(Zawgyi/Unicode)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာအလုပ်သမား ၂၀၀ လောက်ရှိတဲ့ ရန်မကင်းစက်ရုံကို အလုပ်ရှင်က ပိတ်လိုက်ကြောင်း အသိပေးလိုက်တာကြောင့် နစ်နာကြေးကိစ္စတွေလည်း အဆင်မပြေသေးကြောင်း COVID-19 အရေးပေါ်ကာလမှာ စက်ရုံကနေ မောင်းထုတ်မယ်ဆိုရင်လည်း နေထိုင်ဖို့ ခက်ခဲကြောင်း မြန်မာအလုပ်သမားတွေ ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးလိုပါတယ်။
မဲဆောက်မြို့ ထုံထောင်းရပ်ကွက်က ရန်မကင်းစက်ရုံဟာ လုပ်သားဦးရေ ထောင်ဂဏန်းရှိပြီး အလုပ်သမားတွေအတွက် ဥပဒေပါ လုပ်အားခတွေ မပေးတာ အလုပ်တွေ လျှော့ချပစ်တာတွေ တခြားစက်ရုံကို ပြောင်းရွှေ့ကုန်တာကြောင့် လုပ်သက်ရင့် လုပ်သား၂၀၀ လောက်ပဲ ကျန်တော့တာပါ။ အခုအခါ စက်ရုံလုပ်သားတွေအတွက် အလုပ်ပေးစရာ မရှိတော့လို့ အလုပ်သမား ဥပဒေအရ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်းကို ပေးနေတာကတော့ ၂လခန့်ရှိပါပြီ။ အခုအခါမှာတော့ အလုပ်ရုံပိတ်လိုက်ပြီလို့ ရုတ်တရက်ကြေငြာပြီး မတန်တဆနစ်နာကြေးပဲ ပေးတယ်လို့ ဆိုပါတယ်။
ဒီအချိန် COVID-19 အရေးပေါ်ကာလမှာ အလုပ်ရုံ ပိတ်ရုံမက သူတို့နေထိုင်နေတဲ့ စက်ရုံတွင်းက နေရာကနေမောင်းထုတ်မှာကို စိုးရိမ်နေကြာင်း ရန်မကင်းစက်ရုံက အလုပ်သမားခေါင်းဆောင် ကိုကျော်ဇေယျက ပြောပါတယ်။
"ကျနော်တို့ကို စက်ရုံက ပိတ်လိုက်ပြီ။ ၇၅ ရာခိုင်နှုန်းလည်း မပေးတော့ဘူး။ စက်ရုံကတရားဝင်ပိတ်လိုက်ပြီတဲ့ လျော်ကြေး ၅၀၀,၀၀၀ ပေးမယ်တဲ့ စက်ရုံက ပိတ်လိုက်ပြီတဲ့ ဘတ်ငွေ ၁၅၀ လည်း မပေးတော့ဘူးတဲ့ မန်နေဂျာက အဆင်ပြေအောင်လုပ်ပေးပေမယ့် သူလည်း လုပ်ပေးလို့ မရတော့လို့ အလုပ်သမားတွေအနေနဲ့ တိုင်ချင်ရာတိုင်ပေါ့။ လုပ်ချင်တာလုပ်ပေါ့။ လိုအပ်တာပြောတဲ့ သူတတ်နိုင်သလောက်တော့ အကူညီပေးမယ်လို့ ပြောတယ်။ ကျနော်တို့ကို တလကြိုတင်အကြောင်းကြားခြင်း မရှိဘူး။ ပိတ်တာက အခုမှ ပိတ်တာအတွက် နေရာရွှေ့ပြောင်းတာတွေအတွက် ကျနော်တို့ကတော့ ပြင်ဆင်ဖို့အတွက် တလလောက်တောင်းမယ်လို့ စဉ်းစားထားတယ် နေဖို့ထိုင်ဖို့အတွက်ကို။"
ဒီစက်ရုံဟာ ထိုင်းဥပဒေပါ လုပ်အားခမပေးတာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက လာရောက်စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အခုအချိန်မှာ အလုပ်သမားတွေအနေနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေကို သွားရောက်တိုင်ကြားနိုင်ဖို့က ရုံးတွေ ပိတ်နေချိန်မို့ အခက်အခဲတွေ ရှိတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ မသူဇာပြောပြပါတယ်။
"COVID-19 ဖြစ်နေတဲ့ကာလမှာ ရုံးတွေကလည်း ပိတ်နေတယ်။ သူတို့ကို စက်ရုံကလည်းလက်မခံပဲ မောင်းထုတ်မယ်ဆိုရင် သူတို့နေထိုင်ဖို့ ခက်ခဲမှာလည်း စိုးရိမ်နေကြတယ်ပေါ့နော်။ ဒီစက်ရုံမှာ နှစ်ရှည်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေပါတယ်။ နစ်နာကြေးပေးမယ်ဆိုရင် လုပ်သက်အလိုက် နစ်နာကြေးပေးရမှာပါ။ အခုပေးတဲ့နစ်နာကြေးဟာ လူတဦးကို ဘတ်ငွေ ၂,၀၀၀ ကျော်လောက်သာရမှာမို့ အလုပ်သမားတွေကလက်မခံကြပါဘူး။"
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့အခု COVID-19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း ၁,၀၀၀ ကျော် ပိတ်ပစ်ခဲ့ရတာ ဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ မှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွားရေး လုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သား ငှါးရမ်းမှု လျှော့ချတာတွေ လုပ်လာတာပါ။
ထိုင်းနိုင်ငံထဲမှာ မြန်မာလုပ်သား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
..............
[Unicode Version]