း။ အခုလိုမျိုး အချိန်ပေးပြီး ဖြေပေးတဲ့အတွက်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။
==Unicode===