Your browser doesn’t support HTML5
Zawgyi/ Unicode
ပြီးခဲ့တဲ့ ဧပြီ ၁ရက်နေ့က တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ ဧရိယာမှာ ကျပ်ငွေ ၄၈ ဘီလျံဖိုးလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ အင်ဖက်တမင်း စိတ်ကြွဆေးပြား သန်း ၂၀၊ ဘိန်းဖြူမှုန့်တွေ နဲ့ မူးယစ်ဆေးဝါး ကုန်ကြမ်း အင်ဖက်ဒရင်း အမှုန့်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ အရင်က ဖမ်းမိတာတွေနဲ့ ပေါင်းလိုက်ရင် ကျပ်ငွေ ဘီလျံ ၄၀၀ နီးပါးလောက် တန်ဘိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ကုန်ကြမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတာ ဖြစ်ပြီး ဒေါ်လာနဲ့ တွက်ရင် သန်း ၂၈၀ ကျော်ဖိုးလောက်ရှိတာမို့ အတော့်ကို များပြားတဲ့ ပမာဏ လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ မြေပေါ်က ဧရိယာ တစ်ခုထဲမှာ ဖမ်းမိတာတွေအထဲ ပမာဏ အများဆုံးလို့တောင် သတ်မှတ်နိုင်ပါတယ်။ အခြားတစ်ဖက်က ကြည့်လိုက်ရင်လည်း တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့စစ် အဖွဲ့တစ်ခု ထိန်းချုပ်တဲ့ ဧရိယာမှာ ဒီလောက် များပြားတဲ့ မူးယစ်ဆေးဝါး၊ ကုန်ကြမ်းနဲ့ ဆက်စပ် ပစ္စည်းတွေ ဖမ်းမိတာကို ကြည့်ရင် အဲဒီ ဧရိယာဟာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးတာကို တရားဝင် လုပ်ငန်းသဖွယ် သဘောထားပြီး လုပ်ကိုင်နေကြတာများလား လို့တောင် တွေးတောစရာ ဖြစ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်မှာတော့ တပ်မတော်ဟာ အဲဒီ ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တောနင်းရှာဖွေ သိမ်းဆည်းတာမျိုး လုပ်နေပါပြီ။ တပ်မတော်ဟာ ဘာကြောင့် ခုချိန်ကျမှ ပြည်သူ့စစ် အဖွဲ့တစ်ခု နယ်မြေထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းဖို့ လုပ်လာရတာလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ ဆန်းစစ်ကြည့်ကြရအောင်ပါ။
လက်ရှိ တပ်မတော်က မူးယစ်ဆေးဝါးတွေ ဝင်ရောက်ရှာဖွေ သိမ်းဆည်းမှု လုပ်ခဲ့တဲ့ နယ်မြေကို ဒေသခံတွေက ကောင်းခါး ပြည်သူ့စစ် နယ်မြေ လို့ သိကြပါတယ်။ ဒီ ဧရိယာဟာ အရင်က KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ တပ်မဟာ (၄) နဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ အခြေချခဲ့ကြတဲ့ နယ်မြေ ဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ ဦးမထုနော် ခေါင်းဆောင်တဲ့ ကေအိုင်အေ တပ်မဟာ (၄) ဟာ မူလ ကေအိုင်အေ အဖွဲ့ကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲ၊ ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ စစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် ဦးမထုနော်နဲ့ သူ့တပ်ဖွဲ့ဟာ သူတို့ လက်နက် သူတို့ ဆက်ကိုင်ထားပြီး သူတို့နယ်မြေ သူတို့ ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်း အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ် အဖွဲ့တွေ အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က ဖိအားပေးလာတဲ့ အခါ ခွဲထွက် ကေအိုင်အေ တပ်မဟာ(၄) က လက်ခံခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ တပ်မတော် လက်အောက်ခံ၊ ကောင်းခါး ပြည်သူ့စစ် (ဌာနေ) အဖြစ် တရားဝင် ဖွဲ့စည်း ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင်ကတည်းက ကောင်းခါး ပြည်သူ့စစ် အဖွဲ့ဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးတယ် ဆိုပြီး ပြည်တွင်းပြည်ပမှာ ကျော်ကြားမှု ရှိနေပေမယ့် တပ်မတော်ဘက်က တစ်စုံတရာ အရေးယူတာမျိုးတော့ မလုပ်ခဲ့ပါဘူး။
အခြားတစ်ဖက်မှာတော့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ ထူးခြားတာ တစ်ခုက AA အဖွဲ့ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရေး လမ်းကြောင်းဟာ ရှမ်းပြည်နယ်ကနေ မန္တလေး၊ ရန်ကုန်ကို ဖြတ်ပြီးမှ ရခိုင်ပြည်နယ်ထဲ ပို့ပေးနေကြတာမျိုးပါ။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စကာစက AA အဖွဲ့ရဲ့ အင်အားကို တပ်မတော်ဘက်က လျော့တွက်ခဲ့ပုံရပါတယ်။ AA အဖွဲ့အနေနဲ့ လူအရင်းအမြစ် ရဖို့နဲ့ စစ်ရေး လေ့ကျင့်ပေးဖို့ မခက်ခဲနိုင်ပေမယ့် တကယ့်တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ဖြစ်လာဖို့ ငွေကြေးနဲ့ လက်နက်ခဲယမ်း ရဖို့ခက်ခဲလိမ့်မယ် လို့ ထင်မြင်ခဲ့ကြပုံ ပေါ်ပါတယ်။ ဒါပေမယ့် တကယ် တိုက်ပွဲတွေ တိုက်ကြတဲ့အခါ တပ်မတော်ခေါင်းဆောင်တွေ မျှော်လင့်ထားသလို မဟုတ်ပဲ AA တပ်ဖွဲ့ အင်အား များပြားတာ တွေ့ကြုံလိုက်ရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်က AA ကို ဖြတ်လေးဖြတ် စစ်ဆင်ရေးမျိုး လုပ်ကိုင်နေတာ တွေ့မြင်ရပါတယ်။ စစ်လက်နက် ပစ္စည်း ဖြည့်တင်းရာ လမ်းကြောင်းတွေ ရပ်တန့်သွားအောင်၊ ရိက္ခာ ရနေတဲ့ လမ်းကြောင်း ရပ်တန့်သွားအောင်၊ ပြည်သူနဲ့ ထိတွေ့မှု ရပ်ပြီး သတင်း ပြတ်တောက်သွားအောင် လုပ်တာမျိုးပါ။ ဒါပေမယ့် အဲဒါလည်း ဒီကနေ့ အချိန်ထိ သိပ် အလုပ်ဖြစ်သေးပုံ မပေါ်ပါဘူး။
တပ်မတော်ဘက်က ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင်ပဲ တပ်ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ၊ စစ်လေ့ကျင့်ရေး ကျောင်းလိုမျိုး တိုက်ခိုက်ခံရရုံမက ဗျူဟာကုန်းကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်တာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွက် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို အသုံးပြုတာမျိုးလည်း တွေ့ကြရပါတယ်။ တစ်ကြိမ်မှာဆိုရင် ပိတ်ဆို့ခံထားရတဲ့ ဗျူဟာကုန်းကို ကယ်တင်ဖို့ လုပ်တဲ့ စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နဲ့ ချပေးလိုက်တဲ့ တပ်ရင်းမှူးတစ်ယောက်နဲ့ အရာရှိ စစ်သည်တွေ ဖမ်းဆီးခံရတာမျိုးတောင် ကြုံရပါတယ်။
ဒီအတွက် တပ်မတော်စစ်ခေါင်းဆောင်တွေဟာ AA ကို ချေမှုန်းနိုင်ဖို့ အတွက် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲ ဧရိယာ လောက်တင်မက AA အဖွဲ့ရဲ့ ဝင်ငွေ လမ်းကြောင်းနဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရာ လမ်းကြောင်းကြီးတွေကိုပါ ဖြတ်တောက်ပစ်နိုင်ဖို့ စဉ်းစားလာပုံရပါတယ်။ ပြီးခဲ့တဲ့ အချိန်ကာလတွေ အတွင်း အာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်ထဲကို လက်နက်ခဲယမ်း တင်ပို့ဖို့ ကြိုးစားသူတွေ၊ အဲလို တင်ပို့နေသူတွေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကနေ တဆင့် နိုင်ငံတကာကို သွားနေတဲ့ မူးယစ်ဆေးဝါး လမ်းကြောင်းကြီးပါ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သန်းနဲ့ချီရှိတဲ့ အင်ဖက်တမင်း စိတ်ကြွဆေးတွေ အကြိမ်ကြိမ် ဖမ်းဆီးရမိတာ ရှိခဲ့သလို အဲဒီ မူးယစ်ဆေးဝါး သယ်ယူမှု လမ်းကြောင်းမှာ AA အဖွဲ့ပါဝင်ပတ်သက်နိုင်တယ်၊ အဲဒီကနေ ဝင်ငွေတွေ ရနေနိုင်တယ်လို့ တပ်မတော် ခေါင်းဆောင်တွေကရော၊ နိုင်ငံရေး အကဲခတ် တစ်ချို့ကပါ ကျယ်ကျယ်ပြန့်ပြန့် သံသယ ရှိနေကြပါတယ်။
အဲလို အခြေအနေမျိုးကနေ တပ်မတော်ဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ကောင်းခါး ပြည်သူ့စစ် နယ်မြေထဲ ဝင်ရောက်ပြီး မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းတဲ့ အခြေအနေ ဖြစ်ပေါ်လာတာပါ။ ဒါတင်မက ကောင်းခါး ပြည်သူ့စစ် အဖွဲ့ကိုလည်း သူတို့ပိုင် လက်နက် အလက် ၂၀၀၀ နီးပါး တပ်မတော်ဆီ အပ်နှံစေလိုက်ပါပြီ။ လက်ရှိ ကောင်းခါး ပြည်သူ့စစ် အဖွဲ့ဝင်ဘယ်လောက်ရှိတယ် မသိနိုင်ပေမယ့် အပ်လိုက်တဲ့ လက်နက်ခဲယမ်း အရည်အတွက်ကပဲ တပ်မတော် တပ်ရင်း ၅-၆ ရင်းစာလောက် ရှိတာ တွေ့နိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ အဲဒီ ပြည်သူ့စစ် အဖွဲ့ဟာ မူးယစ်ဆေးဝါး လုပ်ငန်းတင်မက လက်နက် အရောင်းအဝယ်ပါ လုပ်နေတယ်လို့ တွက်ဆနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကို ချေမှုန်းနိုင်ဖို့ “အကြမ်းဖက် အုပ်စု” အဖြစ် သတ်မှတ်ကြေငြာတာ အပြင် ကောင်းခါး ပြည်သူ့စစ်နယ်မြေထဲ ဝင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ရင်းမြစ်တွေကို ရှင်းလင်းတာ၊ အဖွဲ့ကို ဖျက်သိမ်းတာကိုပါ လုပ်ကိုင်ခဲ့ပါတယ်။ တကယ်လက်တွေ့ AA အဖွဲ့ ဝင်ငွေ ထိခိုက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက သူတို့ တပ်ဖွဲ့ဝင်တွေဆီ ပို့နေတဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရေး လမ်းကြောင်းတွေ ရပ်ဆိုင်းသွားမလား၊ ဖြတ်လေးဖြတ်ကြောင့် AA အဖွဲ့ အင်အားချိနဲ့ပြီး တပ်မတော်က ချေမှုန်းလိုက်နိုင်မလား ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ကြောင်းပါ။
==============