ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့တာကြောင့် နယ်စပ်မြို့ဖြစ်တဲ့ မြဝတီခရိုင်ထဲမှာ ရေဘေးသင့်သူ ၄၀၀ လောက်ကို ကျောက်လုံးကြီး ကယ်ဆယ်ရေးစခန်းမှာ ထားခဲ့ရကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာ မိုးရွာသွန်းမှုတွေနဲ့ တောင်ကျရေတွေ ကျလာတာ များတာကြောင့် နယ်စပ်မြစ်ဖြစ်တဲ့ မိုးရေးမြစ်လို့ ခေါ်တဲ့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေက လူထုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့ အနိမ့်ပိုင်းတွေမှာ ဝင်တာတွေ ရှိတာပေါ့။ စိုးရိမ်ရေအမှတ်အထက် ၆ လက်မလောက် တက်သွားတာပေါ့။ အနိမ့်ပိုင်း ရပ်ကွက်တွေ ၂ တို့၄ တို့၅ တို့ က ရွှေ့ရတာပေါ့။ ကျနော်တို့ ကျောက်လုံးကြီးပြန်လည်လက်ခံရေးစခန်းမှာ အဆောင်တွေ ရှိတာကိုး။ အဲဒီမှာ ကျနော်တို့ စီစဉ်ပေးထားပါတယ်။ အိမ်ထောင်စု ၉၀၊ လူဦးရေ ၃၈၉ ယောက်လောက် ရှိပါတယ်။”
သြဂုတ်လ ၃ ရက်နေ့ မနက်မှာ အနည်းငယ်ကျသွားပေမယ့် သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသေးကြောင်း ဆက်ပြောပြပါတယ်။
“မနေ့ကညကမှ ရေက မြန်မြန်စဝင်တာပေါ့။ အခု ဒီမနက်တော့ နည်းနည်းတော့ ပြန်ကျတာပေါ့။ ၅၅၆ စင်တီမီတာလောက် တက်သွားတာပေါ့။ စိုးရိမ်ရေမှတ်အထက်တော့ ရှိနေပါသေးတယ်။ စိုးရိမ်ရေမှတ်က ၄၆၃၊ ဒီထက် ကျော်နေသေးတယ် ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ အထက်ပိုင်း ဝါးလေဘက်မှာ ရေပြန်ကျတာ ရှိတယ်။ မိုးဇလ ခန့်မှန်းချက်ကတော့ နောက် ၂ ရက်အတွင်း ၄ ပေလောက်အထိ တက်နိုင်တယ်လို့ မှန်းထားတယ်။”
သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ အနည်းငယ် ကျသွားပေမယ့် သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေသေးကြောင်း ဆက်ပြောပြပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာတော့ သြဂုတ်လ ၃ ရက်နေ့မှာ ရေတွေကြီးတာကြောင့် မြို့မဈေးကြီးကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ်ထဲမှာတော့ ကော့ကရိပ်၊ လှိုင်းဘဲ့ွ၊ မြဝတီစတဲ့နေရာတွေ အားလုံးမှာ ရေကြီးရေလျှံမှုတွေကို ကြုံနေရပါတယ်။ သြဂုတ်လ ၂ ရက်နေ့ညကတော့ ထိုင်း-မြန်မာ နယ်ခြားမြစ်ဖြစ်တဲ့ မိုးရေးမြစ်ခေါ် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို တက်လာပြီးတဲ့နောက် မြစ်အတွင်း သွားလာနေတဲ့ ထိုင်းစက်လှေတစီး နစ်မြုပ်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတဦး သေဆုံးခဲ့ပြီး ၂ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5