ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၄၀၀ နီးပါးဟာ ဇူလိုင်လ ၁ရက်နေ့ကစတင်ပြီး နေရပ်ကို ပြန်နေကြပါပြီ။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်မယ့်သူ ၄၀၀နီးပါးရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော်မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်း တွေနဲ့ ကရင်နီစခန်း၂ခုက ဒုက္ခသည် ၄၀၀ နီးပါးဟာ ဇူလိုင်လ ၁ရက်နေ့ကစပြီး စခန်းအလိုက် နေရပ်ပြန်ကြရမှာ ဇူလိုင်၁ရက်နေ့ကတော့ ကရင်ဒုက္ခသည်စခန်းက ၁၇၀ ကျော်နေရပ်ပြန်ခဲ့တယ်လို့ ကရင် ဒုက္ခသည်ကော်မတီရဲ့ဥက္ကဌ ဦးရောဘတ်ထွေး က ပြောပါတယ်။
“Day 1 ကတော့ ဒီနေ့ဆိုရင် ၁၇၄ယောက်နော်။ Day 2 ကတော့ ၃၂ယောက် မနက်ဖြန်ပေါ့။ Day 3 ကတော့ ၁၅၁ ယောက် ၊မယ်လာဥ ၊ မယ်လ ၊အုန်းဖြန်၊ နို့ဖိုး၊ ထန်ဟင်ဘက်မှာလည်း ၂ယောက်ပါတယ်။ ကယားဘက်ကပြန်ပို့တာ ၃၂ယောက်၊ ကမ်ချနဘူရီ ၂ယောက် ကျန်တာကတော့ မြဝတီဘက်ကပဲ ပြန်ပို့တာပဲရှိပါတယ်”
ကရင် ဒုက္ခသည်အများစုကတော့ နေထိုင်ရေး နဲ့ ဘဝလုံခြုံမူ ရှိရေးအတွက် တောင်းဆို ထားပြီး လူ့ဂုဏ်သိက္ခာနဲ့ အညီနေရပ်ပြန်နိုင်ရေး ကိုမျော်လင့်ထားကြတာပါ။ ဒါပေမယ့် UNHCR ထိုင်းအစိုးရ မြန်မာအစိုးရ တို့ပေါင်းပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးု အကျိုးဆောင်ဌာန တွေဖွင့်လှစ်ပေးထား တာကြောင့် အခုပြန်တဲ့သူတွေဟာ အဲဒီ အစီစဉ်တိုင်း ပြန်တဲ့သူတွေဖြစ်တယ်လို့ ဦးရောဘတ်ထွေး ကဆိုပါတယ်။ အုန်းဖြန်စခန်းကဒုက္ခသည် တဦးပြောတာကတော့ နေရပ်ပြန်သူတွေ ကို တကြိမ်တည်းအပြီး လူကြီးတဦးကို ၉၀၀၀ ကျော်နဲ့ ကလေးတဦးကို ၇၀၀၀ ကျော် ထောက်ပံပေးလိုက်တယ်လို့လည်းဆိုပါတယ်။
“လူကြီးတယောက်ကို ၉ထောင်ကျော်ရမယ် ။ ကလေးတယောက်ကို ၇၅၀၀ရမယ် အဲဒါကတော့ အပြီးပဲ။ နောက်တခါမထောက်ပံ့တော့ဘူး နောက်ပြီး အိပ်ကလေးတွေအပါအဝင် ပစ္စည်း ၂၂မျိုး၊ အသုံး အဆောင်ပစ္စည်း ၂၂မျိုး ထောက်ပံ့ပါတယ်”
တိုင်းရင်းသားဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေး ထားတာဖြစ်ပါတယ်။ ဒီဒုက္ခစခန်း၉ခုထဲမှာ ကရင်နီဒုက္ခသည်စခန်း ၂ခုပါဝင်တာပါ။ ကရင်နီဒုက္ခသည်စခန်း ၂ခုမှာတော့ ဒုက္ခသည်ပေါင်း ၁၃၀၀၀ ကျော်ခိုလှုံ နေထိုင်နေတာဖြစ်ပြီး ကျန်တဲ့ ကရင်ဒုက္ခသည်စခန်း ၇ခုမှာခိုလံှုနေတဲ့ ဒုက္ခသည်တွေ အားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်း-မြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည်တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5